အခြေခံပညာကျောင်းများ၏ ကျောင်းစစ်စာမေးပွဲ စစ်ဆေးခြင်းများကို ရှစ်တန်းစာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြား ကာလတွင် စစ်ဆေးရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုချက်ကို ပညာရေးဝန်ကြီးဌာနက် လက်ခံခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၃ ရက်က ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးသည် အမျိုးသားလွှတ်တော် အစည်းအဝေးပြီးစီးချိန်တွင် (J) ဆောင် ထမင်းစားခန်းမ ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံခဲ့ပြီး အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကာလအား မတ် ၃၁ ရက်အထိ ဖွင့်လှစ်ဆောင်ရွက်ခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြခဲ့ကြောင်း အမျိုးသားလွှတ်တော်ရုံးက သတင်းထုတ်ပြန်သည်။
ယခင်က အမျိုးသားလွှတ်တော်ကော်မတီနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တစ်နိုင်ငံလုံးမှ ပြည်သူများ၏အသံများပါဝင်စေရန် အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ပြန်လည်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်က ပြောကြားသည်။
“ တကယ်တမ်းက တို့တွေ ၁၅ ယောက် တည်းဆွေးနွေးတာထက် တိုင်းနဲ့ ပြည်နယ်များ က ကိုယ်စားလှယ်များ အားလုံးနဲ့စုံရင် သူတို့ရဲ့ အမြင်ပါရရှိတာ ပိုသင့်တော်တယ်ဆိုတော့ အဲဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးတော့ စီစဉ်လိုက်တဲ့အခါမှာ ပညာရေးဝန်ကြီးဌာနနဲ့ ဒီနေ့ ချက်ချင်းဖြစ်သွားတယ်” ဟု ဦးကျော်နိုင် က ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် အခြေခံပညာ ကျောင်းစစ်စာမေးပွဲများ ကာလပြောင်းလဲနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ပညာရေးဝန်ကြီးဌာနအား တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောကြားသည်။
ရှစ်တန်းစာမေးပွဲများသည် မတ် ၃ ရက် တွင် ပြီးဆုံးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲများသည် မတ် ၁၁ရက်တွင် စတင် စစ်မည်ဖြစ်ရာ အဆိုပါကြားကာလတွင် အခြေခံပညာကျောင်းစစ် စာမေးပွဲများကို စစ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်အရ ဝန်ကြီးဌာနက လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အရင်တုန်းကဆိုရင် ကျောင်းစစ်တွေ ကို ၈တန်း၊ ၁ဝတန်းတွေပြီးမှပဲ စစ်မယ်ဆိုပြီးတော့ လုပ်ထားတဲ့အခါကျတော့ ပြည်သူလူထုကလည်း အကြံပြုချက်တွေရှိတယ်။ အဲဒါကြောင့် ဒီနေ့ အမျိုးသားလွှတ်တော်မှာ ဝန်ကြီးဌာနနဲ့ ကိုယ်စားလှယ်တွေ တွေ့တဲ့အခါကျတော့ အခုအကြံပြုချက်အရ ၈တန်းနဲ့ ၁၀ တန်းကြားထဲကို စစ်မယ်ဆိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်အရ ဝန်ကြီးဌာနက လက်ခံသွားတယ်”ဟု ဦးမောင် မောင်ဆွေက ပြောကြားသည်။
မူလက အခြေခံပညာအတန်းများ၏ စာမေးပွဲကာလကို တက္ကသိုလ်စာမေးပွဲ ကာလ အပြီး မတ်လကုန်၌ ပြုလုပ်ရန် ပြောင်းရွှေ့ခဲ့သဖြင့် ပညာရေးဝန်ကြီးဌာနအား အခြေခံ ပညာ ဆရာ/ဆရာများက ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိသည်။
အခြေခံပညာကျောင်းများ၏ စာမေးပွဲ စစ်ဆေးမည့်ကာလကို အခြေခံပညာရေးဦးစီး ဌာနက ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကျောင်းဖွင့်ရက်တိုးပါက မိဘများအလုပ်လုပ်ကိုင်ရလွယ်ကူပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်လာနိုင်ခြင်းကြောင့် ကျောင်းဖွင့်ရက် များ တိုးမြှင့်ရခြင်းဖြစ်သည်ဟု ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၂ရက်က နေပြည်တော်နယ်မြေ ပျဉ်းမနားမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တွင် ပြုလုပ်သည့် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီး ကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် မီဒီယာများအားပြောကြားခဲ့သည်။
ယင်းသို့ ပြောကြားမှုအပြီးတွင် ကျောင်း ဆရာများက တစ်နိုင်ငံလုံးနီးပါး ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။
ယင်းနောက်တွင် ကန့်ကွက်လှုပ်ရှားမှု များမှာ အရှိန်မြင့်လာခဲ့ပြီး ကျောင်းသားမိဘ များကိုယ်တိုင် လက်မှတ်ရေးထိုးကန့်ကွက် ခြင်းများကို ပြုလုပ်လာခဲ့ကြသည်။
သို့သော် ပညာရေးဝန်ကြီးဌာနဘက်က အလျှော့ပေးခြင်းမရှိခဲ့ဘဲ ဖေဖော်ဝါရီ ၁ ရက် တွင် ပြုလုပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ အဖွဲ့ဝင် ဆရာဆရာမများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်မှ ဆရာ ဆရာမများ၊တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ် ဆရာ ဆရာ မများ ဆွေးနွေးမှုတွင်လည်း ဆက်လက်လုပ်ကိုင်မည်ဟု ဝန်ကြီးဌာနဘက်က ပြောကြားခဲ့ ခြင်းကြောင့် ကော်မတီဝင်များက ဆက်လက် ဆွေးနွေးခြင်း မပြုခဲ့ပေ။















