စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား ဒေါ်လာသန်း ၂၀၀ ကျော် အကြွေးမဆပ်မှုဖြင့် ကမ္ဘောဇဘဏ်က တရားစွဲဆိုမှုသည် အကြွေးဆပ်ရန် ပျက်ကွက်ပါက လုပ်ဆောင်သော ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ပြီး ဘဏ်လုပ်ငန်းတည်ငြိမ်မှုကို ထိခိုက်ရန်အကြောင်းမရှိကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းတာဝန်ရှိသူ ပြောကြား

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား ဒေါ်လာသန်း ၂၀၀ ကျော် အကြွေးမဆပ်မှုဖြင့် ကမ္ဘောဇဘဏ်က တရားစွဲဆိုမှုသည် အကြွေးဆပ်ရန် ပျက်ကွက်ပါက လုပ်ဆောင်သော ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ပြီး ဘဏ်လုပ်ငန်းတည်ငြိမ်မှုကို ထိခိုက်ရန်အကြောင်းမရှိကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းတာဝန်ရှိသူ ပြောကြား
Published 22 January 2020
စည်သူအောင်

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအား ဒေါ်လာသန်း ၂၀၀ ကျော် အကြွေးမဆပ်မှုဖြင့် ကမ္ဘောဇဘဏ်က တရားစွဲဆိုမှုသည် အကြွေးဆပ်ရန်ပျက်ကွက်ပါက လုပ်ဆောင်သော ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်ကြောင်း     ကမ္ဘောဇဘဏ်၏ အကြီးတန်းတာဝန်ရှိသူက ပြောကြားသည်။

“ ဒီကိစ္စက အကြွေးမဆပ်ရင် ဖြစ်နေကျ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စပါ။ အရင်ကတော့ တရားစွဲတာထက် နှစ်ဦးနှစ်ဖက်ညှိနှိုင်းတာ များတယ်။ အခုက ဗဟိုဘဏ်ချမှတ်ထားတဲ့ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်းအတိုင်း လုပ်ရတယ်။ အဲဒီစည်းမျဉ်းအရ သတ်မှတ်တဲ့အချိန်ကာလအတိုင်းအတာ ကျော်သွားတော့ တရားစွဲတဲ့အဆင့် ရောက်သွားတာပေါ့။ သူ့လုပ်ငန်းကလည်း အကြီးကြီးဆိုတော့ ချေးငွေက များတာပေါ့။ လောလောဆယ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးအဆင့်ဖြစ်သွားတာကြောင့် သတင်းအချက်အလက် အသေးစိတ် မပေးနိုင်ပေမဲ့ ဒါကို ပြန်ဖြေရှင်းနိုင်မှာပါ။ နှစ်ဦးနှစ်ဖက် ပြန်ပြေလည်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘဏ်လုပ်ငန်းတည်ငြိမ်မှုကို ထိခိုက်ရန်အကြောင်းမရှိဘဲ နှစ်ဦးနှစ်ဖက်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း ကမ္ဘောဇဘဏ်အကြီးတန်း တာဝန်ရှိသူက  ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ရရှိနိုင်ရေးအတွက် ကမ္ဘောဇဘဏ်သို့ The Daily Eleven သတင်းစာက တရားဝင်မေးမြန်းရာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေအရ ကမ္ဘောဇဘဏ်အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦး၏ အချက်အလက်ဖြစ်စေ၊ အဖွဲ့အစည်းနှင့် သက်ဆိုင်သော အချက်အလက်ဖြစ်စေ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း၊ စီးပွားရေးလုပ်ငန်းတစ်ခု၏ ပုံမှန်လုပ်ထုံးလုပ်နည်းအရ တာဝန်ဝတ္တရားပျက်ကွက်သည့် ချေးငွေ ရယူထားသူများအား အရေးယူနိုင်ရန်ဘဏ်မှ အခါအားလျော်စွာပြုလုပ်သည့် ပုံမှန်လုပ်ငန်းစဉ် တစ်ခုသာဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အခြားတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်လာသန်း ၂၀၀ ကျော် အကြွေးမဆပ်မှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်းကို ကမ္ဘောဇဘဏ်က တရားစွဲဆိုသည့် သတင်းကို Forntier Myanmar က ဇန်နဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဇဘဏ်သည် စီးပွားရေးလုပ်ငန်းရှင် ဦးကိုကိုထူးနှင့် မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ကုမ္ပဏီ (MAS) ကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးချုပ်တွင် တရားစွဲခြင်းဖြစ်ကာ ဦးကိုကိုထူးနှင့် ယင်းကုမ္ပဏီသည် အကြွေးများ ပြန်ဆပ်ရန် ပျက်ကွက်နေပြီး အတိုးငွေ ကျပ် ၃၂၆ ဘီလျံအပါအဝင် ဆပ်ရမည့်အကြွေးမှာ စုပုံနေသည်ဟု စွပ်စွဲခဲ့ကြောင်း Forntier Myanmar ၏ ဖော်ပြချက်အရ သိရသည်။

ဦးကိုကိုထူးသည် MAS ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်ပြီး ၎င်း၏မိသားစုက ကုမ္ပဏီကို ရာနှုန်းပြည့်ပိုင်ဆိုင်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဖော်ပြထားသည်။ MAS သည် နိုင်ငံ၏အလုပ်အများဆုံး ဆိပ်ကမ်းတစ်ခုဖြစ်သည့် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ မြန်မာ့စက်မှုဆိပ်ကမ်းကို ပိုင်ဆိုင်ပြီး လည်ပတ်နေသည်ဟု Forntier Myanmar က ဖော်ပြထားသည်။

ကမ္ဘောဇဘဏ်သည် ဦးကိုကိုထူးနှင့် MAS ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် စတင်တရားစွဲခဲ့ပြီး ယခုလတွင် ဘဏ်သည် ယင်း၏စွဲဆိုချက်များအတွက် တရားလိုပြသက်သေများကို တရားရုံးသို့ စတင်တင်သွင်းခဲ့ကာ မြန်မာတရားရုံးတစ်ခုတွင် ယခုကဲ့သို့အကြွေးတောင်းမှုမှာ ပမာဏအကြီးဆုံးဖြစ်ကြောင်း၊ ဦးကိုကိုထူးသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အတိုးရော အရင်းပါ ကျပ် ၆၃ ဘီလျံကျော်ပေးရမည်ဟု ကမ္ဘောဇဘဏ်၏ရှေ့နေများက ဇန်နဝါရီ ၁၃ ရက် ကြားနာမှုတွင် ပြောကြားခဲ့ပြီး နောက်နေ့သီးခြား ကြားနာမှုတစ်ခုတွင် MAS သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် အကြွေးစုစုပေါင်း ကျပ် ၂၆၂ ဒသမ ၈ ဘီလျံ တင်ရှိခဲ့ပြီဖြစ်သည်ဟု ရှေ့နေများက စွပ်စွဲခဲ့ကြောင်း၊ ချေးငွေများ ပြန်မဆပ်မှုက ဘဏ်နှင့် ပြည်သူများအတွက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်သဖြင့် ဘဏ်က တရားစွဲရခြင်းဖြစ်သည်ဟု ကမ္ဘောဇဘဏ်၏ ရှေ့နေများက ကြားနာမှုများတွင် ပြောကြားခဲ့ကြောင်း Forntier Myanmar ၏ ဖော်ပြချက်များအရ သိရသည်။

 

 

Most Read

Most Recent