ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပြည်ထောင်စုအစိုးရအဖွဲဲ့ တာဝန်ယူမှုနဲ့ မှန်ကန်မျှတတဲ့စီမံကိန်း ဖြစ်လာစေနိုင်မလား

ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပြည်ထောင်စုအစိုးရအဖွဲဲ့ တာဝန်ယူမှုနဲ့ မှန်ကန်မျှတတဲ့စီမံကိန်း ဖြစ်လာစေနိုင်မလား
ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာချပြပေးရန်နှင့် မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာချပြပေးရန်နှင့် မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 19 January 2020
ဖြိုးဝေ

CCCC ဒါမှမဟုတ် ပြည်ပကုမ္ပဏီတစ်ခုက ထိန်းချုပ်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ တိုင်းပြည်အတွက် လိုအပ်ရဲ့လား ဆောင်းပါး နောက်ကြောင်းပြန်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုအရ ဒုတိယအကြိမ်ကျင်းပတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ NYDC Town Hall 2 ကို NYDC က CEO ဦးသိမ်းဝေ (ခ) Serge Pun၊ စိမ်းလန်းအမိမြေဥက္ကဋ္ဌ ဦးဝင်းမျိုးသူနဲ့ Sandhi Governance Institute က ဦးခိုင်ဝင်းတို့ အပါအဝင် Penalists လေးဦးထဲက တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးပေးဖို့ စီမံကိန်းကို ဦးဆောင်လုပ်ကိုင်နေတဲ့ New Yangon Development ကုမ္ပဏီရဲ့ ဖိတ်ကြားမှုအရ ၂၀၁၉ ခုနှစ် မတ် ၆ ရက်မှာ သွားရောက်ဆွေးနွေး ဖြစ်ခဲ့ပါတယ်။

ဆွေးနွေးပွဲက အပြန်မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေတဲ့ ဖြစ်စဉ်တွေ အတွက်ကိုလည်း “အချုပ်အခြာအာဏာထိပါးပြီး တရုတ် CCCC ဒါမှမဟုတ် ပြည်ပကုမ္ပဏီ တစ်ခုက ထိန်းချုပ်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ တိုင်းပြည်အတွက် လိုအပ်ရဲ့လား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

NYDC Town Hall 2 အပြီးမှာ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေထဲက သိလိုတဲ့ မေးခွန်းတွေကို အကြမ်းဖျင်း ပြန်ပြောရရင် ပထမအချက်အဖြစ် “တရုတ်နိုင်ငံက နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ ဒီရန်ကုန်မြို့သစ် စီမံကိန်းဟာ အစိုးရ အကူးအပြောင်းမှာတော့ ခေတ္တရပ်ဆိုင်းခဲ့သလို လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက်မှာတော့ အရင်အစိုးရလက်ထက် နောက်ဆုံးရွေးချယ်ခံ ကုမ္ပဏီ သုံးခုဖြစ်တဲ့ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီ၊ Business Capital City Development ကုမ္ပဏီနဲ့ ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ သုံးခုကို ပယ်ဖျက်ပြီး စီမံကိန်းအတွက် New Yangon Development ကုမ္ပဏီ ထူထောင်လိုက်တဲ့အပြင် တရုတ်အစိုးရရဲ့ CCCC (China Communication Construction Company) နဲ့ Framework Agreement လက်မှတ် ရေးထိုးလိုက်ပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဒီစီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို တင်ဒါမခေါ်ဘဲ ပြိုင်ဘက်မရှိ ရွေးပေးခဲ့တာကြောင့် ပွင့်လင်းမြင်သာမှု မရှိတဲ့ အစိုးရလို့ ဝေဖန်ခဲ့တဲ့သူတွေက ကိုယ့်အလှည့်ကျတော့ ဘာကြောင့်များ CCCC ကို တင်ဒါမခေါ်ဘဲ ရွေးချယ်ခဲ့သလဲဆိုပြီး မေးခွန်းထုတ် ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် CCCC ဟာ NYDC CEO ဦးသိမ်းဝေနဲ့ ရင်းနှီးတယ်လို့ ကြားသိရပြီး ဒီကုမ္ပဏီတစ်ခုတည်းကို တင်ဒါမခေါ်ဘဲ ပေးလိုက်တဲ့ အခြေအနေတွေအပေါ် မေးမြန်းရာမှာ ဦးသိမ်းဝေက CCCC ကုမ္ပဏီနဲ့ သူသိရှိမှု မရှိကြောင်းနဲ့ ဒီကုမ္ပဏီဟာ အရင်အစိုးရ လက်ထက်ကတည်းက ဒီစီမံကိန်းရဲ့ နောက်ကွယ်က ပါဝင်နေတဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ ဦးသိမ်းဝေက ဖြေဆိုခဲ့ပါတယ်။

ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို တင်ဒါမခေါ်ဘဲ ပြိုင်ဘက်မရှိ လုပ်ခွင့်ပေးခဲ့ချိန်မှာ တရုတ်ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက နောက်ကွယ်က ပါဝင်နေတယ်လို့ ရန်ကုန်မြို့သစ်စီမံကိန်း စတင်စမှာ သတင်းထွက်ခဲ့တာကြောင့် အချုပ်အခြာ အာဏာအတွက် မေးခွန်းထုတ်ခဲ့ရချိန်မှာ တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီက နောက်ကွယ်က ပါဝင်ခဲ့ကြောင်း ဦးသိမ်းဝေရဲ့ စကားအရ သိခဲ့ရသလို ဒီလိုပါဝင်နေခြင်းဟာ ရန်ကုန်မြို့သစ်ကို ထိန်းချုပ်လုပ်ကိုင်ခွင့်ရဖို့ဆို ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ CCCC ရဲ့ ခံယူမှုကိုလည်း မြင်သာစေသလိုဖြစ်ခဲ့ပြီး ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဘာကြောင့် ဒီလို မရိုးမသား နောက်ကွယ်က ပါဝင်ခဲ့တဲ့ CCCC ကုမ္ပဏီကို လက်ရှိအစိုးရက ရွေးခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ နောက်ကွယ်မှာ အရင်က CCCC ကုမ္ပဏီနောက်ကွယ်က ရပ်ခဲ့တာလို့ ဦးသိမ်းဝေ သိမယ်ဆိုရင် စီမံကိန်းကို အဓိက လုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မသိစရာအကြောင်း မရှိတာကြောင့်မို့လို့ ဒီ CCCC ကုမ္ပဏီကို ဘာ့ကြောင့် ရန်ကုန်မြို့သစ် ပေးရတာလဲဆိုတဲ့ ဖြေရှင်းချက်နဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်မှု ရှိမရှိဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်သူတွေကို မဖြစ်မနေ ဖြေဆိုပေးဖို့ လိုအပ်လာတဲ့ အခြေအနေကို ဖော်ညွှန်းခဲ့တယ်လို့လည်း မေးခွန်းထုတ်ခဲ့ပေမယ့် တစ်နှစ်ပြည့်လုအထိတော့ ရှင်းလင်းတဲ့အဖြေကို အများပြည်သူ သိရှိခွင့် မရသေးပါဘူး။

ဒုတိယအချက်က ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်မယ့် စီမံကိန်းတွေဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေတာကြောင့် ဒီစီမံကိန်းကို လုပ်ဆောင်မယ်ဆိုရင် လွှတ်တော်မှာ ဆွေးနွေးဖို့ ထောက်ပြခဲ့တာပါ။

“လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တင်မကဘဲ ပြည်ထောင်စုလွှတ်တော် အဆင့်အထိ တင်ပြဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လိုအပ်လဲဆိုရင် စီမံကိန်းရဲ့ အကြမ်းဖျင်းမြှုပ်နှံမှုက ဒေါ်လာငါးဘီလျံအထိ ရှိမယ်လို့ တွက်ဆထားပြီး First Phase မှာတင် မြှုပ်နှံမယ့်ပမာဏဟာ ဒေါ်လာသန်း ၁၆၈၀ အထိ ဖြစ်နေလို့ပါ။ လက်ရှိတည်ဆဲဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေဟာ ဒေါ်လာငါးသန်းအထိပဲ ခွင့်ပြုနိုင်တာဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဒေါ်လာငါးဘီလျံအထိ ကုန်ကျမှာမို့လို့ တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်က ကျော်နေတာကို မြင်ရမှာပါ။ ဒီလိုမျိုး လုပ်ပိုင်ခွင့်ဘောင် ကျော်နေတာကို ဘာကြောင့် လွှတ်တော်မတင်ခဲ့တာလဲ။ ဘာကြောင့် CCCC ကို ရွေးခဲ့တာလဲ။ ဘာကြောင့် NYDC Challenge ခေါ်ဆိုဖို့အထိ ဖြစ်လာသလဲ ဆိုတာတွေကို ပြည်ထောင်စုလွှတ်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အကျေအလည်ဆွေးနွေး မေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်” လို့ ထောက်ပြခဲ့တာပါ။

တတိယအချက်အဖြစ် မေးခွန်းထုတ်ခဲ့တာက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ထိပါးနိုင်မှု ရှိမရှိပါ။

တိုင်းပြည်ရဲ့ အချက်အခြာကျတဲ့နေရာ၊ ဧကသိန်းပေါင်းများစွာကို နာမည်ပျက်ရှိခဲ့တဲ့ CCCC ကုမ္ပဏီလက်ထဲ ထိုးထည့်ပေးနေတာ နှုတ်ဆိတ်နေလို့ မရသလို ရပ်ကြည့်နေလို့လည်း မရပါဘူး။ ဒီနေရာမှာ ဘာလို့ အချုပ်အခြာအာဏာ ထိပါးတယ်လို့ ပြောနေရတာလဲဆိုရင် NYDC CEO ဦးသိမ်းဝေရဲ့ ပြောကြားမှုကြောင့် ပြောရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီဟာ ရေရောင်းမယ်၊ ရေဆိုးသန့်စင်မှု၊ စက်မှုဇုန်မြေတွေ ရောင်းချချိန်နဲ့ နေအိမ်ဆောက်လုပ်ချိန်မှာ ပိုက်ဆံရမယ်လို့ ဦးသိမ်းဝေက ဖြေဆိုခဲ့ပြီး ဒီလို ရန်ကုန်မြို့သစ် ငွေကြေးကောက်ခံမှုတွေအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ထိန်းကျောင်းမှု အောက်ကနေ သွားမှာလား၊ ရန်ကုန်မြို့သစ်စည်ပင်ကနေ သွားမှာလား ဆိုတာကို မေးခွန်းထုတ်ချိန်မှာ ဦးသိမ်းဝေက CCCC ဒါမှမဟုတ် NYDC Challenge မှာ အနိုင်ရတဲ့ ကုမ္ပဏီနဲ့ NYDC တို့က ထူထောင်မဲ့ Joint Venture ကုမ္ပဏီကနေသွား မှာလို့ ဦးသိမ်းဝေက ဖြေဆိုခဲ့ပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာ CCCC ကုမ္ပဏီက သီရိလင်္ကာနိုင်ငံမှာ လုပ်နေတဲ့ ဆိပ်ကမ်းမြို့တော် စီမံကိန်းလိုမျိုး ချွတ်စွပ်ဖြစ်နေပြီလား ဆိုတာပါ။ အဲဒီသီရိလင်္ကာရဲ့ မြို့သစ်စီမံကိန်းကို လုပ်ဆောင်နေတာကလည်း CCCC ကုမ္ပဏီပဲဖြစ်နေပါတယ်။ ကို လံဘိုဆိပ်ကမ်းမြို့တော်စီမံကိန်း (Colombo Port City) အတွက် CCCC ကုမ္ပဏီရဲ့ လက်အောက်ခံ (China Harbor Engineering Company – CHEC) က စီမံကိန်း ကုမ္ပဏီ (Project Company – PC) ကို ထူထောင်ပြီး အကောင်အထည်ဖော်တာပါ။ CHEC ကုမ္ပဏီဟာ ဆိပ်ကမ်းမြို့တော် တည်ဆောက်ဖို့ အိန္ဒိယ သမုဒ္ဒရာထဲက ကုန်းမြေကိုသယ်ယူပြီး သီရိလင်္ကာ ပင်လယ်ကမ်းစပ်ကို မြေဖို့တဲ့ မြေသစ်ဖော်ထုတ်မှုရဲ့ ကုန်ကျစရိတ်တွေကို ကျခံမှာဖြစ်ပြီး ဒီလိုကျခံမှုအတွက် အသစ်ဖော်ထုတ်လိုက်တဲ့ မြေဧရိယာ စုစုပေါင်း ၂၃၃ ဟက်တာကနေ စျေးကွက်တင် ရောင်းချနိုင်တဲ့ မြေဧရိယာ ၁၀၈ ဟက်တာကို စီမံကိန်းကုမ္ပဏီ (PC) က ရယူမှာပါ။ ကျန်တဲ့ အချက်အချာမကျတဲ့ မြေနေရာ အများစုကိုပဲ သီရိလင်္ကာက ရမှာပါ။ ဒီဆိပ်ကမ်းမြို့တော်စီမံကိန်း မြေသစ်မှာ ၂၀ ဟက်တာကို စီမံကိန်းကုမ္ပဏီ (PC) က ဘိုးဘွားပိုင်မြေ (Freehold Land) အဖြစ် အပြီးအပိုင်ရရှိမှာဖြစ်ပြီး ကျန် ၈၈ ဟက်တာကို PC ကပဲ စုစုပေါင်း ၁၃၄ နှစ် ငှားရမ်းစာချုပ်နဲ့ ပိုင်ဆိုင်ခွင့် ရရှိသွားမှာ ဖြစ်တာမို့လို့ ဒီဆိပ်ကမ်းမြို့သစ်ပိုင်မြေ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်း လောက်ကို CHEC လက်အောက်ခံ စီမံကိန်းကုမ္ပဏီက အပြီးအပိုင်ရရှိမယ့် သဘောပါ။ ကိုလံဘို ဆိပ်ကမ်းမြို့တော်ဟာ ရန်ကုန်မြို့သစ် စီမံကိန်းလို တရုတ်ရဲ့ BRI ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုမှာ ပါဝင်တဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့တဲ့ ဒီမြို့သစ်အတွက် လက်ရှိမှာ မြေနေရာ တည်ဆောက်ပုံတွေ၊ အခြေခံ အဆောက်အအုံဆိုင်ရာ အုတ်မြစ်ချမှုတွေ လုပ်ထားနိုင်ပြီး စီမံကိန်းတစ်ခုလုံး ပြီးစီးဖို့ ကြာချိန်က ၂၅ နှစ်ပါ။ ခန့်မှန်းကုန်ကျငွေက ဒေါ်လာ ၁၅ ဘီလျံဖြစ်ပြီး သီရိလင်္ကာရဲ့ Hanbantota ဆိပ်ကမ်းကို တရုတ်လက် ထိုးအပ်လိုက်ရသလိုမျိုး သီရိလင်္ကာနိုင်ငံသားတွေက ပူပန်နေရတဲ့အပြင် CCCC နဲ့ CHEC ဟာ တရုတ် အစိုးရနဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေဖြစ်လို့ သီရိလင်္ကာနိုင်ငံသားတွေဟာ သူတို့ရဲ့ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးရမှာကို စိုးရိမ်ပူပန်နေရတဲ့ အခြေအနေပါ။

သီရိလင်္ကာလိုမျိုး ဥပမာရှိနေချိန်မှာ မြန်မာနိုင်ငံဟာ သူတို့နိုင်ငံရဲ့ အမှားကို အတုယူ မပြုပြင်နိုင်တဲ့အပြင် CCC ရဖို့များနေတဲ့ ရန်ကုန်မြို့သစ်ကို JV ကုမ္ပဏီနဲ့ အုပ်ချုပ်သွားမယ်လို့ ပြောဆိုမှုကြောင့် မြန်မာနိုင်ငံဟာ တရုတ် CCCC ဒါမှမဟုတ် တခြားနိုင်ငံက ကုမ္ပဏီတစ်ခုက ကိုယ်ပိုင်မြို့ပြဥပဒေနဲ့ အုပ်ချုပ်မယ့် မြို့သစ်တစ်ခု အရေးတကြီးလိုနေပြီလား ဆိုတာ စဉ်းစားဖို့လိုပါတယ်။

NYDC Challenge မှာ နိုင်တဲ့ကုမ္ပဏီ ဒါမှမဟုတ် တရုတ် CCCC နဲ့ NYDC က ရန်ကုန်မြို့သစ်အတွက် JV ကုမ္ပဏီထောင်ပြီး မြို့ပြဥပဒေသစ်နဲ့ အုပ်ချုပ်မယ် ဆိုရာမှာလည်း တကယ်ထိန်းချုပ်မှာက ရှယ်ယာအများစု ထည့်ရမယ့် CCCC ကုမ္ပဏီဘက်ကပါ။ ဦးသိမ်းဝေ အပြောအရဆိုရင် ရန်ကုန်မြို့သစ်စီမံကိန်းမှာ CCCC ဒါမှမဟုတ် NYDC Challenge မှာ CCCC ကိုပြိုင်ပြီး နိုင်တဲ့ကုမ္ပဏီနဲ့ Joint Venture လုပ်မယ်။ ကုမ္ပဏီဘက်က ဒေါ်လာသန်း ၁၆၈၀ စိုက်ထုတ်မယ်။ အဲဒီစိုက်ထုတ်တဲ့ ဒေါ်လာသန်း ၁၆၈၀ ကို IRR ၁၃ ရာခိုင်နှုန်းနဲ့တွက်ပြီး အရင်းကျေကာလ ၁၅ နှစ် သတ်မှတ်ထားတယ်။ ဒီ ၃၀ သတ်မှတ်ထားတယ်။ အနှစ် ၃၀ အတွင်းမှာ CCCC က သန်း ၁၆၈၀ နဲ့ IRR ၁၃ ရာခိုင်နှုန်းတွက်ယူနေပြီး အရင်းနဲ့ IRR ပြန်မရသေးတဲ့ အခြေအနေမျိုးမှာ CCCC က ဝင်ငွေရဲ့ ၉၅ ရာခိုင်နှုန်းအထိယူပြီး မြန်မာနိုင်ငံက ငါးရာခိုင်နှုန်းပဲရမယ်။ အရင်းငွေဖြစ်တဲ့ ဒေါ်လာသန်း ၁၆၈၀ နဲ့ ဒီငွေအပေါ် IRR ၁၃ ရာခိုင်နှုန်းပါကျေမှ မြန်မာက ၂၅ ရာခိုင်နှုန်းနဲ့ CCCC က (နိုင်တဲ့ကုမ္ပဏီက) ၇၅ ရာခိုင်နှုန်း ယူမယ်ဆိုတာ သိရပါတယ်။

ဒေါ်လာ သန်း ၁၆၈၀ အရင်းရော သူတို့အတွက် တွက်ထားတဲ့ IRR ၁၃ ရာခိုင်နှုန်းပါ ရသွားပြီးတာတောင် ရန်ကုန်မြို့သစ်အတွက် မြေများစွာ စိုက်ထုတ်ထားတဲ့ မြန်မာနိုင်ငံက ၂၅ ရာခိုင်နှုန်းပဲ ဆက်ရနေမယ်ဆိုတာ မမျှတတာကို မြင်ရသလို ၇၅ ရာခိုင်နှုန်းအထိ ရယူသွားမယ့် တရုတ် CCCC က (နိုင်တဲ့ကုမ္ပဏီက) ရန်ကုန်မြို့သစ်ကို လုံးဝလက်မလွှတ်ချင်ဘဲ သူဖွဲ့စည်းတဲ့ ရန်ကုန်မြို့သစ် အာဏာပိုင် အဖွဲ့အစည်းမှာ အဓိကနေရာကိုပဲ ဆက်ယူထားပြီး ရန်ကုန်မြို့သစ်ရဲ့ အချုပ်အခြာအာဏာကို သူတို့ကပဲ အမြဲတမ်း ထိန်းကျောင်းပြီး အသာစီး ရယူနိုင်ဖို့အတွက် ပြင်ဆင်ထားတာကို တွေ့မြင်ရပါတယ်။

သေချာတာကတော့ မြန်မာနိုင်ငံဟာ တရုတ် CCCC ကုမ္ပဏီ၊ ပြည်ပကုမ္ပဏီတစ်ခုခုက ထိန်းချုပ်သွားမယ့် ရန်ကုန်မြို့သစ်တစ်ခု လုံးဝမလိုအပ်သေးပါဘူး။ ရန်ကုန်မြို့သစ်ရဲ့ အချုပ်အခြာအာဏာကို တရုတ် CCCC ကုမ္ပဏီ၊ ပြည်ပကုမ္ပဏီ တစ်ခုခုက ထိန်းချုပ်သွားမယ့် လက်ရှိ မြို့သစ်စီမံကိန်းဟာ လုံးဝရပ်ဆိုင်းဖို့ လိုအပ်သလို ပြည်သူအားလုံးဆန္ဒ၊ လွှတ်တော်တွင်း ဆွေးနွေးမှု၊ အားလုံးတူညီ သဘောတူပြီးမှ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးနိုင်တဲ့ အခြေအနေကျမှ ရန်ကုန်မြို့သစ် စီမံကိန်းဟာ ဆက်လုပ်သင့်တာပါလို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

စတုတ္ထအချက်အဖြစ်ကတော့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်းမြင် အမြတ်ရမယ်လို့ ဦးသိမ်းဝေတို့ တွက်ဆထားတဲ့ မြှုပ်နှံမှုအရင်းကျေကာလ၊ IRR ၁၃ ရာခိုင်နှုန်း၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း နှစ်သန်းဆိုတဲ့ တွက်ချက်မှုတွေကို ထောက်ပြမေးခွန်းထုတ်ခဲ့တာပါ။

ဦးသိမ်းဝေဟာ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အကျိုးအမြတ်တွေကို အကောင်းမြင် တွက်ဆထားတာဖြစ်ပြီး မြင်ထားတဲ့ အကောင်းရလဒ်တွေ ဖြစ်မလာရင် ဆိုးကျိုးတွေအတွက် ဘာဖြစ်လာမလဲဆိုတဲ့ နောက်ဆက်တွဲတွေကို တွက်ဆပြနိုင်ခဲ့မှု မရှိပါဘူး။ ဒေါ်လာသန်း ၁၆၈၀ နဲ့ IRR ၁၃ ရာခိုင်နှုန်း၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း နှစ်သန်းဆိုတဲ့ တွက်ချက်မှုတွေကို ဦးသိမ်းဝေ တွက်ပြရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာရင်ဆိုတဲ့ အိပ်မက်အပေါ် အခြေခံပြောခဲ့တာကို တွေ့ရပါတယ်။

စက်မှုဇုန်ထောင် မြေတွေရောင်းမယ်။ စက်မှုဇုန်မှာ အလုပ်သမားတွေ အများကြီး ခန့်နိုင်မယ်။ CCCC က လုပ်ခွင့်ရမယ့် လုပ်ငန်းခြောက်မျိုးမှာ သုံးမျိုးကရတဲ့ငွေနဲ့ ရန်ကုန်မြို့သစ်ကြီးဟာ ဝင်ငွေရ၊ အမြတ်ရမယ်ဆိုတဲ့ အခြေအနေကို တွေ့ရပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာခဲ့ရင် မြှုပ်နှံထားတဲ့ ဒေါ်လာသန်း ၁၆၈၀ နဲ့ IRR (ရင်းနှီးမြှုပ် နှံမှုတစ်ခုမှာ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ် အားလုံးအပေါ် ပြန်လည်ရရှိမယ့် ရာခိုင်နှုန်း) ၁၃ ရာခိုင်နှုန်းက ရလာစရာအကြောင်း မရှိတော့ပါဘူး။

အခြားတစ်ဖက်မှာလည်း JV ကုမ္ပဏီက ရမယ့်မြေဟာ နည်းလွန်းတာကြောင့် သူ့ရဲ့မြှုပ်နှံမှုနဲ့ တွက်မယ်ဆိုရင် တစ်ဧကကို မြန်မာကျပ်ငွေ အနည်းဆုံး သိန်း ၃၀၀၀၊ အများဆုံးမှာ သိန်း ၅၀၀၀၊ ၆၀၀၀ ရှိမှ နေနိုင်မယ့် အခြေအနေ ဖြစ်နေတာကြောင့်မို့လို့ ဘာတစ်ခုမှ ဖွံ့ဖြိုးမှု မရှိသေးတဲ့ အချိန်မှာ ဒီရန်ကုန်မြို့သစ်ဟာ မြေဝယ်ယူပြီး လာနေမယ့် မြန်မာနိုင်ငံသား အနည်းငယ်ပဲ ရှိပါလိမ့်မယ်။

စက်ရုံတွေလည်း မဝင်ဘူး။ မြေဝယ်ပြီး နေမယ့်သူလည်း မရှိဘူးဆိုရင် ရန်ကုန်မြို့သစ်ဟာ အရင်းကျေကာလ ၁၅ နှစ် သတ်မှတ်မှု မဖြစ်နိုင်တော့သလို Ghost City ကြီး ဖြစ်သွားမလား တွေးထင်စရာပါ။ Ghost City ကြီးဖြစ်သွား မသွား ဆိုတာထက် ပိုဆိုးတာက ဒေါ်လာ သန်း ၁၆၈၀ နဲ့ IRR ၁၃ ရာခိုင်နှုန်းသာ ပြန်မရဘူးဆိုရင် ဦးသိမ်းဝေ တွက်ထားတဲ့ အရင်းကျေကာလ ၁၅ နှစ်သာ ဖြစ်မလာတော့ဘူးဆိုရင် အကျိုးအမြတ်ခွဲဝေမှုမှာ မြန်မာနိုင်ငံဟာ ငါးရာခိုင်နှုန်းနဲ့ တရုတ် CCCC က ၉၅ ရာခိုင်နှုန်း ခွဲဝေမှုအတိုင်းပဲ ဆယ်စုနှစ်ပေါင်းများစွာ ရှေ့ဆက်ရမယ့် အခြေအနေကို ကြိုတင်မြင်ဖို့ လိုအပ်ပါတယ်။

တစ်ဖက်မှာလည်း ဦးသိမ်းဝေက လုပ်သားနှစ်သန်းအိပ်မက်ကို ပြောပါသေးတယ်။ တကယ်တော့ လုပ်သားနှစ်သန်း ဆိုတာက စက်ရုံတွေမှာ လာလုပ်မယ့် အလုပ်သမားတွေကိုပဲ ဦးသိမ်းဝေက တွေးထားတာပါ။ အဲဒီအတွက်လည်း တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွင်း လာလုပ်ကိုင်ရင် မီးစက်မောင်းတဲ့ဝန်ထမ်း၊ ကားဒရိုင်ဘာကိုတောင် တရုတ်နိုင်ငံသားတွေကို ခန့်ထားတယ် ဆိုတာတွေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ခြောက်နှစ်အတွင်း စုစုပေါင်း အလုပ်သမားရဲ့ ၇၅ ရာခိုင်နှုန်းကို မြန်မာလုပ်သားပဲ ခန့်ရမယ်ဆိုတဲ့အချက် ပယ်ဖျက်ထားတာနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား အလုပ်သမားတွေကို ထိန်းချုပ်နိုင်မဲ့ ဥပဒေ မရှိတာတွေကို ထောက်ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း ၂၀၂၀ ပြည့်နှစ်မှာ ပါဝင်ရတော့မယ့် အာဆီယံ စီးပွားရေး အသိုက်အဝန်းကြောင့် မြန်မာအလုပ်သမားတွေ ရန်ကုန်မြို့သစ်စီမံကိန်းမှာ အလုပ်ရနိုင်မယ့် အခြေအနေ အခွင့်အလမ်းက အရမ်းနည်းနေပြီး ဦးသိမ်းဝေ ပြောပြောနေတဲ့ အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်းဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ တွေ့ရပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်း မရနိုင်တာထက် ပိုဆိုးတဲ့ အခြေအနေတွေကလည်း ရှိနေပြီး အဲဒါကတော့ ရန်ကုန်မြို့သစ် စီမံကိန်းမှာ စက်မှုဇုန်ထောင်မယ် ဆိုပေမဲ့ စက်မှုဇုန် လုပ်သားတွေအတွက် အိမ်ရာစီမံကိန်းမျိုး မတွေ့ရတဲ့အတွက် ကျုးကျော်တွေ သိန်းပေါင်းများစွာ တိုးလာနိုင်တဲ့ အခြေအနေပါ။ စက်မှုဇုန်စပြီး တည်ထောင်ချိန်မှာ အလုပ်သမား ၅၀၀၀ လာလုပ်မယ်ဆိုရင် ဒီလိုအလုပ်သမား ၅၀၀၀ ရဲ့ မိသားစုကို တစ်အိမ်ထောင် လေးဦးနဲ့တွက်ရင် လူ ၂၀၀၀၀ ဖြစ်နိုင်ပါတယ်။ ရန်ကုန်မြို့မှာ စက်မှုဇုန်တွေ တည်တိုင်း လုပ်သားတွေအတွက် နေစရာ ဖန်တီးမထားနိုင်လို့ ကျုးကျော်တွေ တိုးလာတဲ့ အားနည်းချက်နဲ့ ဦးသိမ်းဝေရဲ့ ရန်ကုန်မြို့သစ်မှာ လုပ်သားတစ်သိန်း ဖြစ်လာရင် သူတို့ရဲ့ မိသားစုတွေကြောင့် ကျုးကျော် ငါးသိန်းလောက် ဖြစ်လာနိုင်ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကြောင့် ကျုးကျော်တွေ ပိုများလာရင် လက်ရှိမှာ ရှိနေတဲ့ ကျုးကျော်အိမ်ထောင်စု တစ်သိန်းခွဲလောက်ရဲ့ လူငါးသိန်းနဲ့ ပေါင်းမယ်ဆိုရင် ရန်ကုန်မြို့မှာ ကျူးကျော် သန်းနဲ့ချီ ဖြစ်လာပါမယ်။ ရှေ့မှာရှိနေတဲ့ ကျုးကျော်တွေ အတွက်တောင် ဘာမှလုပ်မပေးနိုင်သေးတဲ့ အခြေအနေမျိုးမှာ အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်းဆိုပြီး ကျုးကျော်တွေ ပိုတိုးလာမယ့် အခြေအနေကို တွက်မထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ စိတ်ပျက်စရာအတိ ဖြစ်လာမှာပါ” လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

အရှုံးပြနေတဲ့ NYDC မြှုပ်နှံငွေ ကျပ် ၁၀ ဘီလျံ

ဦးသိမ်းဝေနဲ့ ဆွေးနွေးပွဲအပြီး ဆောင်းပါးနဲ့ မေးခွန်းထုတ်အပြီးမှာ ဦးသိမ်းဝေတို့ရဲ့ NYDC ကတော့ NYDC Challenge ခေါ်ပြီးတာနဲ့ မြို့သစ်စီမံကိန်း စတင်နိုင်အောင် စီမံကိန်းဧရိယာ အတွင်းက မူရင်းမြေပိုင်ဆိုင် သူတွေကို လယ်ယာမြေခွဲဝေနေရာချမှုတွေ ဆက်လုပ်နေခဲ့သလို စီမံကိန်းနဲ့ ပတ်သက်တဲ့ Master Plan အပါအဝင် အစီရင်ခံစာ အချို့ကို ဆက်လုပ်နေခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်မှာတော့ ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်နေတဲ့ CCCC နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြားက လှုပ်ရှားမှုတွေကတော့ ပြည်သူတွေရဲ့ မျက်နှာစာရှေ့ ရောက်မလာခဲ့ပါဘူး။

ကုမ္ပဏီနဲ့ CCCC ရဲ့ လှုပ်ရှားမှုတွေက ပြည်သူတွေရဲ့ မျက်မှောက် ရောက်မလာခဲ့ပေမဲ့ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်း အစိုးရကနေ CCCC ကုမ္ပဏီမှာ ထည့်ဝင်ထားတဲ့ ငွေကျပ် ၁၀ ဘီလျံဟာ စီမံကိန်း အကောင်အထည်ဖော်ခြင်း မရှိသေးပေမဲ့လည်း ၁၂ ရာခိုင်နှုန်း ကျော်သုံးစွဲထားလို့ အစိုးရ ရင်းနှီးငွေတွေကတော့ တဖြည်းဖြည်း လျော့နည်းလာတယ်လို့ “ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ (အကျဉ်းချုပ်)” မှာ ဖော်ပြထားပါတယ်။

“စီမံကိန်းလုပ်ငန်းများကို စစ်ဆေးချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေမယ့် ထည့်ဝင်ထားတဲ့ငွေရဲ့ ၁၂ ဒသမ ၃၈ ရာခိုင်နှုန်း သုံးစွဲထားပြီး အစိုးရ ရင်းနှီးငွေ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်တဲ့အတွက် မူလရည်ရွယ်ထားတဲ့ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သင့်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် NYDC ကိုငွေကျပ် ၁၀ ဘီလျံထည့်ဝင်ပြီး တာဝန်ပေး ဆောင်ရွက်လျက် စတင်ဖွဲ့စည်းတဲ့ နေ့ကနေ ၂၀၁၉ စက်တင်ဘာ ၃၀ အထိ လုပ်ငန်းနဲ့ စာရင်းတွေကို ပြင်ပစာရင်းစစ် အဖွဲ့ဖြစ်တဲ့ ဦးဝင်းသင်နှင့် စာရင်းစစ်အဖွဲ့များက စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်သစ် စီမံကိန်းဟာ စစ်ဆေးတဲ့ ကာလတွေမှာ ဝင်ငွေတွေရရှိမှု မရှိသေးဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရင်းနှီးမြှုပ်နှံငွေ ကျပ် ၁၀ ဘီလျံကို ဘဏ်မှာထည့်ထားလို့ ဘဏ်တိုးရတဲ့ အခြေအနေပဲ ရှိနေပြီး ဝင်ငွေက ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၀၁၈ မတ် ၃၁ ရက်အထိ ကျပ် ၄၁ ဒသမ ၀၇ သန်းနဲ့ ၂၀၁၈ ဧပြီ ၁ရက်ကနေ ၂၀၁၈ စက်တင်ဘာ ၃၀ ထိ ဝင်ငွေ ကျပ်၃၉၄ ဒသမ ၁၃၄ သန်းရရှိခဲ့ပြီး အသုံးစရိတ်တွေက ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်ကနေ၂၀၁၈ မတ် ၃၁ ရက်အထိ ကျပ် ၉၆ ဒသမ ၀၈၁ သန်း၊ ၂၀၁၈ (Mini Budget) မှာကျပ် ၁၁၈၃ ဒသမ ၄၅၉ သန်း သုံးစွဲခဲ့လို့ အသားတင် အရှုံးက ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၀၁၈ မတ် ၃၁ ရက်အထိ ကျပ် ၅၅ ဒသမ ၀၁၁ သန်းနဲ့ ၂၀၁၈ ဧပြီ ၁ ရက်ကနေ ၂၀၁၈ စက်တင်ဘာ ၃၀ ရက်အထိ ကျပ် ၇၈၉ ဒသမ ၃၂၅ သန်း ဖြစ်နေပါတယ်။

တကယ်တော့ ဒီရင်းနှီးမြှုပ်နှံငွေ ကျပ် ၁၀ ဘီလျံဟာ သာမန်ဘတ်ဂျက်က သုံးစွဲတာ မဟုတ်ဘဲ ကြွေးမြီဘတ်ဂျက်အဖြစ် သုံးစွဲထားတာဖြစ်လို့ ဝင်ငွေပြန်လည်ရရှိရဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ၊ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားပါတယ်။

“မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံငွေက သာမန်ဘတ်ဂျက်က သုံးစွဲခြင်း မဟုတ်ဘဲ အဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံငွေခေါင်းစဉ်နဲ့ ကြွေးမြီဘတ်ဂျက်အဖြစ် သုံးစွဲထားတာ ဖြစ်တဲ့အတွက် ကာလအတိုင်းအတာ တစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရခြင်း သို့မဟုတ် ဝင်ငွေပြန်လည်ရရှိမှု ပေါ်ပေါက်ရန် လိုအပ်ပါတယ်” လို့ ဦးတင့်လွင်က ပြောကြားပါတယ်။

ဒါ့အပြင်လည်း လက်ရှိ ရန်ကုန်မြို့သစ် စီမံကိန်းဟာ Developer တွေ ပြောင်းလဲသွားတာနဲ့ စီမံကိန်း ဆောင်ရွက်မှု ပုံစံတွေ ပြောင်းလဲသွားတာကြောင့် ဒုတိယအကြိမ် လွှတ်တော်ကို အသေးစိတ် ပြန်လည်တင်ပြဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တာကို ကိုးကားပြီး ဦးတင့်လွင်က အကြံပြုပါတယ်။

ဒါ့အပြင် စီမံကိန်း မစတင်နိုင်သေးဘဲ ရှိနေလို့ ကာလထပ်မံကြာမြင့်တာနှင့်အမျှ ရင်းနှီးမြှုပ်နှံငွေထဲက  ပိုမိုလျော့ကျသွားနိုင်တဲ့ အခြေအနေ ပေါ်ပေါက်နေလို့ တိုင်းဒေသကြီး အစိုးရနဲ့ ကုမ္ပဏီတို့က တင်ပြထားချက်တွေအပေါ် သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့အစည်းတွေက ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ပေးမှ ကုမ္ပဏီက ဘယ်လိုဆက်ဆောင်ရွက်ရမယ် ဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်လို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ လိုအပ်တဲ့ အဆုံးအဖြတ်တွေ ဆောလျင်စွာ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ညှိနှိုင်းတင်ပြပြီး ဆောင်ရွက်သင့်တယ်လို့ ဦးတင့်လွင်က ပြောကြားပါတယ်။

အင်တိုက်အားတိုက် ဖော်ဆောင်မယ်လို့ တရုတ်သမ္မတ ရေးသားလာတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ယူတော့မလား

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အထက်က သက်ဆိုင်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဆိုရာမှာတော့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ ပြည်ထောင်စု အစိုးရအဖွဲ့က ညွှန်ကြားမှ၊ ဆက်လုပ်ဖို့ လက်ခံမှဆိုတဲ့ အခြေအနေကို ရည်ညွှန်းနေတဲ့သဘော ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဒါမှမဟုတ် ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ ရန်ကုန်မြို့သစ်စီမံကိန်းကို တိုက်ရိုက်ကွပ်ကဲမှု မပြုလုပ်သေးခင်မှာပဲ တရုတ်သမ္မတခရီးစဉ် လှုပ်ခတ်လာပြီး တရုတ်သမ္မတရှီကျင်ပင်း ကိုယ်တိုင် ရေးသားထားဖွယ်ရှိတဲ့ “နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” ဆောင်းပါးကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာခဲ့ပြီး အဲဒီဆောင်းပါးမှာဆိုရင် “စီးပွားကုန်သွယ်ရေးကို နက်ရှိုင်းစေပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်သစ်များ ထည့်သွင်းပေးပါသည်။ နှစ်ဦးနှစ်ဖက်သည် ‘Belt and Road’ အတူတကွ တည်ဆောက်ရေး မူဘောင်အတွင်း လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မူဘောင်ကို အတွေးအခေါ်မှ လက်တွေ့အကောင်အထည်ဖော်မှု အဆင့်သို့ ပြောင်းလဲနိုင်အောင် တွန်းအားပေး ဖော်ဆောင်ရပါမည်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်းဟူသော သုံးနေရာမှ ကျားကန်မှုကို အင်တိုက်အားတိုက် ဖော်ဆောင်ပြီး အပြန်အလှန် ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ငွေရေးကြေးရေး၊ လူမှုအကျိုးပြုလုပ်ငန်း စသည့်နယ်ပယ်များ၌ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပြည်သူများအတွက် အကျိုးအမြတ်များ ပိုမိုများပြားစွာ ဖော်ဆောင်ပေးရပါမည်” လို့ ရှီက ရေးသားခဲ့တာကို တွေ့ရပါတယ်။

ရေးသားမှုနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဇန်နဝါရီ ၁၇ ရက်မှာ ရှီကျင်ပင်းက မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်မှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ၃၃ ခုကို သဘောတူလက်မှတ် ရေးထိုးရမှာ  “ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်စာလွှာ” ကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးနဲ့ CCCC ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ စုန့်ဟိုင်လျန်တို့က လဲလှယ်ခဲ့ကြပြီး ရှီကျင်ပင်းရဲ့ ခရီးစဉ်အပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ ဆိုရင်လည်း ‘ရပ်ဝန်းနှင့် လမ်းကြောင်း’ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ မဏ္ဍိုင်သုံးရပ်ဖြစ်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များနှင့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသစ် အပါအဝင် အခြေခံ အဆောက်အအုံ စီမံကိန်းများဆိုင်ရာ မူဘောင်ကို အကောင်အထည် ဖော်ဆောင်ရေး ကြိုးပမ်းသွားကြရန် နှစ်ဖက်သဘောတူခဲ့ကြသည်” လို့ ရေးသားခဲ့တာကို တွေ့ရပါတယ်။ ဒီလိုရေးသားမှုတွေနဲ့ တရုတ်သမ္မတအဆင့်က ဆောင်းပါးရေးသားပြီး အင်တိုက်အားတိုက် ဖော်ဆောင်မယ်လို့ ကတိပြုလာတာတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းဟာ ပြည်ထောင်စုအဆင့် စီမံကိန်းအဖြစ် တက်လှမ်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့က စီမံထိန်းချုပ်တော့မှာလည်း တွေးစရာ ဖြစ်လာပါတယ်။

တကယ်တော့ ပြည်သူတွေဟာ တရုတ်က လုပ်ဆောင်တဲ့ စီမံကိန်းမို့လို့ ကန့်ကွက်နေကြတာ ရန်ကုန်မြို့သစ် စီမံကိန်းကို လက်မခံလိုကြတာ မဟုတ်ပါဘူး။ အဓိက လက်မခံနိုင်ကြတာက မျှတတဲ့ အကျိုးအမြတ်ခွဲဝေမှု မဖြစ်တာ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေက ပွင့်လင်းမြင်သာမှု မရှိတာ၊ စီမံကိန်း အသေးစိတ် အကြောင်းအရာတွေနဲ့ ပြောင်းလဲလာမှုတွေကို လွှတ်တော်ကို အသေးစိတ်ချပြမှုမရှိတာ၊ CCCC ဒါမှမဟုတ် NYDC Challenge မှာ နိုင်လိုက်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို လုပ်ခွင့်ရကုမ္ပဏီနဲ့ NYDC တို့ JV လုပ်ပြီး မြို့သစ်ကို စီမံအုပ်ချုပ်မှာမို့ တရုတ်အုပ်ချုပ်တဲ့ မြို့သစ်အဖြစ် ပြောင်းလဲသွားပြီး မြန်မာ့အချုပ်အခြာ အာဏာကို ထိပါးလာမှာ စတဲ့အခြေအနေတွေကြောင့် ကန့်ကွက်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှယ်ယာအများစုထည့်ပြီး လုပ်ဆောင်မယ့် တရုတ် CCCC (NYDC Challenge နိုင်မယ့်ကုမ္ပဏီ) နဲ့ NYDC က JV ကုမ္ပဏီထောင်ပြီး ကိုယ်ပိုင်မြို့ပြဥပဒေနဲ့ ရပ်တည်မှာဖြစ်လို့ ရန်ကုန်မြို့သစ်စီမံကိန်းကြီးကို တရုတ် CCCC လို ပြည်ပကုမ္ပဏီတစ်ခုခုက ရာနှုန်းပြည့် ချုပ်ကိုင်မသွားနိုင်စေဖို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ မထိပါးစေဖို့ လုပ်ဆောင်ဖို့ လိုအပ်သလို အကျိုးအမြတ်ခွဲဝေမှုမှာ မမျှတတဲ့ အချက်ကိုလည်း ပြင်နိုင်ဖို့ လိုအပ်ပါတယ်။ အနှစ် ၃၀ အတွင်းမှာ CCCC က သန်း ၁၆၈၀ မြှုပ်နှံထားလို့ အဲဒီ ဒေါ်လာသန်း ၁၆၈၀ နဲ့ အတိုးသဘောမျိုး IRR ၁၃ ရာခိုင်နှုန်း တွက်ယူနေပြီး အရင်းနဲ့ IRR ပြန်မရသေးတဲ့ အခြေအနေမျိုးမှာ CCCC က ဝင်ငွေရဲ့ ၉၅ ရာခိုင်နှုန်းအထိယူပြီး မြန်မာနိုင်ငံက ငါးရာခိုင်နှုန်းပဲရမယ်။ အရင်းငွေဖြစ်တဲ့ ဒေါ်လာသန်း ၁၆၈၀ နဲ့ ဒီငွေအပေါ် IRR ၁၃ ရာခိုင်နှုန်းပါကျေမှ မြန်မာက ၂၅ ရာခိုင်နှုန်းနဲ့ CCCC က (NYDC Challenge နိုင်တဲ့ကုမ္ပဏီက) ၇၅ ရာခိုင်နှုန်းယူမယ် ဆိုတာဟာ လုံးဝမျှတတဲ့ အကျိုးအမြတ် ခွဲဝေမှု မဟုတ်ပါဘူး။ ဒီလိုမျိုး မမျှတတဲ့ စီမံကိန်း အကျိုးအမြတ် ခွဲဝေမှုဟာ မြန်မာနိုင်ငံအတွက် လုံးဝမဖြစ်သင့်သလို အရေးပါတဲ့ ပင်လယ်ထွက်ပေါက်နဲ့  မြန်မာ့မြို့မြေ ဧက ၁၆၈၀၀၀ လောက်ကို စျေးပေါပေါနဲ့ တခြားနိုင်ငံကုမ္ပဏီလက်ထဲ ထိုးအပ်လိုက်ရသလိုမျိုး အချုပ်အခြာ အာဏာကို ထိပါးခံရပြီး ကိုယ့်နိုင်ငံအတွက် စီးပွားရေးလည်း တွက်ခြေမကိုက်နိုင်တဲ့ အဖြစ်မျိုးက ရှောင်ကြဉ်နိုင်ဖို့ ပြည်ထောင်စု အစိုးရက စီမံပေးပါလို့လည်း တောင်းဆိုရမှာပါ။

အဲဒီလိုဆိုးကျိုးတွေ မရှိတော့ရင်၊ ပွင့်လင်းမြင်သာမှု ဖြစ်လာရင်၊ မျှတတဲ့ အကျိုးအမြတ်ခွဲဝေမှု ဖြစ်လာရင်၊ အချုပ်အခြာအာဏာအတွက် စိုးရိမ်စရာ မဖြစ်ရင် ရန်ကုန်မြို့သစ်စီမံကိန်းကို ဘယ်သူနဲ့ပဲလုပ်လုပ် ကန့်ကွက်စရာ ရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကသာ မှန်ကန်မျှတတဲ့ အကျိုးအမြတ် ခွဲဝေမှုအဖြစ် တည့်မတ်ပေးနိုင်ပြီး မြန်မာ့အချုပ်အခြာအာဏာ ထိပါးမှု မရှိတဲ့ မြို့သစ်စီမံကိန်းအဖြစ် ဦးဆောင် လုပ်ကိုင်ပေးရင်၊ တကယ့်ကို ပွင့်လင်းမြင်သာရင် ပြည်သူတွေကလည်း ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်တိုင် ဦးဆောင်ပေးလာရင် ကန့်ကွက်ကြမှာ မဟုတ်ပါဘူး။

အချုပ်အားဖြင့် ပြောမယ်ဆိုရင် တိုင်းပြည်အတွက် လိုအပ်လို့ BRI မှာ ပါဝင်မယ် ပြောထားလို့  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာ အရေးကြီးတဲ့ စီမံကိန်းဖြစ်ပြီး ကျောက်ဖြူ - မန္တလေး - ရန်ကုန်မြို့သစ် ချိတ်ဆက်မယ့် လမ်းကြောဖြစ်လို့ မဖြစ်မနေ ရန်ကုန်မြို့သစ်စီမံကိန်းကို လုပ်ဆောင်တော့မယ်ဆိုရင် ဒီစီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံလုပ်ပိုင်ခွင့်ထက် ကျော်လွန်နေလို့ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ယူပြီးတော့ ပွင့်လင်းမြင်သာစွာ ဦးဆောင်လုပ်ကိုင်ပေးဖို့ အကြံပြုချင်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးတော့ အကျိုးအမြတ်ခွဲဝေမှုမျှတဖို့၊ ရန်ကုန်မြို့သစ် စီမံကိန်းလုပ်မယ့် မြန်မာ့မြေ ဧက ၁၆၈၀၀၀ ကို တခြားနိုင်ငံက ကုမ္ပဏီလက်ထဲ စျေးပေါပေါနဲ့ ထိုးထည့်လိုက်တာမျိုး မဖြစ်ဖို့၊ စက်မှုဇုန်ကိုပဲ မျှော်လင့်ထားပြီး လုပ်သားအိမ်ရာ တွေးမထားလို့ ကျုးကျော်ပဲ တိုးလာစေတဲ့ မြို့သစ်ကြီး မဖြစ်အောင် Master Plan ကို စနစ်တကျပြင်ဆင်ဖို့၊ မမျှတတဲ့ အကျိုးအမြတ် ခွဲဝေမှုကြောင့် ကိုယ်ပိုင်မြို့ပြဥပဒေနဲ့ စီမံခန့်ခွဲမယ့် ရန်ကုန်မြို့သစ်ဟာ တိုင်းတစ်ပါးသားတွေရဲ့ လက်ထဲရောက်ပြီး မြန်မာ့အချုပ်အခြာအာဏာ ထိပါးဆုံးရှုံးမှု လုံးဝမဖြစ်စေရေးအတွက် ပြည်ထောင်စု လွှတ်တော်ကလည်း ထောက်ပြဆွေးနွေးပြီးတော့ အကောင်းဆုံး စီမံကိန်းတွေနဲ့  ရန်ကုန်မြို့သစ်စီမံကိန်းကို ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ပေးနိုင်ဖို့ အရေးကြီးတယ် ဆိုတာကို သုံးသပ်တင်ပြ အပ်ပါတယ်။

 

Most Read

Most Recent