နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း ဦးဆောင်သော နှစ်နိုင်ငံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်လာရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ထူထောင်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း၊ မြန်မာ-တရုတ် စီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးသန့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံဘက်မှ တရုတ်သမ္မတ ရှီကျင်ပင်းနှင့်အတူ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှှင့် စာလွှာများ လဲလှယ်သည့် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့ ရှေ့မှောက်၌ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ နှစ်နိုင်ငံတာဝန်ရှိသူများက နှစ်နိုင်ငံအကြား ကဏ္ဍစုံအတွက် နားလည်မှုစာချွန်လွှာ၊ လွှဲပြောင်းခြင်းစာလွှာ၊ သဘောတူညီချက်၊ သဘောတူစာချုပ် စုစုပေါင်း ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၉ ခုအား လဲလှယ်ခဲ့ကြကာ လေးခုအား လဲလှယ်မှုပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ထိုသို့လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် လဲလှယ်မှုမပြုခဲ့သည့် စာချုပ်စာရင်းမှာ ရန်ကုန်မြစ်ဝ အနောက်ဘက်ကမ်း ထိန်းသိမ်းရေးစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုနားလည်မှု စာချွန်လွှာ၊ “ ၀” တစ်လုံး ဥမင်လိုဏ်ခေါင်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မီးလင်းချိုင် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်မှုဆိုင်ရာစာလွှာတို့ ဖြစ်ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။















