တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အတွက် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့၏ Bilateral လက်မှတ်ရေးထိုးရေး ဆွေးနွေးပွဲ ဖေဖော်ဝါရီသို့ရွှေ့ဆိုင်း

တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အတွက် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့၏ Bilateral လက်မှတ်ရေးထိုးရေး ဆွေးနွေးပွဲ ဖေဖော်ဝါရီသို့ရွှေ့ဆိုင်း
Published 15 January 2020

တရုတ်နှစ်သစ်ကူးကာလ ဖြစ်သည့်အတွက် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA) ၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့၏ Bilateral လက်မှတ်ရေးထိုးရေး ဆွေးနွေးပွဲအား ဖေဖော်ဝါရီသို့ ရွှေ့ဆိုင်းကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးသော ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့သော်လည်း ယခုအခါ အဆိုပါကာလသည် တရုတ်နှစ်သစ်ကူး ကာလဖြစ်သည့်အတွက် ဖေဖော်ဝါရီသို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

“ အခြေအနေက ဒီလိုပါ။ ကျွန်တော်တို့ အခုနောက်ဆုံးတွေ့သွားတဲ့ ကူမင်းဆွေးနွေးပွဲတုန်းက ဘာပဲဖြစ်ဖြစ် ဒီဇန်နဝါရီ နောက်ဆုံးအပတ်မှာ တွေ့ဖို့အတွက်တော့ နှစ်ဦး နှစ်ဖက်ပြောထားတာ ဖြစ်တယ်။ ဒါပေမဲ့လည်း သူတို့အနေနဲ့ နည်းနည်းလေး မြောက်ပိုင်းအဖွဲ့က ဘယ်လိုပြောမလဲ မစဉ်းစားမိလိုက်ဘူးပေါ့ဗျာ။ ဒီဇန်နဝါရီ ၂၅ ရက်က သူတို့ တရုတ်နှစ်သစ်ကူးလေ။ အဲဒီမှာ အဖွဲ့ထဲမှာ ကိုးကန့်အဖွဲ့လည်း ပါတယ်ဆိုတော့ တရုတ်နှစ်သစ်ကူးဆိုတော့ ဒီနောက်ဆုံးပတ်မှာ မဖြစ်တော့ဘူးပေါ့။ ဒါကြောင့် ဖေဖော်ဝါရီမှာ ပြန်လုပ်ဖို့ အစိုးရဘက်ကို ပြန်ပြောရတာပေါ့။ တခြားဟိုဟာ ဒီဟာကြောင့်တော့ မဟုတ်ပါဘူး။ တရုတ်နှစ်သစ်ကူးနဲ့ တိုက်ဆိုင်နေလို့ သူတို့သွားရေး၊ လာရေးအခက်အခဲကြောင့် ရွှေ့လိုက်တာပါပဲ” ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

တရုတ်နှစ်သစ်ကူးကာလသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ဖြစ်သည့်အတွက် အဆိုပါ ကာလလွန်မှသာ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ ပြန်လည်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ထိုသို့ တွေ့ဆုံရာတွင် နှစ်ဖက်ဖမ်းဆီးထားသူများအား ပြန်လွတ်ပေးရေးနှင့် နှစ်ဖက်အကြား ပြဿနာဖြစ်ပွားပါက ကြားနိုင်ငံတစ်ခုက ပါဝင်ညှိနှိုင်းဖြေရှင်းပေးရေးတို့ကို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က အစိုးရ ကိုယ်စားလှယ်အဖွဲ့ထံ တင်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်သဘောထားများကို အသီးသီးပြန်လည် ယူဆောင်သွားခဲ့ကြပြီး နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် အဆိုပါ သဘောထားများအပေါ် နှစ်ဖက်သဘောတူပါက မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့၏ Bilateral လက်မှတ်ရေးထိုးရေးကိစ္စမှာ အခြေအနေကောင်းကြောင်း ဒီဇင်ဘာလကုန်ပိုင်းတွင် ဦးလမိုင်ဂွန်ဂျာက ပြောကြားထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အထူးဒေသ (၄) မိုင်းလားနှင့် တရုတ်နိုင်ငံ ကူမင်းမြို့တို့တွင် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖေဖော်ဝါရီအတွင်း ပြုလုပ်မည့် တွေ့ဆုံ ဆွေးနွေးပွဲ၏ နေရာနှင့် အချိန်ကိုမူ ပြန်လည်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ယခုလဆန်းပိုင်းအတွင်းတွင် တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်သည် မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ထံ နှစ်သစ်ကူး အလည်အပတ်ခရီး ရောက်ရှိခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုများတွင် လက်ရှိတပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်နှင့်လည်း တွေ့ဆုံမှုလည်း ပါဝင်ခဲ့ပြီး အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် AA စစ်ဦးစီးချုပ်တို့၏ တွေ့ဆုံမှုတွင် တိုက်ပွဲများ လျှော့ချရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။