ကယားပြည်နယ်အတွင်းရှိ ပြဿနာများကို ဆန္ဒပြမှုများနှင့် ဖြေရှင်းခြင်းမပြုဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် ကရင်နီလူငယ်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ကယားပြည်နယ်အတွင်းရှိ ပြဿနာများကို ဆန္ဒပြမှုများနှင့် ဖြေရှင်းခြင်းမပြုဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် ကရင်နီလူငယ်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 15 January 2020
မခိုင်

ကယားပြည်နယ်အတွင်းရှိ ဖြစ်ပွားနေသော ပြဿနာများကို ဆန္ဒပြမှုများနှင့် ဖြေရှင်းခြင်းမပြုဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် ကရင်နီလူငယ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

၆၈ ကြိမ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် ကရင်နီလူငယ်အင်အားစုများ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ပြည်နယ်ဧည့်ရိပ်သာ၌ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က အထက်ပါအတိုင်း တိုက်တွန်းမှာကြားခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်သူများ၏ ပြောကြားချက်အရ သိရသည် ။

“ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘာပြောခဲ့လည်းဆိုရင် အဓိကက အရပ်ဖက်လူငယ် တွေ၊ CSO အဖွဲ့အစည်းတွေကို ပြောတာက ပြဿနာတစ်ခုခုဖြစ်တိုင်း ညှိနှိုင်းဆွေးနွေးမှုနဲ့ပဲသွားပါ။ ဆန္ဒပြမှုတွေ မသွားပါနဲ့။ ဆန္ဒပြမှုဟာ အဖြေမဟုတ်ဘူး ပြောတယ်။ နောက်ပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ NLD ပါတီဝင်တွေ အစိုးရ ဖြစ်နေတဲ့ NLD ပါတီတောင်မှ ထူထောင်တာ နှစ် ၃၀ ကျော်လာပြီ တစ်ခါမှဆန္ဒပြတဲ့နည်းလမ်းနဲ့ မသွားခဲ့ဘူး။ တစ်ခါမှလည်း ဆန္ဒမပြခဲ့ဘူး ဆိုတဲ့ဟာ ပြောခဲ့တာပေါ့။ ဒါဟာ ကျွန်တော်တို့လူငယ်တွေရဲ့ အတွေးအခေါ်လွဲမှားအောင်လုပ်တယ်လို့ပဲ မှတ်ယူ တယ်” ဟု တွေ့ဆုံပွဲသို့တက်ရောက်ခွင့်ရခဲ့သူ ကရင်နီလူငယ် ခွန်းမျိုးလှိုင်ဝင်းက ပြောဆိုသည်။

ထိုပြင် တွေ့ဆုံပွဲ၌ ကရင်နီတောင်သူ ကိုယ်စားလှယ် နှစ်ဦးနှင့် ကရင်နီလူငယ်ကိုယ်စားလှယ် ငါးဦး တို့က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်နှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဝင်ရောက်ဖြေရှင်းပေးရန် တင် ပြခဲ့သော်လည်း ၎င်းအနေဖြင့် မိသားစုဝင်ဖြစ်နေသောကြောင့် ဖြေရှင်း၍ မသင့်တော်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကရင် နီလူငယ်များအား ပြန်လည်ပြောကြားခဲ့သည်ဟု တွေ့ဆုံပွဲတွင်ပါဝင်သူ ကရင်နီလူငယ် ခွန်းမျိုးလှိုင်ဝင်းက ဆိုသည်။



“ကျွန်တော်တို့အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်နဲ့ပက်သက်ပြီး သူ့မှာဖြေရှင်းလိုတဲ့ စိတ်ဆန္ဒမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဖေဖြစ်နေတော့ သူ့ရဲ့မိသားစုဝင် တစ်ယောက်ဖြစ်နေတော့ ဖြေရှင်းလို့လည်း မသင့်တော်ဘူးပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့လူငယ်တွေအနေနဲ့ မှတ်ယူတာက ဒါပုဂ္ဂိုလ်ရေးရာဖြစ်ဖြစ်၊ မိသားစုဝင်ရေးရာဖြစ်ဖြစ်ဖြေရှင်းသင့်တဲ့ကိစ္စဆို ဖြေရှင်းပေးရမယ်လို့ မှတ်ယူတယ်။ ဒီကိစ္စဟာ ကျွန်တော် တို့ ပြည်နယ်မှာ ကြီးမားတဲ့ပြဿနာကိစ္စတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ ကရင်နီတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ရေးရာကိစ္စ တစ် ခုဖြစ်တဲ့အတွက် မဖြေရှင်းဘဲနဲ့ ပြည်ထောင်စုအစိုးရကို လွဲချပြီး တာဝန်ပေးတာဟာ ကျွန်တော်တို့အတွက် စိုးရိမ်စရာဖြစ်တယ်” ဟု ခွန်းမျိုးလှိုင်ဝင်းက ပြောကြားသည်။

 

ကရင်နီလူငယ်အင်အားစုများအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့်ပတ်သက်သည့် ပြဿနာများ၊ တရားစွဲခံထားရသော တောင်သူများ၏ အရေးကိစ္စနှင့် ကရင်နီ ပြည် လူငယ်ရေးရာကိစ္စများအား တင်ပြခဲ့သော်လည်း မိနစ် ၂၀ ခန့်သာ တွေ့ဆုံခွင့်ရသဖြင့် အကျေအလည်ဆွေးနွေးခွင့်မရခဲ့ ကြောင်း ကရင်နီလူငယ် ခူးရီးဒူးက ဆိုသည်။

 

“ကျွန်တော်တို့အချိန်က အတော်လေးအ ကန့်အသတ်ဖြစ်နေတယ် ။ မိနစ် ၂၀ ဆိုတော့ ခေါင်းစဉ်တစ်ခုတည်းကို အကျေအလည် ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အချိန်က တအားနည်းပြီး အကန့်အသတ်ဖြစ်ပါတယ် ။ ဒီနေ့ရလဒ်ကတော့ ကျေနပ်အားရမှုရှိ လား၊ မရှိဘူးလားဆိုတာ သေသေချာချာပြောလို့ မရဘူး။ နောက်အကောင်အထည် ဖော်မယ့်အပိုင်းပေါ် မူတည်ပြီးမှပဲ ပြောပါရ စေ'' ဟု ခူးရီးဒူးက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီလူငယ်များမှာ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ရရှိခဲ့သည့် ရလဒ်များအား ထောင်ချုပ်ဖြင့် တရားရင်ဆိုင်နေရသည့် တောင်သူများရှိရာ လွိုင်ကော်အကျဉ်းထောင်သို့ ကရင်နီလူငယ်များက သွားရောက်၍ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

အဆိုပါ ကရင်နီလူငယ် အင်အားစုများသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလမှစ၍ ကယားပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်သည့်အချိန်တွင် သီးသန့်တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့ကြသူများဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ်များတွင်လည်း လုံခြုံရေးအပြင် ဒေသ ဘာသာစကား အခက်အခဲများအတွက် အကူအညီ ပေးခဲ့ကြသူများဖြစ်ကြောင်း သိရသည်။