အနောက်မမျှော် အရှေ့သာဆက်မျှော်ရမည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု

အနောက်မမျှော် အရှေ့သာဆက်မျှော်ရမည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု
သာကေတစက်မှုဇုန် တစ်နေရာကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သာကေတစက်မှုဇုန် တစ်နေရာကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 12 January 2020
ဇေယျာငြိမ်း

ဖွံ့ဖြိုးဆဲနိုင်ငံ၌သာ ရှိနေသေးသော မြန်မာနိုင်ငံအတွက် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာရန် အမှန်ပင် လိုအပ်လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဟုဆိုရုံမျှဖြင့် အရေးပါသည်ဟု လှေနံဓားထစ် ပြော၍မရချေ။

သို့သော် နည်းပညာများ လွှဲပြောင်းပေးနိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းလိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြားငွေရှာဖွေပေးမည့် FDI များ၊ ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် FDI များနှင့် ယင်းသို့ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ Global Supply Chain ထဲသို့ ဝင်ရောက်သွားမည့် FDI များ ဝင်လာရန်မှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေအရ နည်းပညာပိုင်းနှင့် စီးပွားရေးအင်အားခိုင်မာသော အမေရိကန်နှင့် ဥရောပနိုင်ငံများ (အနောက်အုပ်စု) ၏ တိုက်ရိုက် လာရောက် ရင်းနှီးမြှုပ်နှံမှုများကို မျှော်မှန်း၍ မရနိုင်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိမြန်မာနိုင်ငံ၏ အလားအလာကောင်းများနှင့် စိန်ခေါ်မှုများ

လက်ရှိတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍ သုံးခုသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အဓိက အလားအလာကောင်းသော ကဏ္ဍများဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အလားအလာကောင်းတဲ့ နံပါတ်(၁) ကဏ္ဍက လျှပ်စစ်ဓာတ်အားထုတ် လုပ်မယ့်လုပ်ငန်းတွေပေါ့။ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေပေါ့။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့် လုပ်ငန်းတွေ အလားအလာ အခြေအနေ ကောင်းတယ်။ နံပါတ် (၂) က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အလားအလာကောင်းတယ်။ နံပါတ် (၃) ကတော့ Logistic ပေါ့။ ဆိပ်ကမ်းတွေ လုပ်မယ့်နေရာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ဒီနှစ်ထဲမှာ အကောက်ခွန် ဦးစီးဌာနကနေပြီးတော့ Bonded Warehouse နဲ့ပတ်သက်တဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်တယ်။ အဲဒါထုတ်ပြန်နိုင်လို့ရှိရင် Logistic လုပ်ငန်းတွေ အလားအလာ အတော်လေး ပွင့်သွားမယ်ပေါ့နော်။ အဲဒီ ကဏ္ဍသုံးခု ဒီနှစ်ထဲမှာ ကောင်းမယ်လို့ မြင်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြား သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများ၌ အလားအလာကောင်းသည့် ကဏ္ဍများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖြစ်ကြောင်း၊ ယင်းကဏ္ဍများမှတစ်ဆင့် ပြည်ပသွင်းကုန် အစားထိုး တန်ဖိုးမြင့် စားသောက်ကုန် လုပ်ငန်းများသည် အဓိက အလားအလာကောင်းသော လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

“အဓိကအလားအလာကောင်းတာက ငြင်းစရာမလိုတဲ့ပွိုင့်ကတော့ Agriculture Resources တွေက အများကြီးရှိတယ်။ မြေ၊ အလုပ်သမားတွေ အများကြီး ရှိနေတယ်။ ဒီအရင်းအမြစ်တွေကို ဒီထက်ပိုပြီး Efficience ဖြစ်အောင်သုံးဖို့ပဲ။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့က မွေးနိုင်တယ်၊ စိုက်နိုင်တယ်၊ စိုက်ဖို့အတွက်လည်း အကွက်တွေအများကြီး။ မွေးဖို့အတွက် နေရာတွေအများကြီး ရှိတယ်။ ကောင်းတဲ့အချက်က ပတ်ဝန်းကျင်နဲ့ အခြေအနေပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ ပတ်ဝန်းကျင် အခြေအနေက အိမ်နီးချင်း နိုင်ငံတွေထက်တောင် သာတဲ့အချက်တွေ အများကြီးရှိတယ်။ ထိုင်းနဲ့ယှဉ်လိုက်ရင် လေထုညစ်ညမ်းမှုတွေ အများကြီး ကောင်းသေးတယ်။ ကျွန်တော်တို့ဆီမှာ Green Area တွေ အများကြီးရှိသေးတယ်။ ဒီအခြေအနေတွေကနေ ကြည့်မယ်ဆိုရင်တော့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ အများကြီး တိုးတက်လာမယ်။ ဒါဆိုရင် မွေးမြူရေးနဲ့ စိုက်ပျိုးရေးနဲ့ ချိတ်ဆက်နေတဲ့ နယ်ပယ်ဟာ တန်ဖိုးမြင့် ထုတ်ကုန်တွေ ထုတ်လာနိုင်မယ်။ အဓိကတော့ စားသောက်ကုန်ကဏ္ဍပေါ့။ ဒီလိုဖွံ့ဖြိုးလာပြီဆိုရင် ပြည်တွင်းစားသုံးမှုကို ပြည်ပက တင်သွင်းထားတဲ့ ပစ္စည်းနေရာမှာ အစားထိုးနိုင်မယ်။ ကျွန်တော်တို့ အစားအသောက်တွေကို ပြည်ပကို ပို့နိုင်မယ်။ ဒီနေရာမှာ အရမ်းလိုအပ်တာကတော့ အရည်အသွေးပဲ။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ လုပ်နိုင်ရမယ်” ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်လတ်က ပြောကြားသည်။

သို့သော်လည်း မသေချာမရေရာသည့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ အာဆီယံ AEC အောက်တွင် အခြားသော အာဆီယံနိုင်ငံများနှင့် ယှဉ်ပြိုင်နေရခြင်း၊ ကမ္ဘာ့စီးပွားရေးစက်ဝန်းနှင့် ဝယ်လိုအား အတက်အကျ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတု အခြေအနေများကြောင့် စိုက်ပျိုးရေး ပျက်စီးထိခိုက်ခြင်း စသည့်အချက်များမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ရှိလာနိုင်သည့် စိန်ခေါ်မှုများဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

ရပ်တန့်နေသည့် ကမ္ဘာ့ဝယ်လိုအား တိုးတက်မှုမှာ မြန်မာနိုင်ငံ၏ ပို့ကုန်များနှင့် မြန်မာနိုင်ငံအတွင်းသို့ ပို့ကုန်ဦးစားပေး FDI များအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်စေနိုင်သည်။

နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွင် ဆုံးရှုံးနိုင်ခြေမှာ ပြင်းထန်သည့် မိုးလေဝသ အခြေအနေများဖြစ်သည့် သဘာဝဘေး အန္တရာယ်များဖြစ်သည်။ မြန်မာနိုင်ငံသည် ပြင်းထန်သည့် ဆိုင်ကလုန်း မုန်တိုင်းများ၏ဒဏ်မှ ထိခိုက်ပျက်စီးလွယ်ပြီး နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုမှာ ထပ်တလဲလဲဖြစ်နေသည့် မိုးလေဝသ အခြေအနေများကြောင့် သက်ရောက်မှုတစ်ရပ် ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ကဲ့သို့ လုပ်ခလစာ လျော့နည်းသည့် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နေရသည်။ AEC လုပ်ငန်းစဉ်တစ်ဝန်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရာတွင် အခြားအာဆီယံနိုင်ငံများမှ ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ လကုန်အထိ ၃၁ နှစ်ကျော်တွင် နိုင်ငံပေါင်း ၅၀ က လာရောက် ရင်းနှီးမြှုပ်နှံထားသည်။

ယင်းနိုင်ငံများက မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ စသည့်စီးပွားရေးကဏ္ဍ ၁၂ ခု၌ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၈၇၆ ခု၏ စုစုပေါင်းရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၃ ဘီလျံ ခန့်ရှိသည်။

ယင်းအနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၃ ခုမှ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် လာရောက် ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းပမာဏ၏ ၂၆ ရာခိုင်နှုန်းကျော် ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၅၄ ခုမှ အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော် လာရောက် ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်း ပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော်ရှိသည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၁ ခုမှ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံခန့် လာရောက် ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်း ပမာဏ၏ ၁၃ ရာခိုင်နှုန်းကျော်ရှိသည်။

မြန်မာသို့ အာဆီယံ၏ ရင်းနှီးမြှုပ်နှံမှု

လက်ရှိတွင် အာဆီယံဒေသတွင်း နိုင်ငံများအနက် ကိုးနိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီး မြှုပ်နှံထားသည်။ ယင်းအာဆီယံ ကိုးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၈ ဘီလျံကျော် ရှိသည်။ စုစုပေါင်း ဝင်ရောက်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၄၆ ရာခိုင်နှုန်းကျော် ရှိနေသည်။

စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၂ ဘီ လျံကျော်ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်ရှိသည်။ မြန်မာနိုင်ငံအတွင်း အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအဆင့် သတ်မှတ်ချက်၌ အဆင့် (၁) နေရာတွင်ရှိသည်။

ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအဆင့် သတ်မှတ်ချက်၌ အဆင့် (၃) နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

လှိုင်သာယာစက်မှုဇုန် တစ်နေရာကို ဝေဟင်မှ တွေ့ရစဉ်

ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ  ၂ ဒသမ ၆ ဘီလျံကျော်ရှိပြီး နိုင်ငံလိုက် အဆင့်တွင် အဆင့် (၇) နေရာတွင်ရှိသည်။

မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးရှိပြီး နိုင်ငံလိုက်အဆင့်တွင် အဆင့် (၈) နေရာတွင်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၂၇၀ ကျော်ရှိပြီး အဆင့် (၁၄) ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်ရှိပြီး အဆင့် (၁၇) ဖြစ်သည်။

ဘရူနိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်ရှိပြီး အဆင့် (၂၀) ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော်ရှိပြီး အဆင့် (၃၁) နှင့် လာအိုနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ တစ်သန်းအောက်သာရှိပြီး အဆင့် (၄၈) နေရာတွင်ရှိသည်။

အာဆီယံဒေသတွင်းနိုင်ငံ တစ်ခုဖြစ်သည့် မလေးရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ လက်ရှိတွင် အဆင့်ရှစ် နေရာတွင် ရပ်တည်နေသော်လည်း လာမည့်နှစ်များအတွင်း ထိပ်သီးလုပ်ငန်းရှင် ငါးဖွဲ့အတွင်း ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ WYNDHAMGRAND ဟိုတယ်တွင်ကျင်းပသည့် Malaysia – Myanmar Connect 2019 အခမ်းအနားမှ သိရသည်။

Malaysia – Myanmar Connect (MMC) 2019 သည် မြန်မာနိုင်ငံအတွင်း စီးပွားရေး တိုးတက်ကြီးမား လာနိုင်သော အလားအလာကို လေ့လာသုံးသပ်ရန်နှင့် လမ်းဖွင့်ပေးရန် မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများကို ပြည်တွင်းသို့ ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ အချင်းချင်း အပြန်အလှန် အကျိုးပြု ပူးပေါင်းနိုင်ရေး တာဝန်ခံ ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံအတွင်း စီးပွားရေး အခွင့်အလမ်းများ ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးပမ်းချက်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်မှာ Malaysia – Myanmar Connect (MMC) 2019 ၏ ရည်ရွယ်ချက်လည်း ဖြစ်ကြောင်း သိရသည်။

အာရှ စီးပွားရေး အင်အားကြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု

နှစ်ပေါင်း ၃၁ နှစ်ကျော်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ထားသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၁ ဘီလျံနီးပါးရှိပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော် ရှိသည်။ မြန်မာနိုင်ငံအတွင်း အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများ အဆင့်သတ်မှတ်ချက်၌ အဆင့် (၂) နေရာတွင်ရှိသည်။

ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါးရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ လေးရာခိုင်နှုန်းကျော်ရှိသည်။ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများ အဆင့်သတ်မှတ်ချက်၌ အဆင့် (၆) နေရာတွင်ရှိသည်။

ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသည်။ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများ အဆင့်သတ်မှတ်ချက်၌ အဆင့် (၁၀) နေရာတွင်ရှိသည်။

ယင်းအာရှ စီးပွားရေး အင်အားကြီး နိုင်ငံသုံးခုမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၆ ဘီလျံကျော်ရှိသည်။ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃၁ ရာခိုင်နှုန်းကျော် အထိရှိသည်။

မြန်မာသို့ အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု

နှစ်ပေါင်း ၃၁ နှစ်ကျော်အ တွင်း မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၀ အနက် အမေရိကန်၊ ဗြိတိန်၊ ပြင် သစ်၊ နယ်သာလန်၊ ဂျာမနီအပါအ ဝင် စုစုပေါင်း အနောက်နိုင်ငံ ၁၅ နိုင်ငံဝန်းကျင်ကသာ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

နှစ်ပေါင်း ၃၁ နှစ်ကျော်အတွင်း ယင်းနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားသော ပမာဏမှာ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံခန့်သာရှိသည်။ မြန် မာနိုင်ငံသို့ ဝင်ရောက်ထားသည့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာ ဏ၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။

ယင်းအနက် ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ် လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး အ များဆုံးလာရောက် ရင်းနှီးမြှုပ်နှံထား ခြင်းဖြစ်သည်။

နယ်သာလန်နိုင်ငံသည် အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရှိပြီး ဒုတိယအများဆုံးဖြစ်သည်။ ပြင်သစ် နိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော်ဖြင့် တတိယအများဆုံး ဖြစ်သည်။

အမေရိကန်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်း ပေါင်း ၂၂ ခုသာရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော်သာရှိသည်။ စုစုပေါင်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ တစ် ရာခိုင်နှုန်းအောက်သာရှိ သည်။

နှစ်ပေါင်း ၃၁ နှစ်ကျော်အတွင်း မြန်မာနိုင်ငံသို့ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ဝင်ရောက်ထား သော ရင်းနှီးမြှုပ်နှံမှုသည် ပမာဏအ လွန်နည်းနေခဲ့ကြောင်း အထက်ပါ စာရင်းများအရ သိရသည်။

ထို့ပြင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကြောင့် မြန်မာနိုင်ငံ အတွင်းသို့ အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ တု့ံဆိုင်းနေဦးမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုပုံစံ ကွာခြားခြင်း

လက်ရှိတွင် အာဆီယံ ၁၀ နိုင်ငံ အားလုံး ASEAN-FDA သဘောတူညီများရှိပြီး အာဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း ရင်းနှီးမြှုပ်နှံမှု များဆောင်ရွက်ပါက အဆိုပါ သဘောတူညီချက်များဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အာဆီယံ+၁ သဘောတူညီမှုများကိုလည်း ဆောင်ရွက်ထားပြီး အာဆီယံ-ဂျပန် FDA Agreement သဘောတူညီမှုများ၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-တရုတ်၊ အာဆီယံ-အိန္ဒိယ စသည့်သဘော တူညီမှုများလည်း ချုပ်ဆိုထားကြောင်း သိရသည်။

“သူတို့က တစ်ခုခုပေါ့။ ရင်းနှီးမြှုပ်နှံသူတွေက တစ်ခုခုလုပ်ရင်းနဲ့ သူတို့အဆင်မပြေတာတို့ဘာတို့ ဖြစ်လို့ရှိရင် သူတို့နဲ့ ချုပ်ထားတဲ့ သဘောတူညီမှုတွေရှိတယ်။ အဲဒီသဘောတူညီမှုတွေအတိုင်း လုပ်ဆောင်ရတာပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောကြားသည်။

ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုရန်အတွက် ဆွေးနွေးထားပြီး နောက်ဆုံးအဆင့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လက်ရှိတွင် ဆိုင်းငံ့ထားကြောင်း သိရသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများက ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များကို အလေးထား ဆောင်ရွက်လေ့ရှိသော စီးပွားရေး လုပ်ငန်းများဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးပေး ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

“ဥရောပတို့ဘာတို့က သူနိုင်ငံတွေက Legal အပိုင်းပေါ့။ အဓိက ပြောချင်တာပေါ့။ ဥပဒေပိုင်းက ကျွန်တော်တို့နိုင်ငံမှာ အဆင်သင့် မဖြစ်ဘူး။ ကျွန်တော်မြင်တာပေါ့နော်။ သူတို့ဆီက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်း တွေလုပ်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ သူတို့က နိုင်ငံတစ်နိုင်ငံကိုသွားရင် Legal အပိုင်းကို ကြည့်တာပေါ့။ ကျွန်တော်တို့ဆီက Legal ပိုင်းက မပြုပြင်နိုင်သေးတဲ့ ဌာနတွေ အများကြီး ကျန်နေသေးတယ်။ ဒါကြောင့် Doing Business မှာလည်း လုပ်ငန်းစတင် လုပ်ဆောင် အပိုင်းမှာပဲ တက်တာ ကျန်တာတွေက ကျန်နေသေးတယ်။ အဲဒီမှာတင် သူတို့က လာဖို့ Pending လုပ်ထားတာတွေရှိတယ်။ လာဖို့ဆိုတာ ခိုင်မာမှုမရှိဘဲ ဘယ်လာမလဲ” ဟု ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ဆက်လက် ပြောကြားသည်။

သီလဝါစက်မှုဇုန်ရှိ စက်ရုံအချို့ကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ထို့ပြင် အမေရိကန် အပါအဝင် ဥရောပနိုင်ငံတချို့သည် မြန်မာနိုင်ငံ ဥပဒေထက် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှု အကျိုးခံစားခွင့်ကို ရယူလိုသဖြင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံမှုထက် အာဆီယံဒေသတွင်း နိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ရင်း နှီးမြှုပ်နှံလျက်ရှိကြောင်း သိရသည်။

“တချို့ကျတော့ ဥရောပနဲ့ အ မေရိကန်တွေက စင်ကာပူကနေလာ တာရှိတယ်။ စင်ကာပူမှာ စီးပွားရေး လုပ်ငန်းထောင်လိုက်တယ်။ အဲဒီကနေမှ ခွဲပြီးလာတာပေါ့။ ဥပမာ Coca Cola လာနည်းပေါ့။ အမေရိကန်က လာတယ်။ အာဆီယံအတွင်း ဘယ်နိုင်ငံမှာဖြစ်ဖြစ် Business Form ထဲမှာ ရင်းနှီးမြှုပ်နှံမှု လာလုပ်ခြင်းအားဖြင့် သူ့ကို အာဆီယံနိုင်ငံရဲ့ လုပ်ဆောင်မှုအတိုင်း ပေးရတယ်။ အာဆီယံရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုအရ ဘယ်နိုင်ငံကမဆို အာဆီယံအတွင်းကလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အာဆီယံနိုင်ငံကဲ့သို့ လုပ်ဆောင်ပေးရတယ်။ အဓိကတော့ Legal ပိုင်း ခိုင်မာအောင်လို့ အဲဒီလိုလုပ်ကြတာ။ အမေရိကန်နဲ့ အခြားဥရောပ နိုင်ငံတွေက မြန်မာနိုင်ငံမှာ လာလုပ်ချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက စင်ကာပူက တစ်ဆင့်ခံပြီး လာတာများတယ်။ အဲဒါကြောင့်လည်း စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုက တက်လာတာ” ဟု ဦးကျော်ဝင်းထွန်းက ပြောကြားသည်။

အထက်ပါ အာဆီယံ သဘောတူညီမှု၊ အာဆီယံ+၁ သဘောတူညီမှုများကြောင့် မြန်မာနိုင်ငံတွင် အာဆီယံနှင့် အချို့အာရှ စီးပွားရေး အင်အားကြီး နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်၊ ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများထက်ပို၍ စီးဝင်လာနိုင်ကြောင်းကို သိရသည်။

စီးပွားရေးအင်အားကြီး အာရှနိုင်ငံများ မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်လိုသော လုပ်ငန်းများ

အာရှစီးပွားရေး အင်အားကြီး နိုင်ငံတစ်ခုဖြစ်သည့် ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့မည့် လုပ်ငန်းအမျိုးအစားများ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်နေကြောင်း အောက်တိုဘာ ၁၉ ရက်က Inya Lake Hotel ၌ ပြုလုပ်သည့် Japan – Myanmar Resource, Trade & Investment Expo 2019 အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama က ပြောကြားသည်။

“မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းစျေးကွက်ကိုလည်း အင်မတန်မှ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့၊ အိန္ဒိယတို့၊ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ အဲဒီကြောင့်မို့ ဥပမာ မြန်မာပြည်မှာထုတ်တဲ့ ပစ္စည်းများကို အိမ်နီးနားချင်း နိုင်ငံများကို Export လုပ်ဖို့ အဲဒီမှာ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်” ဟု H.E Mr. Ichiro Maruyama က ပြောကြားသည်။

ထို့ပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများတင်သွင်းပြီး ကုန်ချောပြန်လည် ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

“အိမ်နီးနားချင်းနိုင်ငံများက ကုန်ကြမ်းကို မြန်မာနိုင်ငံကိုသွင်းပြီး အဲဒီကုန်ကြမ်းကို အသုံးပြုပြီး ပစ္စည်းထုတ်၊ အဲဒီပစ္စည်းကို မြန်မာနိုင်ငံ ပြည်တွင်းစျေးကွက်ကိုရောင်းမယ့် အဲဒီလိုလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် တောင်ကိုရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်း အစိုးရလက်ထက်က စတင်ခဲ့သည့် နိုင်ငံခြားရေး မူဝါဒသစ် တစ်ခုဖြစ်သည့် တောင်ပိုင်းဆိုင်ရာ မူဝါဒသစ် (New Southern Policy) အရ အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် တောင်ကိုရီးယားသမ္မတ မစ္စတာမွန်ဂျေအင်း၏ ခရီးစဉ်အပြီး ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများ ပိုမိုကောင်းမွန်စေခဲ့သည်။

“ဒီခရီးစဉ်အတွင်းမှာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သိသိသာသာ တိုးတက်လာမှာကတော့ MIC  က ခွင့် ပြုပေးထားတဲ့ ကိုရီးယား-မြန်မာ Industrial Complex ပါ။ သူတို့က Development လုပ်ရုံတင်မကဘူး။  ရင်းနှီးမြှုပ်နှံမယ့် သူတွေကိုပါ ခေါ်လာနိုင်တယ်။ ကိုရီးယား-မြန်မာ Industrial Complex စီမံကိန်းကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်မယ်။ နောက်တစ်ခုက တိုင်းပြည်ထဲမှာ စက်ရုံအလုပ်ရုံတွေ အများကြီး ပေါ်လာဖို့ ရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက သုံးသပ်ထားသည်။

ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀၊ ကိုရီးယားက ရာခိုင်နှုန်း ၆၀ ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည် ဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing Corporation နဲ့မြန်မာနိုင်ငံက ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက Developer အနေနဲ့ ဖက်စပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးရှိ အကြီးစား စက်မှုဇုန်တွင် ဖက်ရှင် (အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေး စသည့်များစွာသော စက်မှုလုပ်ငန်းများ ဝင်ရောက်နိုင်သော စက်မှုအခြေခံ အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းက ပြောကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအရ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် အခြေခံ အဆောက်အအုံနှင့် ပတ်သက်သည့် စီမံကိန်းကြီးများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ရှိနေသောကြောင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း ဆက်လက် အားကောင်းရန်ရှိကြောင်း သိရသည်။

“တရုတ်ကလည်း အားလုံးသိပြီးသား တရုတ်-မြန်မာ စီးပွားရေး စင်္ကြံဆိုတာ မကြာခင်ဆက်ပြီး အကောင်အထည် ဖော်ဖို့ရှိတယ်။ အဲဒီစီးပွားရေးစင်္ကြံအရ စီမံကိန်းအကြီးကြီးတွေ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်တဲ့ စီမံကိန်းအကြီးကြီးတွေ ဝင်လာဖို့ရှိတယ်။ တရုတ်နိုင်ငံကလည်း ဆက်ပြီး အခြေအနေကောင်းမယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ဘာကြောင့် ဆက်လက်အားကောင်းလာနိုင်သလဲ

မြန်မာ့နိုင်ငံအရေး အခြေအနေအရ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် အာရှစီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးတက် လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဂျပန်၊ တရုတ်၊ ကိုရီးယားရဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေက ဆက်ပြီးကောင်းမယ်။ ကိုရီးယားက သူ့ရဲ့မူဝါဒကိုက ကိုရီးယားနိုင်ငံသားတွေ ကိုယ့်ဆီ အာရှနိုင်ငံတွေ အာဆီယံ နိုင်ငံတွေ သွားပြီးရင်းနှီးမြှုပ်နှံကြဖို့ လုပ်ထားတာရှိတော့ သူ့အစိုးရကိုယ်တိုင်က ဒီလိုအာဆီယံနိုင်ငံတွေမှာ သွားပြီး ရင်းနှီးမြှုပ်နှံမှုအားပေးတာ ရှိတယ်။ နောက်တစ်ချက်ကလည်း ကိုရီးယားက မြန်မာနိုင်ငံမှာ အစိုးရချင်း ပူးပေါင်းပြီးတော့ စက်မှုဇုန်တွေ ထူထောင်နေတာရှိတယ်။ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မှုစာချုပ် ချုပ်ဆိုထားတာရှိတယ်။ အဲဒီစာချုပ်အရလည်း ကိုရီးယားနိုင်ငံသားတွေက မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် အများကြီး အားသာချက်တွေရှိတယ်။ ဒီအချက်ကြောင့် ကိုရီးယားက အားကောင်းမယ်။ ဒုတိယက ဂျပန်ကလည်း နှစ်နိုင်ငံ အစိုးရ ဆက်ဆံမှုက တော်တော်လေး ကောင်းနေတယ်။ ဂျပန်နိုင်ငံ အစိုးရကလည်း မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေသွားဖို့ ဆက်ပြီး အားပေးနေတယ်။ ဒါကြောင့် ဂျပန်ကလည်း ဆက်ပြီး အလားအလာကောင်းမယ်။ တရုတ်ကလည်း အားလုံးသိပြီးသား တရုတ်-မြန်မာ စီးပွားရေး စင်္ကြံဆိုတာ မကြာခင်ဆက်ပြီး အကောင်အထည် ဖော်ဖို့ရှိတယ်။ အဲဒီ စီးပွားရေးစင်္ကြံအရ စီမံကိန်းအကြီးကြီးတွေ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့စီမံကိန်း အကြီးကြီးတွေ ဝင်လာဖို့ရှိတယ်။ တရုတ်နိုင်ငံကလည်း ဆက်ပြီးအခြေအနေ ကောင်းမယ်ပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဟောင်ကောင်နှင့် စင်ကာပူ၊ ထိုင်းအစရှိသည့် အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်လက်တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

“နောက်တစ်ခု ထပ်ပြီးအဓိက အားကောင်းနိုင်တာက အာဆီယံနိုင်ငံတွေက စင်ကာပူတို့၊ ထိုင်းတို့ အထူးသဖြင့်ပေါ့။ အဲဒီနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဆက်ပြီး အားကောင်းမယ်။ ဟောင်ကောင်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ပြီးတော့ မြန်မာပြည်မှာ အားကောင်းနိုင်တယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

လာမည့်ဘဏ္ဍာနှစ်တွင်လည်း မြန်မာ့နိုင်ငံရေး အခြေအနေအရ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်း၍ မရသေးသော်လည်း အာရှစီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် တိုးတက်လာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“အမေရိကန်နဲ့ ဥရောပဘက်ကတော့ သိပ်ပြီးမျှော်မှန်းလို့ မရသေးဘူး။ ဒါကတော့ လက်ရှိနိုင်ငံရေး အနေအထားအရ မျှော်မှန်းလို့ မရသေးဘူးပေါ့နော်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအတွက် အမေရိကန်၊ ဥရောပနိုင်ငံများ (အနောက်အုပ်စု) ၏ ရင်းနှီးမြှုပ်နှံမှုများထက် ဒေသတွင်း အာဆီယံနှင့် အာရှစီးပွားရေး အင်အားကြီးနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများသာ ဆက်လက် အားကောင်းလာနိုင်ဖွယ် ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။

Most Read

Most Recent