တရားရုံးတော်မှ ချမှတ်ထားသည့်အမိန့်ကို လုံးလုံးလျားလျား လက်မခံ၍ အယူခံတက်မည်ဖြစ်ပြီး ပြစ်ဒဏ်လျော့ပေါ့ရန်အတွက် တက်ခြင်းမဟုတ်ကြောင်း အဆိုတော်အစ္စဏီရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ဇန်နဝါရီ ၈ရက် ညနေ ၅ နာရီတွင် တာမွေမြို့နယ် တရာရုံးအနီးရှိ ၎င်း၏ နေအိမ်ရုံးခန်း၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
"အယူခံကတော့ ကာလစည်းကမ်းချက်ဥပဒေ ရှိပါတယ်။ မြို့နယ်ကနေ ခရိုင်ကိုတက်ရမယ်။ ကာလစည်းကမ်းချက် ဥပဒေအတွင်းမှာပဲ အကိုတို့တက်မှာပါ။ နောက်တစ်ခုက ကျွန်တော်တို့ တက်ချင်တိုင်း တက်လို့မရပါဘူး။ ကျွန်တော်တို့သည် အခုကာယကံရှင်ဖြစ်တဲ့ အစ္စဏီရဲ့ခွင့်ပြုချက်ကို ယူရပါမယ်။ ကျွန်တော်တို့သည် ဥပဒေအရ ကောက်ယူသုံးသပ်ချက်သည် အယူခံတက်ရမယ့် အနေအထားဖြစ်ပေါ်ရင် ဥပဒေကြောင်းအရ ပြောပြရပါမယ်။ ကျွန်တော်ကာယကံရှင် အမှုသည်ကတော့ တက်မယ်လို့တော့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဒီချမှတ်ထားတဲ့အမိန့်ဟာ သူ့အနေနဲ့လွဲမှားတယ်လို့ ပြောထားတာရှိပါတယ်။ အခုထောင်ကျနေတဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့ကျန်းမာရေး အခြေအနေများအတွက် ရက်ပိုင်းအတွင်းမှာ တက်ဖို့ရှိပါတယ်။ တက်တဲ့နေရာမှာလည်း ရုံးတော်ရဲ့ ချမှတ်ထားတဲ့အမိန့်ကို လုံးလုံးလျားလျား လက်မခံလို့တက်တာပါ။ ပြစ်ဒဏ်လျော့ပေါ့ဖို့တက်တာ မဟုတ်ပါဘူး" ဟု အဆိုတော်အစ္စဏီ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောကြားသည်။
ထို့နောက်မူလရုံးတော်၏ စီရင်ပိုင်ခွင့်အရ ဆုံးဖြတ်ချက်ပေါ်တွင် မိမိတို့အနေဖြင့် စောဒကတက်ပိုင်ခွင့် မရှိကြောင်း၊ ချမှတ်ထားသည့်အမိန့်သည် ပြင်းထန်သည်ဟု မြင်နေလျှင်တောင် လျော့ပေါ့ပေးရန် တင်ပြပိုင်ခွင့်သာရှိကြောင်း၊ သို့သော်မိမိတို့သည် လျော့ပေါ့ပေးရန် အယူခံတက်မည် မဟုတ်ဘဲ အမှုအမှန်တရားကို ခရိုင်အဆင့်ရုံးတော်မှ ထင်ရှားဆုံးဖြတ်နိုင်ရန်အတွက်သာ အယူခံတက်မည်ဖြစ်ကြောင်း အစ္စဏီ၏ရှေ့နေက ဆက်လက်ပြောကြားသည်။
ထို့ပြင်မိမိအမှုသည်သည် ယင်းကိစ္စကို ကျူးလွန်ထားခြင်းမရှိသည့် အနေအထားပေါ်ပေါက်ကာ ဇန်နဝါရီ ၇ ရက်က အမိန့်မချခင်အချိန်ထိ သံသယတရားခံသာဖြစ်သည့်အတွက် ၎င်း၏မိဘဆွေမျိုးများက လွတ်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိကြောင်း၊ ယခုအခါယင်းယုံကြည်ချက်သည် ပျက်ယွင်းသွားခြင်း၊ ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ ရှိနေဆဲဖြစ်ကာ ဆက်လက်ဖော်ရန်အတွက် ခေတ္တဆိုင်းငံ့သွားသည့် သဘောဖြစ်ကြောင်း၊ မူလရုံး၏အမိန့်သည်လည်း အမှန်တရားအတွက် ခေတ္တခန ဆိုင်းငံ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး အဆိုတော်အစ္စဏီ၏မိခင်က " အန်တီတို့အနေနဲ့ ရင်ဆိုင်လာတာ တစ်နှစ်နဲ့ကိုးလပေါ့။ သားမိနှစ်ယောက်စလုံး ဒီမျှော်လင့်ချက်နဲ့ မျက်နှာမညှိးခဲ့ဘူး။ အန်တီသားကိုလည်း လွတ်မြောက်မယ်ဆိုပြီး ယုံကြည်ထားလို့ ဆွေမျိုးတွေအကုန်လုံး လာကြတာ။ အဲ့ဒီအမိန့်ချမယ်လို့ မထင်မှတ်ထားဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့။ အမိန့်ကချပြီးသွားပြီ။ နောက်ဆက်ပြီးတော့ အယူခံတက်မယ်။ မျှမျှတတလေးနဲ့ မှန်မှန်ကန်ကန်လေး ဆုံးဖြတ်ပေးကြပါလို့ ပြောချင်တယ်" ဟု ဆိုသည်။
အဆိုပါအစ္စဏီအမှုသည် နှစ်နှစ်နီးပါး အမှုရင်ဆိုင်ခဲ့ရပြီး အစ္စဏီအား ဇန်နဝါရီ ၇ ရက်က တာမွေမြို့နယ်တရားရုံး၌ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
ထိုသို့အမိန့်ချမှတ်ခြင်းအပေါ် တရားလို မော်ဒယ်စူးရှထက်၏ရှေ့နေ ဦးရောဘတ်စန်းအောင်က အမှုရုပ်သိမ်းလွှာ တင်ခဲ့သော်လည်း ယခုကဲ့သို့ အမြင့်ဆုံးထောင်ဒဏ် ချမှတ်ခဲ့ခြင်းအပေါ် ဝမ်းနည်းမိကြောင်း၊ အဆိုတော်အစ္စဏီ၏ မိခင်သည် အသက်အရွယ်ကြီးပြီဖြစ်၍ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း ပြောကြားသည်။
"ရုတ်သိမ်းလွှာတင်ထားတယ်လေ။ တင်ခဲ့သော်လည်းပဲ အခုလိုဖြစ်ရတဲ့အတွက် တရားလိုဘက်ဆိုင်ရာ ရှေ့နေတစ်ယောက်အနေနဲ့တော့ ဝမ်းနည်းမှုကို ဖြစ်ရေပါတယ် " ဟု မော်ဒယ်စူးရှထက်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
အဆိုတော် အစ္စဏီကို တရားစွဲဆိုထားမှုအပေါ် တရားလို မော်ဒယ်စူးရှထက်က သြဂုတ် ၅ ရက်တွင် တာမွေမြို့နယ် တရားရုံး၌ အမှုရုတ်သိမ်းလွှာတင်ခဲ့သည်။
အဆိုတော် အစ္စဏီကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တရားရုံး တွဲဖက်မြို့နယ် တရားသူကြီး (၁) တရားခွင်၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် ၂၀၁၈ ခုနှစ် မေလအတွင်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ်စူးရှထက်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ ရောက်ရှိနေစဉ် နံနက် ၂ နာရီကျော်တွင် ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားအတွင်းသို့ ဝင်ရောက်ကာ ပြဿနာရှာနေသောကြောင့် မော်ဒယ်အမျိုးသမီးမှာ ၎င်းနေထိုင်ရာတိုက်ခန်းသို့ ကားငှားပြန်ခဲ့ကြောင်း၊ ယင်းကားနှင့်အတူ အစ္စဏီကလည်း အတူလိုက်ပါခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် နေအိမ်အရောက်တွင် အဆိုတော်အစ္စဏီက မော်ဒယ် အမျိုးသမီးအကျႌအား အတင်းဆွဲချွတ်သဖြင့် မော်ဒယ်အမျိုးသမီးက ရုန်းကန်စဉ် ဦးခေါင်းနှင့် မှန်ဗီရိုတိုက်မိခဲ့ရာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် ခန္ဓာကိုယ်အားနာကျင်အောင် နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ပြီး မော်ဒယ်အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါးလော့ချပြီး သူငယ်ချင်းတစ်ဦးထံ ဖုန်းဆက်အကူအညီတောင်းခံခဲ့ရာ နံနက် ၅ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။















