မဲဆောက်-မြဝတီ လမ်းမှ နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ပိုမိုများပြားလာ

မဲဆောက်-မြဝတီ လမ်းမှ နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ပိုမိုများပြားလာ
မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီမြို့ ချစ်ကြည်ရေးတံတားအနီးတွင် ဒီဇင်ဘာလနောက်ဆုံးပတ်က တွေ့ရစဉ်
မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီမြို့ ချစ်ကြည်ရေးတံတားအနီးတွင် ဒီဇင်ဘာလနောက်ဆုံးပတ်က တွေ့ရစဉ်
Published 3 January 2020
ကိုရွှေသိန်း

မြန်မာ-ထိုင်း နယ်စပ် မဲဆောက် - မြဝတီလမ်းမှ နေရင်း မိဘရပ်ထံသို့ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ပိုမိုများပြားလာပြီး ဒီဇင်ဘာ ၂၈ ရက် နံနက်က ၂၀၀၀ ကျော်ခန့် ပြန်လာခဲ့ကြကြောင်း  သိရသည်။

ဒီဇင်ဘာအားလပ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၂၃ ရက်နေ့မှစတင်ကာ မြန်မာလုပ်သားများ နေရပ်သို့ ပြန်လာကြခြင်းဖြစ်ရာ နေ့စဉ်တစ်ထောင်ဝန်းကျင် ပြန်လာနေရာမှ ဒီဇင်ဘာ ၂၈ ရက်တွင် နှစ်ထောင်ကျော်ခန့် ပြန်လာခြင်းဖြစ်ကြောင်း ကိုသာကြီးက ပြောကြားသည်။

မဲဆောက်မြို့ ချစ်ကြည်ရေးတံတားအနီးနေပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ Helping Hand General Services မှ မန်နေဂျင်းဒါရိုက်တာ ကိုသားကြီးက ဥပဒနှင့်အညီပြန်ကြဖို့နှင့် လုပ်ငန်းခွင်သို့ အ ချိန်မီပြန်လာကြဖို့ အလုပ်ပိတ်ရက် နေရပ် ရွှေညီအစ်ကိုများအား ပြောကြားခဲ့သည်။

 “ကျွန်တော်ပြောချင်တာကတော့လေ တချို့အလုပ်ရုံတွေမှာ အလုပ်သမား သုံးထောင်လောက်ရှိတဲ့ရုံတွေက ၁၅ ရက်ခွင့်ပေးတယ်။ တချို့ ၁၀ ရက်ပေးတယ်။ အဓိက ဘာပြောချင်လဲဆိုရင် ခွင့်ရက်မတိုင်မီ ပြန်လာကြ ပါလို့ ပြောချင်ပါတယ်။ မနှစ်ကဆိုရင် ခွင့်ရက်ကျော်သွားလို့ အလုပ်ပြုတ်သွားတဲ့သူတွေ ၂၀၀ ကျော်ရှိတယ်။ ပြီးတော့ ဥပဒေနဲ့အညီ ပြန်ကြပါလို့လည်း ပြောချင်ပါတယ်” ဟု ကို သားကြီးက ပြောကြားသည်။

နေရပ်သို့ပြန်လာသူ မုတ္တမတွင်နေထိုင်သည့် ကိုချမ်းကလည်း “ပီမိုင်မှာ အလုပ်ပိတ် ရက် ၁၀ ရက်ရပါတယ်။ မိသားစုအလှူလုပ်ဖို့ အပြေးပြန်လာခဲ့တာပါ။ မိသားစု၊ ဘွားကိုလည်း သတိရတာပေါ့ ” ဟု ပြောကြားသည်။

ထို့အတူ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ သွားရောက်လည်ပတ်သူ မြန်မာနိုင်ငံသား များလည်း အများအပြားရှိသည်။ မဲဆောက် မြို့ ကုန်တိုက်များ၊ စျေးများ၊ စတိုးဆိုင်ကြီးများ တွင်လည်း ရာခိုင်နှုန်း ၅၀ စျေးလျှော့ရောင်း ချလျက်ရှိကြောင်း သိရသည်။

ထို့အတူ မြဝတီမြို့အနီး သောင်ရင်းတစ်ဖက် ကမ်းဆောက်အပါအဝင် တာ့ခရိုင် ကိုး မြို့နယ်အတွင်း မြန်မာလုပ်သား လေးသိန်းခန့် ဝင်ရောက်လုပ်ကိုင်လျက်ရှိရာ ယင်းအလုပ် သမားများမှာလည်း စတင်ပြီး ပြန်နေကြပြီ ဖြစ်ကြောင်း မဲဆောက်မြို့တွင် အလုပ်လုပ် ကိုင်သူများက ပြောကြားသည်။

ထိုင်းနိုင်ငံဘက်သို့ သွားရောက်လည် ပတ်သူများပြားခြင်းကြောင့် မြဝတီမြို့ ချစ်ကြည်ရေးတံတားအနီးတွင် နေ့စဉ်နံနက်တိုင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent