ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ဇန်နဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီတွင် အလုံမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တိုင်းဒေသကြီး၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးတို့က အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းအား ဇန်နဝါရီ ၂ ရက်မှ ၁၂ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ယခင်ကဲ့သို့ မေးခွန်းစာရွက်များဖြင့် မေးမြန်းကောက်ယူခြင်းမျိုး မဟုတ်ဘဲ Mobile Tablet ဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်း ကောက်ယူသည့်စနစ်ကို အသုံးပြုကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း နည်းပြသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲအခမ်းအနား၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်အထိ မြန်မာနိုင်ငံ၏ လူဦးရေသည် လူဦးရေတိုးနှုန်း (အလယ်အလတ်) ခန့်မှန်းတွက်ချက်မှုအရ ၅၄ ဒသမ ၄၅ သန်းသို့ ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြည်သူ့အင်အားဦးစီးဌာနသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ မကောက်ယူနိုင်ခဲ့သော ပြည်လုံးကျွတ်လူဦးရေ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူဦးရေစာရင်းဇယား စဉ်ဆက်မပြတ် ရရှိနိုင်ရေးဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သက်ဆိုင်သည့် ရေတိုရေရှည်စီမံကိန်းများအား အထောက်အပံ့ကောင်းများ ပံ့ပိုးပေးနိုင်ရုံသာမက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများကိုပါ သက်ဆိုင်ရာဒေသ၏ လူဦးရေစာရင်းဇယားများဖြင့် ထောက်ပံ့ကူညီနိုင်မည်ဖြစ်၍ ပြည်သူ့အင်အားဦးစီး ဌာနအနေဖြင့် ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များဖြစ်သော နိုင်ငံတော်၏ မူဝါဒအရ လိုအပ်သောအချိန်ကာလအတွက် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိစေရန် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားရေးစီမံကိန်းများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အကူဖြစ်စေမည့် လူဦးရေကိန်းဂဏန်းများ ရရှိစေရန် စစ်တမ်းများကောက်ယူခြင်း၊ နိုင်ငံတော်၏ ဒေသအသီးသီးအလိုက် လူဦးရေခန့်မှန်းခြင်းနှင့် ပြည်တွင်းပြည်ပလူဦးရေဆိုင်ရာ လှုပ်ရှားမှုလုပ်ငန်းများအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို လာမည့်နှစ်သစ်ကာလတွင်လည်း အောင်မြင်စွာ ဆောင်ရွက်၍ နိုင်ငံတော်၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ဇန်နဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြည့်ဖြိုးအောင်















