မြန်မာပရိသတ်များကြားတွင်သာမက ထိုင်းပရိသတ်များကြားတွင်ပါ စိတ်ဝင်စားအားပေးမှုများစွာရရှိလာသူ သရုပ်ဆောင် မော်ဒယ်လ်ပိုင်တံခွန်အား ၂၀၁၉ ခုနှစ်အတွင်း ထင်ရှားသောအနုပညာရှင်တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ သရုပ်ဆောင်မော်ဒယ်လ်ပိုင်တံခွန်သည် ယခုနှစ်အတွင်း ပြည်တွင်းပရိသတ်များကြား၌ ထင်ရှားလာခဲ့ရုံသာမက ထိုင်းပရိသတ်များ၏ အားပေးမှုများစွာရရှိခဲ့ပြီး ထိုင်းပရိသတ်များအတွက် Fan Meeting ကို လည်းလက် မှတ်ရောင်းချသည့် ပွဲတစ်ခုအဖြစ် သွားရောက်ကျင်းပနိုင်ခဲ့သူဖြစ်သည်။
သရုပ်ဆောင်မော်ဒယ်လ်ပိုင်တံခွန်သည် ကော့သောင်းမြို့ဇာတိဖြစ်ပြီး မြိတ်မြို့တွင်ပြုလုပ်သည့် မော်ဒယ်လ်ပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကအတွင်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။ ၀ါသနာပါရာ အနုပညာခရီးလမ်းတစ်လျှောက်တွင် ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့ပြီးနောက် ပရိသတ်အားပေးမှု ရရှိလာကာ ၂၀၁၉ ခုနှစ်အတွင်း ပရိသတ်အားပေးမှု ပိုမိုများပြားစွာရရှိလာခြင်းဖြစ်သည်။ သရုပ်ဆောင်ပိုင်တံခွန်သည် ပြည်တွင်းမှ ပရိသတ်များသာမက ထိုင်း၊ ဂျပန်စသည့်နိုင်ငံများမှ ပရိသတ်များ၏ အားပေးမှုလည်းရရှိလာခဲ့သည်။ သရုပ်ဆောင်ပိုင်တံခွန်သည် ထိုင်းနိုင်ငံမှ ထိပ်တန်းသရုပ်ဆောင်များနှင့် တွဲဖက်ကာ ကြော်ငြာများ၊ ဇာတ်ကားများတွင်လည်း ပါဝင်ရိုက်ကူးခွင့်ရခဲ့သည်။ ထိုင်းနိုင်ငံမှရိုက်ကူးမည့် အခြားသောဇာတ်ကားများနှင့် ကြော်ငြာများတွင်လည်း ထပ်မံပါဝင်ရန် စီစဉ်ထားကြောင်းသိရသည်။ သရုပ်ဆောင် ပိုင်တံခွန်သည် The Mask Singer Myanmar အစီအစဉ်တွင်လည်း ပါဝင်ခဲ့ရာ၌ မျက်နှာဖုံးချွတ်ပြကာ ဖျော်ဖြေပေးရသည့် အစီအစဉ်တွင် တေးသီချင်းဖျော်ဖြေမှုအား ပရိသတ်များက သဘောကျ နှစ်သက်ခဲ့ကြသည်။
သရုပ်ဆောင်ပိုင်တံခွန်သည် ထိုင်းခရီးသွားများအား ဆွဲဆောင်နိုင်ရန်အတွက် ခရီးသွားသံတမန်အဖြစ်လည်း ခန့်အပ်ခံထားရသူဖြစ်သည်။ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ရုပ်ရှင်ပွဲတော်သို့လည်း ဖိတ်ကြားခံခဲ့ရသဖြင့် တက်ရောက်ခဲ့သည်။
“၀ါသနာပါတဲ့အနုပညာခရီးလမ်းမှာ အခက်အခဲတွေအများကြီးရှိခဲ့ပေမယ့် ဖြည်းဖြည်းမှန်မှန်ပဲ သွားမယ်။ အကောင်းဆုံးတော့ ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ပဲ ကြိုးစားလာခဲ့တာပါ။ ပြည်တွင်းပရိသတ်တွေတင်မကဘဲ ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတချို့က ပရိသတ်တွေက အသိအမှတ်ပြုတယ်၊ အားပေးကြတယ်ဆိုတော့ အိပ်မက်မက်နေသလိုပါပဲ။ အရမ်းလည်းပျော်တယ်။ စိတ်ဓာတ်ခွန်အားတွေလည်း အများကြီးရတယ်။ ပရိသတ်အားပေးမှုနဲ့ ထိုက်တန်တဲ့သူဖြစ်အောင်လည်း ကြိုးစားသွားမှာပါ။ ၂၀၂၀ မှာလည်း မတူကွဲပြားတဲ့ အနုပညာဖန်တီးမှုတွေ အများကြီး လုပ်သွားပါမယ်” ဟု သရုပ်ဆောင်ပိုင်တံခွန်က ဆိုသည်။ သရုပ်ဆောင်ပိုင်တံခွန်သည် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ပြည်တွင်း၌လည်း ဇာတ်ကားသစ်များ၌ ပါဝင်သရုပ်ဆောင်ရန် စီစဉ်ထားကြောင်းသိရသည်။









