ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပေါ်မလာနိုင်သေးသော လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပေါ်မလာနိုင်သေးသော လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း
၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
Published 30 December 2019
ဉာဏ်လင်းထွန်း

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဆိုင်းငံ့ခဲ့ပြီး လက်ရှိဒုတိယအကြိမ် လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကြာချိန်မှ လွှတ်တော်သို့ ပြန်လည်ရောက်ရှိလာသည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း (Right To Recall) သည် လွှတ်တော်သို့ ရောက်ရှိလာသဖြင့်  ၂၀၁၉ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ် အင်္ဂါရပ်များနှင့် လျော်ညီခြင်းမရှိ ဟုဆိုသော၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ပွဲ တင်မြောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ပြန်လည်ရုပ်သိမ်းနိုင်မည့် အခွင့်အရေး ပေးထားသည်။

ထိုအခွင့်အရေးမှာ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအား ပြန်လည်ရုပ်သိမ်းခွင့်ဖြစ်ပြီး ယင်းသို့ရုပ်သိမ်းနိုင်ရန် လွှတ်တော်ကိုယ်စား လှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းရမည်ဖြစ်ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ယင်းဥပဒေကြမ်း မှာ ဆိုင်းငံ့အနေအထားဖြစ်ခဲ့ပြီး ပြဋ္ဌာန်းနိုင်ခဲ့ ခြင်းမရှိပေ။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန် လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပြဋ္ဌာန်းရန် ရှိ မရှိ နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် သုံးဦးက ၂၀၁၇ မှစ၍ ၂၀၁၉ အထိလွှတ်တော် အသီးသီးတွင် သုံးနှစ်ဆက် မေးခွန်းထုတ် ခဲ့ကြသည်။

ပြည်သူအကျိုး မထမ်းဆောင်သည့် ပြည်သူ့ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းခွင့်မှာ အခြေခံဥပဒေက ပေးထားသည့် အခွင့်အရေး ဖြစ်သော်လည်း ယနေ့အထိ အဆိုပါ အခွင့်အရေးကို ပြည်သူများ မခံစားရသေးကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က လွှတ်တော်တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက မေးခွန်းမေးစဉ် ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဥပဒေကြမ်း အတည်ပြုနိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးခြင်း၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာများကို လွှတ်တော်သို့ တင်သွင်းခြင်းစသည်တို့ လုပ်ဆောင်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေခဲ့ပြီး ဥပဒေကြမ်း အတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားရန် အဆိုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၅၃ မဲ၊ ကြားနေမဲ ၁၂ မဲဖြင့် ဆိုင်းငံ့ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အချောနီးပါး ပြီးစီးနေသည့် လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် ပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကို ရည်ရွယ်သည့်သဘော ဖြစ်နေခြင်း၊ နိုင်ငံရေး အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားနိုင်သည့် အခြေအနေများကြောင့် ဆိုင်းငံ့သင့်သည်ဟုရှုမြင်ပြီး ဆိုင်းငံ့ရန် ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။

သီးခြားအတည်မပြုနိုင်သော်လည်း ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်အချို့ ပြောကြားချက်အရ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပေါ်ပေါက်လာမည့် အခါတွင်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဖြုတ်ချနိုင်ရေး လှုပ်ရှားမှုတစ်ခုကို ၎င်း၏မဲဆန္ဒနယ်မှ ပြည်သူအချို့က လုပ်ဆောင်မှုများ ရှိနေကြောင်း၊ ထိုဖြစ်စဉ်များကြောင့် ထိုစဉ်က သူရဦးရွှေမန်းနှင့် နီးစပ်မှုရှိပြီး ဆက်ဆံရေးကောင်းများ ရှိနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကလည်း ဆိုင်းငံ့ခြင်းကို ထောက်ခံခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အချို့ကိုယ်စားလှယ်များက၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် တိုက်ဆိုင်နေသောကြောင့် ဆိုင်းင့ံလိုက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၇ တွင် အတိအလင်း ဖွင့်ဆိုထားသောကြောင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို မဖြစ်မနေ ပြဋ္ဌာန်းရန် တာဝန်ရှိနေသည်။

အခြေခံဥပဒေပုဒ်မ ၃၉၆ (က) တွင် မည်သည့်အချက်များဖြင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်က ရုပ်သိမ်းနိုင်ကြောင်း ဖော်ပြထားပြီး မည်သို့လုပ်ဆောင်ရမည်ကို ပုဒ်မ ၃၉၆ (ခ) တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်မှု မရှိခြင်း စသည့် အချက် ငါးချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်ရုပ်သိမ်းခွင့်ရှိကြောင်း ပုဒ်မ ၃၉၆ (က) တွင်ဖော်ပြထားပြီး ပြန်လည်ရုပ်သိမ်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြတိုင်တန်းရမည်ဟု ပုဒ်မ ၃၉၆ (ခ) တွင် ပြဋ္ဌာန်းထားသည်။

လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပေါ်ပေါက်ရန် ကိုယ်စားလှယ်အများစုက သဘောတူကြပြီး ကိုယ်စားလှယ်ကို တင်ပြတိုင်တန်းနိုင်သည့် တစ်ရာခိုင်နှုန်းဆိုသည့် အရေအတွက်အပေါ် အဓိက သဘောထား ကွဲလွဲကြသည်။

လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တစ်ရာခိုင်နှုန်းဆိုသည့် ပမာဏသည် အလွယ်တကူ စုဆောင်းနိုင်သည့်အတွက် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်ရေးတွင် အနှောင့်အယှက်ရှိမည်ကို စိုးရိမ်သည်ဟု ယခုနှစ် ဖေဖေါ်ဝါရီက မှတ်ချက်ပြုထားသည်။

အင်အားကြီး အတိုက်အခံဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်၍ တစ်ရာခိုင်နှုန်းကို ပြင်လိုလျှင် အခြေခံဥပဒေကို ပြင်ရမည်ဖြစ် ပြီးအခြေခံဥပဒေကို မပြင်နိုင်လျှင် တစ်ရာခိုင်နှုန်းအတိုင်း အတည်ပြုရေးဆွဲရမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုသည်။

တစ်ရာခိုင်နှုန်းသည် တင်ပြတိုင်တန်း နိုင်မည့် ရည်ညွှန်းချက်ဖြစ်၍ အလွန်အကျွံ စိုးရိမ်ရန် မလိုကြောင်း အကြံပြုချက်များလည်းရှိပြီး အချက်ငါးချက်ထဲမှ တစ်ချက် ချက်ကို ဖောက်ဖျက်သည်ဟုယူဆ၍ မဲဆန္ဒ ရှင် ပြည်သူတစ်ရာခိုင်နှုန်းက ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း တင်ပြလာလျှင်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဆင့်သုံးဆင့်ဖြင့် တင်ပြ ချက်များကို ဆောင်ရွက်ရမည်ဖြစ်သည်။

ပုဒ်မ ၃၉၆ (ဂ) တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်၊ (ဃ) တွင် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ချေပခွင့်ပေးရမည်၊ (င) တွင် စွပ်စွဲချက်များ မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်းတွေ့ရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ထိုကဲ့သို့ ၀ိရောဓိဖြစ်နေသည့် တစ်ရာခိုင်နှုန်းဆိုသည့် ပမာဏအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖြင့် ဆောင်ရွက်နေသည့် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများတွင် ထည့်သွင်း ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ အတိအကျ မသိရသော်လည်း ပြင်ဆင်ရေး လုပ်ငန်းများမှာ အခန်း (၉) သို့ ရောက်ရှိနေပြီး ယင်းအခန်းသည် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ခြင်း၊ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာများ ပြဋ္ဌာန်းထားသည့် အခန်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီကုန်တွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို မည်သည့်အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည်နှင့် မည်သည့်အတွက်ကြောင့် ကြန့်ကြာနေသည်ကို သိလိုကြောင်း လွှတ်တော်တွင် မေးမြန်းပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သည်ကို ဖေဖော်ဝါရီ ၁၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိချက်အရ သိရသည်။

ကော်မရှင်က တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် အခန်း (၅) ခန်း ပါရှိပြီး အခန်း (၁) တွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) တွင် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း၊ အခန်း (၃) တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၄) တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၅) တွင် အထွေထွေဟူ၍ ဖြစ်သည်။

ဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် စသည့် လွှတ်တော်သုံး ရပ်စလုံးနှင့် အကျုံးဝင်မည်ဖြစ်ပြီး တာဝန်မှ ရုပ်သိမ်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ကို တိုင်တန်းနိုင်သည့် မဲဆန္ဒရှင်ကိုလည်း တစ်ရာခိုင်နှုန်းဖြင့်သာ ရေးဆွဲထားသည်။

ထိုသို့ တိုင်တန်းမှုများအပေါ် ကော်မရှင်အနေဖြင့် ရာခိုင်နှုန်း မှန်ကန်မှု ရှိ မရှိ တိုင်တန်းချက် မှန်ကန်မှု ရှိမရှိနှင့် တင်ပြတိုင်တန်းနိုင်သည့် အချက်ငါးချက်ပါ အချက်များနှင့် ညှိစွန်းခြင်းရှိ မရှိ စိစစ်မည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ပြု မပြုကို မူလမဲဆန္ဒရှင် ထက်ဝက်ကျော်က ဦးစွာ ဆန္ဒမဲပေးရမည်ဖြစ်ပြီး ထိုအရေအတွက် ရရှိမှ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကာ မရရှိပါက မရုပ်သိမ်းကြောင်း ဆုံးဖြတ်မည်ဖြစ်သည်။

ဆန္ဒမဲပေးသည့် ထက်ဝက်ကျော်က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ဆန္ဒပြုလျှင် ရုပ်သိမ်းကြောင်း ဆုံးဖြတ်မည်ဖြစ်ပြီး ဆန္ဒမဲ ထက်ဝက်ကျော် မရရှိလျှင် ရုပ်သိမ်းခြင်းပြုမည် မဟုတ်ပေ။

တာဝန်မှ ရုပ်သိမ်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် လက်ရှိလွှတ်တော် သက်တမ်းနှင့် လာမည့် လွှတ်တော်သက်တမ်း တစ်ခုအတွက် ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရှိမည်မဟုတ်သလို မမှန်မကန် တိုင်တန်းကြောင်း စစ်ဆေးပေါ်ပေါက်လျှင်လည်း ဦးဆောင်သူကို အရေးယူမည့် အချက်များ ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

သို့သော် လက်ရှိတွင် အဆိုပါ ဥပဒေကြမ်းသည် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတွင်သာ ရှိနေသေးပြီး ဥပဒေကြမ်းကို လွှတ်တော်တွင် မည့်သည့်အချိန်၌ စတင်ဆွေးနွေးမည်ကို မသိရပေ။

Right To Recall ဥပဒကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “အဲတာက ကျွန်တော်တို့သည် On Going Process ပါပဲခင်ဗျ။ ကျွန်တော်တို့ လုပ်နေတုန်းပါပဲ။ ဆောင်ရွက်နေတုန်းပါပဲ။ (လာမည့် လွှတ်တော်ဖွင့်လှစ်ချိန်မှာ လုပ်ဆောင်နိုင်ဖို့ရှိမလား) အဲတာကတော့ ကျွန်တော်တို့မှာက တို့လို့တန်းလန်းကျန်တဲ့ ဥပဒေတွေက အများကြီးပေါ့နော်။ ပင်လယ်ငါးလုပ်ငန်း ဥပဒေတွေ ဘာညာ၊ ဒါတွေကတော့ အားလုံး သူ့တိုင်ပင်နဲ့သူ လွှတ်တော်ဆိုတာက Carry Over လည်း လုပ်သွားလို့မရဘူး။ ပထမအကြိမ် လွှတ်တော်က လက်ကျန် ဥပဒေတွေလည်း ဒုတိယအကြိမ် လွှတ်တော်မှာ ဆွေးနွေးလို့မှ မရဘဲကို။ အဲတာကတော့ သူ့ဟာနဲ့သူတော့ ဆောင်ရွက်သွားရမှာပါဘဲ။ ဒါပေမယ့် အဓိကကတော့ အခုဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းကိုပေါ့။ နာယကကြီးကလည်း ဒါကို လမ်းညွှန်ထားတယ်လေ။ ပူးပေါင်းကော်မတီတွေ၊ ကော်မတီတွေအနေနဲ့ အရေးကြီးတဲ့ဟာကို အရင်ဆောင်ရွက်ပါဆိုတော့ Process ကတော့ ရှိနေမှာပါ။ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ ဘယ်အချိန်ပြီးမယ်။ ဘယ်ဟာက အရှေ့၊ ဘယ်ဟာက အနောက် ဆိုတာတော့ အင်မတန်မှ ပြောရတာ ခက်ခဲတဲ့ အနေအထားပါ” ဟုပြောကြားသည်။

မဲဆန္ဒရှင် ပြည်သူများ၏ အခွင့်အရေး တစ်ရပ်ဖြစ်သော လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်း ပိုင်ခွင့်သည် ယခုလွှတ်တော် သက်တမ်းတွင် အကောင်အထည် ဖော်နိုင်ခြင်း ရှိ မရှိ စောင့်ကြည့်ရမည်သာ ဖြစ်သည်။

 

Most Read

Most Recent