လက်ထပ်ထိမ်းမြားခြင်း အသက်ကန့်သတ်ချက်နှင့် ကလေးမွေးစားခွင့် အပါအဝင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ

လက်ထပ်ထိမ်းမြားခြင်း အသက်ကန့်သတ်ချက်နှင့် ကလေးမွေးစားခွင့် အပါအဝင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ
၂၀၁၉ ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
၂၀၁၉ ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
Published 30 December 2019
စည်သူ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့၏ ၂၀၁၉ ခုနှစ် လွှတ်တော်အစည်းအဝေး ကာလအတွင်း အတည်ပြုခဲ့သည့် ဥပဒေများအနက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုရာတွင် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ၌ အငြင်းပွားမှုများ၊ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့်  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်းတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း စာချုပ်ချုပ်ဆိုပြီး ထိမ်းမြားလက်ထပ်ခြင်း ဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဆိုသည့် အဆိုပြုချက် ပါဝင်လာသည်။

ယင်းအဆိုပြုချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့်  အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်ဟု ပြင်ဆင်တင်ပြခဲ့ပြီး ဥပဒေကြမ်းပါ ပြင်ဆင်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ တင်သွင်းဆွေးနွေးကြကာ နောက်ဆုံးအဆင့် အတည်ပြုချိန်တွင် လက်ထက်ထိမ်းမြားခွင့်နှင့် ပတ်သက်သည့် အချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အတိုင်း အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်က ဥပဒေကြမ်းအား အတည်ပြုပြီးချိန်တွင် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်သည် ၁၈ နှစ်မပြည့်ခင် လက်ထပ်နိုင်သည့်သဘော ဖြစ်သည် ဟုဆိုကာ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ကန့်ကွက်မှုများအပါအဝင် ဝေဖန်မှုများကြောင့် သက်ဆိုင်ရာကော်မတီ က တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စား လှယ်များက ပြန်လည် ရှင်းလင်းပြောကြားမှု များလုပ်ဆောင်ခဲ့ရပြီး  ပြည်သူ့လွှတ်တော် အတည်ပြုချက်အရ အသက် ၁၈ နှစ်အောက် အရွယ်ဖြင့် ထိမ်းမြားခွင့်ရခြင်း မဟုတ်ဘဲ လက်ထက် ထိမ်းမြားမည် ဆိုပါက တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများ ရှိကြောင်းကို ရှင်းလင်းခဲ့ရသည်။

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီးတဲ့နောက် ဝေဖန် အငြင်းပွားမှုများ ထွက်ပေါ်ခဲ့သည့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းသည် အမျိုးသား လွှတ်တော်ကို ရောက်ရှိခဲ့ပြီးနောက် အမျိုး သားလွှတ်တော်က ၂၀၁၉ ခုနှစ် မတ် ၁၃ ရက်မှာ ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့ခဲ့သည်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုပေးပို့ခဲ့သည့် ဥပဒေကြမ်းတွင် လက်ထက်ထိမ်းမြားခြင်း ကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်နှင့် ကွဲလွဲကာ အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဟု ပြင်ဆင်ခဲ့ပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်နှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ထပ်မံတင်ပြမှုတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဥပဒေကြမ်းပါ လက်ထက်ထိမ်းမြားခွင့်နှင့် သက်ဆိုင်သည့် အချက်အား မူလဝန်ကြီးဌာနက တင်ပြခဲ့သည့် အဆိုပြုချက်အတိုင်း ထားရှိရန် ပြန်လည်တင်ပြခဲ့သည်။

လက်ထပ်ထိမ်းမြားခွင့် အသက်အရွယ် အပါအဝင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့၏ သဘောထား ကွဲလွဲချက် စုစုပေါင်း ၂၇ ချက်ရှိခဲ့ပြီး ပြည်ထောင် စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို မေ ၂၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

သဘောကွဲလွဲချက်ဖြစ်ခဲ့သည့် လက်ထပ်ထိမ်းမြားခြင်းအသက်အရွယ်ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ခုစလုံး၏ အတည်ပြုချက် မယူဘဲ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြင်ဆင်တင်ပြချက်တွင် အမျိုးသားနှင့်အမျိုးသမီးတို့၏ ထိမ်းမြား လက်ထပ်နိုင်သည့် အသက်သည် တည်ဆဲ ဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့် အတိုင်း ဖြစ်စေရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ထိမ်းမြားလက်ထက်ခြင်း စာချုပ်ချုပ်ဆိုပြီး လက်ထပ်ခြင်း သို့မဟုတ် ကတိသစ္စာပြုပြီး ထိမ်းမြားခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည်  ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဟု ဖော်ပြခဲ့သည်။

အယူအဆ ကွဲလွဲချက်များကြားကပင် ဇွန် ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။

လက်ထက်ထိမ်းမြားခြင်း အသက်အရွယ်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများသည် နောက်ဆုံးအဆင့် ဆွေးနွေးဆုံးဖြတ် မဲခွဲချိန်အထိ အမြင်မတူသည့် သဘောထားများ ယှဉ်တွဲနေပြီး စိတ်ဝင်စားမှု မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

လက်ထက်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးတို့က အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း အတည်ပြုရန် ဆွေးနွေးခဲ့သည်။

“အမျိုးသား လွှတ်တော်ကတော့ ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်ဆိုတဲ့ စာတစ်ကြောင်းပဲ ပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ဓလေ့ထုံးတမ်းစဉ်လာတွေ အတွက်ပါ ပါနေတယ်ပေ့ါနော်။ ကျွန်မတို့ အနေနဲ့က မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်တဲ့ ကလေးမှန်သမျှက တူညီတဲ့အခွင့်အရေးနဲ့ တူညီတဲ့ ကာကွယ်စောင့်ရှောက်မှု ရစေချင်တယ်။ ဓလေ့ထုံးတမ်း လူမျိုးတွေ ကွာခြားတာမို့လို့ ကလေးတွေ အပေါ်မှာ ကွဲပြားသွားတဲ့ အခွင့်အရေးတွေရော စောင့်ရှောက်မှုတွေရော မဖြစ်စေချင်ဘူး။ အဲဒီအတွက် အမျိုးသားလွှတ်တော် အတည်ပြုချက် အတိုင်းပဲ ဖြစ်စေချင်တယ်” လို့ အမျိုးသား လွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း အတည်ပြုပေးရန် ကျောက်တန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ထိုစဉ်အချိန်က ပြောကြားခဲ့သည်။

ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန တာဝန်ရှိသူများက ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ထားရှိရန် တင်ပြခဲ့ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ တင်ပြချက်ကို အခြေခံ မဲခွဲရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၈၈ ဦးရှိသည့်အနက် ထောက်ခံမဲ ၁၉၀၊ ကန့်ကွက်မဲ ၂၃၅၊ ကြားနေမဲ လေးမဲ၊ ဆန္ဒမဲ အရေအတွက် စုစုပေါင်း ၄၂၉ ဖြင့် ကန့်ကွက်သူများသည့်အတွက် ဝန်ကြီးဌာနနှင့် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက် ရှုံးနိမ့်ခဲ့ရသည်။

ပုံမှန်အားဖြင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ တင်ပြချက်များသာ အနိုင်ရလေ့ ရှိသော်လည်း ယခုဥပဒေကြမ်းတွင် ကိုယ်စားလှယ်များ ဆွေးနွေးတင်ပြသည့် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ရသည်။

ထိုသို့ ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်းက အတည်ပြုပြီးနောက် ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရန် နိုင်ငံတော်သမ္မတထံ ပေးပို့ထားချိန်တွင် ကလေးသူငယ်အခွင့်အ ရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်ပြီး ပြဿနာတစ်ရပ် ထပ်မံပေါ်ထွက်ခဲ့ပြီး အဆိုပါ အချက်မှာ ကလေးမွေးစားခွင့်နှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ နိုင်ငံတော်အတွင်း မွေးဖွားသည် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့်ရှိသည်ဟု အတည်ပြုခဲ့သည်ကို တွေ့ရသည် ဟုဆိုကာ နိုင်ငံရေးပါတီ ၂၆ ခုက ဇွန် ၁၇ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အတည်ပြုခဲ့သည့် ဥပဒေ၏ ပုဒ်မ ၃၃ (ခ) တွင် “မွေးစားကလေးသူငယ် တစ်ဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ မွေးစားမိဘ၏ အခြားသားသမီးများ ကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေး အပါအဝင် တူညီသော အခြားအခွင့်အရေးများ ရရှိစေရမည်” ဟု ပြဋ္ဌာန်းထားကြောင်းနှင့်  နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့်ရှိသည်ဟူသော ဥပဒေပြင်ဆင်ချက်သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အခန်း (၈)၊ ပုဒ်မ ၇၃ ပါ နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့် နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူအဖြစ် မရှိစေရဆိုသည့် ပြဋ္ဌာန်းချက်ကို လွှမ်းမိုးပယ်ဖျက်လိုက်သည့် သဘောဖြစ်သည် ဟုဆိုကာ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် အထက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့်သည် သက်ဆိုင်ရာ ဥပဒေများနှင့်သာ သက်ဆိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ကော်မတီဝင်များ၊ အစိုးရအဖွဲ့ တာဝန်ရှိသူအချို့က ကန့်ကွက်သူများအား တုံ့ပြန်ပြောကြားခဲ့သည်။

လက်ထက်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး ဂယက်ရိုက်ခဲ့ သကဲ့သို့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြီးနောက် ကလေးမွေးစားခွင့်နှင့် ပတ်သက်ပြီး ပြဿနာ ထပ်မံပေါ်ထွက်လာသည့်  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတက ဇွန် ၁၈ ရက်တွင် လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့သော်လည်း ပွဲဆူခဲ့သည့် အကြောင်းအရာ ကိစ္စများအတွက် တစ်စုံတစ်ရာ ထိစွန်းထားခြင်း မရှိဘဲ ဥပဒေရေးထုံးအချို့ ညီညွတ်ရန်သာ ပြန်လည်ပြင်ဆင် ပေးပို့ခဲ့ကာ ပြည်ထောင်စု လွှတ်တော်ကလည်း ဇူလိုင် ၂၂ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များအတိုင်း ပြင်ဆင်အတည်ပြုပြီးနောက် ဝေဖန်မှုများ၊ အငြင်းပွားမှုများ အသံတိတ် သွားခဲ့ရသည်။

 

Most Read

Most Recent