ဝေဖန်မှုများရှိခဲ့သော ကျည်ကာကားခြောက်စီး ဝယ်ယူရေးအတွက် မဲခွဲခြင်း

ဝေဖန်မှုများရှိခဲ့သော ကျည်ကာကားခြောက်စီး ဝယ်ယူရေးအတွက် မဲခွဲခြင်း
၂၀၁၆ ခုနှစ် မတ် ၃၀ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်နှင့် လုံခြုံရေး ယာဉ်တန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
၂၀၁၆ ခုနှစ် မတ် ၃၀ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်နှင့် လုံခြုံရေး ယာဉ်တန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Published 30 December 2019
စည်သူ

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ ပြီးဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါ အစည်းအဝေးကာလအတွင်း နိုင်ငံတော် အကြီးအကဲများ လုံခြုံရေးအတွက် Toyota Land Cruiser (Bullet Proof) မော်တော်ယာဉ်ခြောက်စီး ဝယ်ယူရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိစေရေးကိစ္စကို  ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့သည်။

အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ပြုနိုင်ရေနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များနှင့်အညီ မော်တော်ယာဉ် ခြောက်စီးအတွက် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေးအတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ကပြု လုပ်သည့် (၁၅/၂၀၁၉) ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာ ကော်မတီအစည်းအဝေး၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကပြုလုပ်သည့် (၂၂/၂၀၁၉) ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးများသို့ တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရခြင်းဖြစ်သည်။

“ယင်းသို့ဝယ်ယူခြင်းဖြင့် နိုင်ငံတော်အကြီးအကဲများရဲ့ ပြည်တွင်းခရီးစဉ်များ သွားလာရာတွင် လုံခြုံစိတ်ချမှု ရှိစွာနှင့် အန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့ အသုံးပြုနိုင်ခြင်း၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များရဲ့ ပြည်တွင်းခရီးစဉ်များတွင်လည်း နိုင်ငံတော်ဧည့်ယာဉ်အဖြစ် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူမယ့် မော်တော်ယာဉ် အမျိုးအစားဟာ Toyota Land Cruiser (Bullet Proof) ၂၀၁၉ နှင့် ၂၀၂၀ တို့ဖြစ်ပြီးတော့ စုစုပေါင်း ခြောက်စီးဖြစ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ် ခြောက်စီးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းစစ်နှင့် စစ်ဆေးရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဘဏ္ဍာရန်ပုံငွေ ကျပ် ၁၂၄၉ ဒဿမ ၉၉၈ သန်း ခွင့်ပြုထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

အထက်ပါ မော်တော်ယာဉ် ခြောက်စီးကို ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ ရန်ကုန်ဆိပ်ကမ်းအရောက်တန်ဖိုး (CIF Yangon) စျေးနှုန်းဖြင့် တိုက်ရိုက်မှာယူသည့်စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ တင်ပြချက်များအရ သိရပါသည်။

ဝယ်ယူရာတွင်လည်း ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃၅၉၂ သိန်းဖြစ်ပြီး အထူးကုန်စည်ခွန်အဖြစ် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၁  ပါ ပြဋ္ဌာန်းချက်အရ ကုန်းပေါ်ရောက် တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြစ်သည့် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆၇၉၆ သိန်း ကျသင့်မည်ဖြစ်ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ယင်းဥပဒေပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်အရ အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၀ ဒဿမ ၅၅၁၉ သိန်း ကျသင့်မည်ဖြစ်ပြီး စုစုပေါင်း အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂၃၁၅ သိန်း ကျသင့်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထိုသို့ နိုင်ငံတော် အကြီးအကဲများ လုံခြုံရေးအတွက် Toyota Land Cruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီး ဝယ်ယူရေးကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အဆုံးအဖြတ် မယူမီ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြု ဆွေးနွေးခြင်းများလည်း ရှိခဲ့သည်။

နိုင်ငံမချမ်းသာသေး၍ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံအတွက် နှစ်စီးသာ ဝယ်ယူသင့်ပြီး ဒုတိယသမ္မတများ အနေနှင့် မစီးသေးဘဲ ခဏနေပါဦးဟု သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီဇင်ဘာ ၁၁ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့သည်။

“ဘတ်ဂျက်လိုငွေတွေ နှစ်တိုင်းရှိနေတာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ မလိုအပ်တဲ့ အသုံးစရိတ်တွေ လျော့ချရမယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တာဝန်ရှိများက အမြဲအစီရင်ခံစာတွေ တင်ပြနေတာ အမြဲတမ်း ကြားသိနေရပါတယ်။ ဒါကြောင့် လိုအပ်တာကို သုံးရမယ်။ မလိုအပ်တာကို လျော့ချရမယ်လို့ တင်ပြလိုပါတယ်။ ECC မှာ လက်ရှိ Bullet Proof မာစီဒီးယာဉ်နှစ်စီး ဝယ်ယူထားတာ သိရပါတယ်။ ခြောက်စီးလိုပါသလား။ နိုင်ငံတော် အတိုင်ပင်ခံရယ်၊ သမ္မတကြီးရယ် အတွက် နှစ်စီးဆိုရင် ရမယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ကျွန်တော်အမြင် တင်ပြခြင်း ဖြစ်ပါတယ်။ ဒုတိယ သမ္မတတွေ မစီးပါနဲ့ဦး။ ဒုတိယသမ္မတတွေ ခဏနေပါဦးလို့ ပြောချင်တယ်။ ကျွန်တော်တို့နိုင်ငံက မချမ်းသာသေးဘူး” ဟု ဦးစိုးသိန်းက ပြောကြားခဲ့သည်။

Toyota Land Cruiser (Bullet Proof) မော်တော်ယာဉ် နှစ်စီးသာ ဝယ်ယူခြင်းဖြင့် မော်တော်ယာဉ်လေးစီးစာ အမေရိကန်ဒေါ်လာ ငါးသိန်းခန့် သက်သာသွားနိုင်ပြီး အခွန်လျော့ပေးရခြင်းလည်း သက်သာသွားမည် ဖြစ်ကြောင်းနှင့် ဝယ်ယူရာတွင်လည်း ဂျာမဏီနိုင်ငံထုတ် Bullet Proof သည် အရည်အသွေး ပိုကောင်းကြောင်းအပြင် မာစီဒီးကားများ ဝယ်ယူရန်လည်း ၎င်းက ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် စတင်တင်သွင်းသည့် Toyota Land Cruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီးတင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိစေရေး ကိစ္စအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည်။

ယင်းနေ့က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းပြီး လွှတ်တော်အဆုံးအဖြတ် ရယူရာတွင် စက်ခလုတ်နှိပ် အသုံးပြုသောနည်းဖြင့် သဘောထား ရယူခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၅၉၆ ဦးအနက် ထောက်ခံမဲ ၃၅၉ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁၈၈ မဲနှင့် ကြားနေမဲ သုံးမဲ ရှိခဲ့သောကြောင့် အတည်ပြုရန် သဘောတူညီခဲ့ခြင်းသည်။

 

Most Read

Most Recent