ရွေးကောက်ပွဲကော်မရှင်၏ အငြင်းပွားဖွယ် နည်းဥပဒေပြင်ဆင်မှုနှင့် ၂၀၂၀ အတွက် ပေါ်ထွက်လာသော ပါတီသစ်များ

ရွေးကောက်ပွဲကော်မရှင်၏ အငြင်းပွားဖွယ် နည်းဥပဒေပြင်ဆင်မှုနှင့် ၂၀၂၀ အတွက် ပေါ်ထွက်လာသော ပါတီသစ်များ
နိုဝင်ဘာ ၁၄ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ နေပြည်တော်၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
နိုဝင်ဘာ ၁၄ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ နေပြည်တော်၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
Published 30 December 2019
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ တည်ထောင်လာသည့် နိုင်ငံရေးပါတီ ၂၀ ကျော်ရှိရာတွင် တပ်မတော်မှ ထိပ်တန်းအရာရှိ အငြိမ်းစားများ၊ နိုင်ငံရေးပုံရိပ် တည်ဆောက်ပြီးသူများနှင့် NLD ပါတီမှ အကြောင်းအမျိုးမျိုးဖြင့် နုတ်ထွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်တည်ထောင်သည့် နိုင်ငံရေးပါတီများ ပေါ်ထွက်လာမှုနှင့် ကန့်ကွက်မှု၊ ထောက်ခံမှုဖြင့် အငြင်းပွားနေသည့် လွှတ်တော်သုံးရပ်၏ ရွေးကောက်ပွဲနည်း ဥပဒေပြင်ဆင်မှုတို့ကို ၂၀၁၉ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် နိုင်ငံရေးပါတီအချို့က အာဏာရပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ခန့်အပ်ခွင့်ပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ပြင်ဆင်ရန် အဆိုပြုနေသော်လည်း ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေများနှင့် နည်းဥပဒေများကိုသာ အဓိကထား ပြင်ဆင်ခဲ့သည်။

လွှတ်တော်သုံးရပ်၏ ရွေးကောက်ပွဲ နည်းဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ရာတွင် တပ်မတော်တွင်း မဲရုံများ တပ်ပြင်ပ ရွှေ့ပြောင်းသည့် အချက်နှင့် ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက်သူများ ဆန္ဒမဲပေးနိုင်မည့် ရက်ကန့်သတ်ချက် လျှော့ချသည့်အချက်တို့က ထင်ရှားလူသိများသည့် ပြင်ဆင်ချက်များ ဖြစ်ကြသည်။

တပ်တွင်းမဲရုံးများကို တပ်ပြင်ပ သင့်လျော်သည့်နေရာတွင် ထားရှိမည်ဆိုသည့် ပြင်ဆင်ချက်ကို ကြိုဆိုကြသော်လည်း မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးနိုင်သည့် ရက်ကန့်သတ်ချက် လျှော့ချမှုကို တိုင်းရင်းသားပါတီ အများအပြား ကန့်ကွက်ကြပြီး ပြည်မပါတီအချို့က စိုးရိမ်မကင်းဖြစ်ကြသည်။

မဲဆန္ဒနယ် ပြင်ပရောက်ရှိနေပြီး မိမိနေရပ် မဲဆန္ဒနယ်နယ်သို့ ပြန်လည် မဲမပေးလိုသူ၊ မဲပေးရန် အခက်အခဲ ရှိသူများ အနေဖြင့် ရောက်ရာအရပ်တွင် မဲပေးလိုလျှင် ရက်ပေါင်း ၁၈၀ နေထိုင်ပြီးဖြစ်ရမည်ဆိုသည့် နည်းဥပ ဒေ ပုဒ်မ ၁၀ ကို ရက် ၉၀ နေထိုင်ပြီးပါက မဲပေးနိုင်ကြောင်း ပြင်ဆင်ခြင်းဖြစ်သည်။

အဆိုပါ ပြင်ဆင်ချက်က မဲဆန္ဒရှင် နည်း ပါးသည့်ပြည်နယ်များတွင် ရွေးကောက်ပွဲ ရလဒ်ကို တစ်နည်းတစ်ဖုံ အလှည့်အပြောင်း ဖြစ်စေနိုင်ကြောင်း တိုင်းရင်းသားပါတီအချို့ယူဆပြီး ယာယီရွှေ့ပြောင်းသူများ အနေဖြင့် ခေတ္တရောက်ရှိရာ အရပ်ဒေသ၏ နိုင်ငံရေးအ ခွင့်အလမ်းအား ခြယ်လှယ်ခြင်းကို လက်မခံနိုင်ကြောင်းနှင့် မိမိ၏ရပိုင်ခွင့် နိုင်ငံသားအခွင့်အရေးကို မူရင်းအရပ်ဒေသတွင်သာ ပုံဖော်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုလျက် ရှိကြသည်။

အချို့သော တိုင်းရင်းသားပါတီများနှင့် ပြည်မပါတီ အချို့ကတော့ ရက်ကန့်သတ်ချက် လျှော့ချခြင်းသည် နိုင်ငံသား၏ ဆန္ဒမဲပေးပိုင်ခွင့်ဘက်မှ ကြည့်ပါက ပိုမိုကောင်းမွန်သည့် ပြင်ဆင်ချက် ဖြစ်သည်ဟု ရှုမြင်ပြီး ကော်မရှင်၏ ပြင်ဆင်ချက်ကို ကြိုဆိုကြသည်။

ထိုကဲ့သို့ ကန့်ကွက်မှု အများအပြားကြားမှ ထောက်ခံမှုအချို့ရှိနေသည့် နည်းဥပဒေ ပြင်ဆင်ချက်နှင့် ပက်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပေါ် ဝေဖန်မှုများ ရှိနေပြီး ကော်မရှင် အနေဖြင့် အတိုက်အခံ အင်အားကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဝေဖန်မှုကိုလည်း ဆက်တိုက်ကြုံတွေ့ ရလျက်ရှိနေသည်။

ကြားဖြတ်ရွေးကောက်ပွဲ အငြင်းပွားမှုများတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ ရှုံးနိမ့်ရာမှအစ အမေရိကန် အခြေစိုက် ရွေးကောက်ပွဲ နည်းပညာအထောက်အကူပြု အဖွဲ့အစည်း (IFES) ၏ တင်ဒါခေါ်ယူမှုကိစ္စကို ဝေဖန်မှုအဆုံး ကော်မရှင်နှင့် ပြည်ခိုင်ဖြိုးကြား အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ပြီး ကော်မရှင်က နိုင်ငံရေးပါတီ မှတ်ပုံတင်စဉ်က ကတိပြုထားသည့် ဝန်ခံချက်ကို မဖောက်ဖျက်ရန်နှင့် ဖောက်ဖျက်ပါက ပါတီဖျက်သိမ်းသည် အထိ အရေးယူနိုင်ကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်သည်အထိ ဖြစ်ပေါ်ခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ထင်ရှားခဲ့သည့် ဦးကိုကိုကြီး အပါအဝင် ၈၈ နိုင်ငံရေး မျိုးဆက်အချို့က ရှစ်လေးလုံးပါတီ အမည်ဖြင့် ပါတီတည်ထောင်ခွင့်ရရေး ၂၀၁၇ ခုနှစ် အတွင်း စတင်ကြိုးပမ်းလာခဲ့ပြီး ပါတီခေါင်းဆောင်များ၏ နိုင်ငံရေးပုံရိပ် အပါအဝင် ပါတီ၏ အမည်နာမနှင့် ပက်သက်၍ နိုင်ငံရေးနယ်ပယ်နှင့် လူထုကြားတွင် စိတ်ဝင်တစား ရှိခဲ့ကြသည်။

မြန်မာ့သမိုင်းတွင် ထင်ရှားသည့် အရေးတော်ပုံများထဲက တစ်ခုဖြစ်သည့် ရှစ်လေးလုံးဆိုသည့် အမည်နာမကြောင့် ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းတွင် ပါတီတာဝန်ရှိသူများက ရှစ်လေးလုံး ပြည်သူ့ပါတီဟု ပြောင်းလဲခဲ့သော်လည်း ရှစ်လေးလုံး ဆက်လက်ပါဝင်နေသည့် အမည်ဖြင့် ပါတီမှတ်ပုံတင် ရရှိရေး အခက်အခဲ ဖြစ်လျက်ရှိသောကြောင့် အဆုံးတွင် ရှစ်လေးလုံးကိုဖြုတ်၍ ပြည်သူ့ပါတီအမည်ဖြင့် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါအမည်ဖြင့် ပါတီတည်ထောင်ခွင့်၊ ပါတီမှတ်ပုံတင်များကို ၂၀၁၈ နှစ်လယ်ပိုင်းတွင် စတင်ရရှိပြီးနောက် ၈၈ မျိုးဆက်အချို့ ပါဝင်သော ပြည်သူ့ပါတီသည် ၂၀၂၀ အ ထွေထွေ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက် ရှိနေသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားညီညွတ်ရေး အစိုးရ ပေါ်ပေါက်ရေးသည် ပြည်သူ့ပါတီ၏ မူဝါဒဖြစ်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။

လက်ရှိ အခြေအနေတွင် တပ်မတော် အစိုးရလက်ထက် ထိပ်တန်းအရာရှိဟောင်းများလည်း နိုင်ငံရေးပါတီ တည်ထောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ခြေလှမ်းပြင်လျက်ရှိနေရာ ထိုအထဲတွင် ဗိုလ်ချုပ်ကြီး (ငြိမ်း)နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် ခြေလှမ်း အစိတ်ဆုံးဟု ဆိုနိုင်သည်။

ပါတီတည်ထောင်ခွင့်နှင့် ပါတီမှတ်ပုံတင်ကို နှစ်လဝန်းကျင်ဖြင့် အလျှင်အမြန် ရရှိခဲ့သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ သက်တမ်းခုနစ်လကျော်အတွင်း ပါတီဝင်စုဆောင်းမှုနှင့် မြို့နယ်ပါတီရုံးခွဲများ ဖွင့်လှစ်နိုင်မှုက အခြားပါတီများထက် ခြေသွက်လက်သွက် ရှိလှသည်။

ပါတီတာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ပါတီဝင် ၃၀၀၀၀၀ နီးပါး စုဆောင်းရရှိထားပြီး မြို့နယ်ပါတီရုံးခွဲ ၂၅၀ ကျော် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

အသက် ၇၁ နှစ်အရွယ်ဖြစ်နေသော်လည်း နိုင်ငံ၏အခြေအနေက နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ဆောင်ရွက်ရန် တောင်းဆိုနေသည့်အတွက် ပါတီတည်ထောင်ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။

လွှတ်တော်လမ်းကြောင်းဖြင့် နိုင်ငံ့အုပ်ချုပ်ရေးသို့ ဦးတည်လာသည့် အခြားသော တပ်မတော်အရာရှိ အငြိမ်းစား တစ်ချို့လည်း ယခုနှစ်အတွင်း အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီ ထူထောင်လာပြန်သည်။

ယင်းပါတီကို သမ္မတရုံးဝန်ကြီးဟောင်းနှင့် တပ်မတော်အရာရှိဟောင်း ဦးစိုးမောင်နှင့် တပ်မတော် အစိုးရလက်ထက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်တို့ ဦးဆောင်ပြီး ၎င်းတို့အပါအဝင် ပါတီခေါင်းဆောင် အများအပြားမှာ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ် စသည့် တပ်မတော်အရာရှိ (ငြိမ်း) များ ဖြစ်ကြသည်။ အရပ်သား ခေါင်းဆောင်အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိုးဝင်းက ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ပါဝင်သည်။

တိုင်းရင်းသား တစ်ရပ်လုံးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ကျင့်သုံးမည်ဖြစ်ပြီး အမျိုးသားရေးနှင့် ပက်သက်၍ အပြုသဘောဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို လက်တွဲဆောင်ရွက်မည်ဖြစ်ပြီး အမျိုးသားရေးကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်များနှင့် ပက်သက်၍ မည်သည့် ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အချိန်မရွေး၊ နေရာမရွေး၊ ရှုံ့ချဆန့်ကျင်ရေးသည် ပါတီ၏ မူဝါဒဖြစ်ကြောင်း ပါတီခေါင်းဆောင်များက တရားဝင် ပြောကြားထားသည်။

အခြားသော ထူးခြားဖြစ်စဉ်မှာ ပြည် နယ်ငါးခုမှ တိုင်းရင်းသားပါတီများ ပါတီပေါင်းစည်း တည်ထောင် လိုက်ကြခြင်းဖြစ်ပြီး ရခိုင်ပါတီများက ပေါင်းစည်းထားရာမှ လမ်းခွဲလိုက်ကြသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲကို ပါတီပူးပေါင်းပြီး အတူတကွ ဝင်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ၂၀၁၇ တွင် ပြန်လည်နုတ်ထွက်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ပါတီပြန်လည် ထူထောင်သည်။

ထို့ပြင် ထင်ရှားသည့် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကလည်း ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ကာ ရခိုင့်ဦးဆောင်ပါတီကို ဦးဆောင်တည်ထောင်ခဲ့သည်။

လက်ရှိတွင် ဒေါက်တာအေးမောင်သည် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတို့ဖြင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေရပြီး ပါတီတွင် ၎င်း၏သား ဦးတင်မောင်ဝင်းလည်း ပါဝင်လျက်ရှိသည်။

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီ ရေပန်းစားခဲ့သော်လည်း တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာအေးမောင်၏သားကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက ရခိုင့်ဦးဆောင်ပါတီသည် ရခိုင်လူထု အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရခိုင်နှင့် ရှမ်းပါတီများမှလွဲ၍ အခြားသော တိုင်းရင်းသားပါတီများမှာ ၎င်းတို့၏ ပြည်နယ်လွှတ်တော်များတွင် ကိုယ်စားပြုခွင့် အနည်းငယ်သာ ရရှိခဲ့သည်။

အဆိုပါ သင်ခန်းစာ အပါအဝင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဉ်၊ တိုင်းရင်းသား အခွင့်အရေးနှင့် ဒေသခံလူထု၏ဆန္ဒ စသည်တို့ဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း နှင့် မွန်စသည့် ပြည်နယ်ငါးခုမှ တိုင်းရင်းသား ပါတီများသည် ပါတီပေါင်းစည်းရေးကို ယခုနှစ် အပိုင်းအခြားအတွင်း ဆောင်ရွက်ခဲ့လာကြပြီး လက်ရှိတွင် ပေါင်းစည်းပါတီများအဖြစ် အသီးသီး ရပ်တည်နေကြပြီဖြစ်သည်။

ကချင်တွင် ကချင်သုံးပါတီ ပေါင်းစည်း၍ ကချင်ပြည်နယ် ပြည်သူ့ပါတီအဖြစ် လည်းကောင်း၊ ကယားတွင် ကယားနှစ်ပါတီ ပေါင်းစည်းပြီး ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အဖြစ်လည်းကောင်း၊ ကရင်တွင် ကရင်သုံးပါတီ ပေါင်းစည်းကာ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ အဖြစ်လည်းကောင်း၊ ချင်းတွင် ချင်းသုံးပါတီ ပေါင်းစည်းပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖြစ်လည်းကောင်း၊ မွန်တွင် မွန်နှစ်ပါတီ ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် ပေါင်းစည်းခဲ့ပြီး ပါတီအချင်းချင်း ပေါင်းစည်းကာ ရွေးကာက်ပွဲဝင်မည့် အခြေအနေအပေါ် ယခင်ထက်ပိုမို ယုံကြည်မှုရှိနေကြောင်း ပေါင်းစည်းခဲ့ကြသည့် ပါတီခေါင်းဆောင်အချို့က မှတ်ချက်ပြုကြသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုခဲ့သူအချို့ အကြောင်းအမျိုးမျိုးဖြင့် ပါတီအရိပ်မှထွက်ကာ ပါတီအသစ်များ ထူထောင်ကြရာတွင် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီတို့ကို ဦးဆောင်လျက်ရှိသည်။

၎င်းတို့နှစ်ဦးသည် ပါတီတာဝန်များ ရုပ်သိမ်းခံရသည့် အရေးယူမှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် မကြာမီ အချိန်အတွင်း NLD ပါတီမှ နုတ်ထွက်ခဲ့ကြပြီး ပါတီအသစ်များ အသီးသီး ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ 

ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဦးစိန်ဝင်းသည် စိုက်ပျိုးရေးဘွဲ့ရဖြစ်ပြီး ကိုယ်စားလှယ် သက်တမ်းတစ်လျှောက် တောင်သူလယ်သမား အရေးနှင့် ပက်သက်၍ တက်ကြွစွာ ဆောင်ရွက်သူဟု နာမည်ရခဲ့သည်။

၎င်း၏ အထွေထွေ ရွေးကောက်ပွဲ အတွေ့အကြုံ၊ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါတီမှ ကိုယ်စားလှယ်လောင်း အချို့ပါဝင် ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများက NLD ပါတီမှ နုတ်ထွက်ပြီးနောက် လာမည့် လွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ပါဝင်စေရန် အထောက်အပ့ံ ဖြစ်မည်လား စောင့်ကြည်ဖွယ် ဖြစ်သည်။              

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်မှာမူ မြို့နယ်ပါတီတာဝန်များ ရုပ်သိမ်းခံရမှု အပါအဝင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ၎င်းကို NLD ပါတီက မရွေးချယ်တော့ရန် သေချာသလောက် ရှိနေခြင်းက ပါတီမှ နုတ်ထွက်စေရန် အကြောင်းဖန်လာသည်ဟု ဆိုနိုင်ပြီး မကြာမီ ကာလအတွင်း ပြည်သူ့ရှေ့ဆောင်ပါတီတွင် ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင်မည်ဟု နိုဝင်ဘာလကုန်တွင် တရားဝင် ကြေညာခဲ့သည်။

ပါတီတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များ ဦးဆောင်ပါဝင်နေပြီး ဗဟိုဦးစီးစနစ်၊ သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦးကို အားကိုးဆောင်ရွက်သည့် စနစ်များထက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို အခြေခံ တည်ဆောက်သွားမည်ဟု ကြွေးကြော်ထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လူထုအာရုံစိုက်စရာ ပါတီတစ်ရပ် ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေး လမ်းကြောင်းတွင် နှစ်ပေါင်း ၃၀ နီးပါး ရပ်တည်လှုပ်ရှား လာခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အချို့က လက်ရှိနိုင်ငံရေး အခြေအနေများသည် လွှတ်တော်ပြင်ပ လှုပ်ရှားမှုဖြင့် မလုံလောက်တော့ဘဲ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဟန်ချက်ညီစွာ ဆောင်ရွက်မှ ရမည်ဟု ဆိုကြသည်။

အဆိုပါ ယူဆချက်ဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး ဒီမိုကရေစီပါတီကို ယခုနှစ်ပိုင်းအတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပါတီကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ထွန်ဦး ဦးဆောင်မည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ၁၉၉၀ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ထို့အပြင် ‘၀’ လစ်ဘယ်ရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊ အခြေခံ လူတန်းစားဘဝ မြင့်မားရေးပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ နာဂအမျိုးသားပါတီ၊ ပြည်သူ့အင်အားပါတီတို့လည်း ၎င်းတို့၏ ပထမဆုံး အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံဖြစ်မည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် နေကြမည်ဟု ယုံကြည်ရသည်။

 

Most Read

Most Recent