အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်သော အစိုးရလက်ထက် ပထမဆုံးအကြိမ်လွှတ်တော်၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကြိုးပမ်းမှုများ၊ အခြားသော အတိုက်အခံပါတီ အစုအဖွဲ့များနှင့် တပ်မတော် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့များမှ တင်ပြလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်များထဲမှ တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော အစိုးရအဖွဲ့သည် ရွေးကောက်ပွဲ မဲဆွယ်ကာလက ကတိကဝတ် ပေးခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်း သုံးနှစ်ပြည့်ခါနီး အချိန်တွင် စတင်လုပ်ဆောင်ခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် NLD ပါတီ၏ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခြင်းဖြင့် ခြေဥပြင်ဆင်ရေးကို စတင်ခြေလှမ်း လှမ်းခဲ့ခြင်းဖြစ်သည်။
အာဏာရပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုဖြစ်သည့် အရေးကြီးအဆို စတင် တင်သွင်းချိန်မှာပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုများကို လွှတ်တော်၌ ရင်ဆိုင်ခဲ့ရပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်သူများ၏ ထောက်ခံမှုရရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် နိုင်ငံရေး အသိုင်းအဝိုင်းကလည်း သုံးသပ်မှုများ ရှိခဲ့သည်။
NLD ပါတီဝင် ကိုယ်စားလှယ်အများစု ဦးဆောင်သည့် ဒုတိယအကြိမ် လွှတ်တော်၏သက်တမ်း သုံးနှစ်ပြည့်ခါနီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လေ့လာသုံးသပ်မည့် ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အဆိုတင်သွင်းပြီး ဖွဲ့စည်းပြင်ဆင်ရေး ကြိုးပမ်းမှုစတင်ရာတွင် ထောက်ခံကြိုဆိုသည့် နိုင်ငံရေးပါတီများ ရှိသလို ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် မညီဟုဆိုကာ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည့်အပြင် ကော်မတီ ဖွဲ့စည်းရန် မဲခွဲဆုံးဖြတ်ရာတွင်လည်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်များက ကန့်ကွက်မှုများ ရှိခဲ့သည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင် ၄၅ ဦးပါဝင်သော လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်ခွင့် ရရှိသည့် နေရာများအတွက် အမည်စာရင်း တောင်းခံမှုကိုလည်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီတို့က နောက်ဆုံးရက်အထိ အမည်စာရင်း ပေးသွင်းခြင်း မရှိဘဲ နောက်ပိုင်းမှသာ ကော်မတီတွင် ပါဝင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ကော်မတီဖွဲ့စည်းကြောင်း လွှတ်တော်က အတည်ပြုပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက်က စတင်ကာ ကော်မတီ အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခန်းလိုက် လေ့လာစိစစ် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
NLD ပါတီဝင် ကိုယ်စားလှယ်အများစု ပါဝင်သော ၄၅ ဦး ပူးပေါင်းကော်မတီ ဆောင်ရွက်မှုများနှင့်အတူ အခြားတစ်ဖက်တွင်လည်း ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများကို တင်သွင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီဝင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦး လက်မှတ်ရေးထိုး၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း၊ ပြည်ခိုင်ဖြိုးပါတီဝင် မတ္ထီလာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုး၍ ၂၀၁၉ ခုနှစ် မေ ၅ ရက်က တင်သွင်းခဲ့သော ဥပဒေမူကြမ်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုး၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တင်သွင်းခဲ့သော ဥပဒေကြမ်း စသည့်ဥပဒေကြမ်းများကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလာခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၂၀ ရက်က တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုး၍ လွှတ်တော်သို့ တင်သွင်းလာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၅ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ လက်မှတ်ရေးထိုး တင်ပြလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို လွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။
အထက်ပါ ဥပဒေမူကြမ်းများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း ငါးခုရောက်ရှိနေပြီး ယင်းမူကြမ်းများတွင် ပါဝင်သည့် ပြင်ဆင်ချက်များအရ ယခင်ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းထားခဲ့သည့် ဥပဒေမူကြမ်းများနည်းတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) တစ်ခုလုံးအပေါ် ပြင်ဆင်ခြင်း မဟုတ်ဘဲ ပြဋ္ဌာန်းချက် အချို့ကိုသာ ပြင်ဆင်ဆောင်ရွက်ရန် တင်ပြထားခြင်း ဖြစ်ကြောင်း အစီရင်ခံစာ တင်သွင်းရာတွင် ဖော်ပြခဲ့ပြီး ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးအပေါ် သုံးသပ်လေ့လာ ပြုစုရေးဆွဲ၍ တင်သွင်းမည့် ဥပဒေမူကြမ်းနှင့် တစ်ပြိုင်တည်းယှဉ်တွဲ၍ လွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်သင့်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
၄၅ ဦး ပူးပေါင်းကော်မတီမှ ပြင်ဆင်ရန် တင်ပြထားသော အချက်ပေါင်း ၃၇၆၅ ချက် နှင့်ပတ်သက်၍လည်း လက်ရှိလွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် မဖြစ်နိုင်သည့် အချက်များ ပါဝင်နေခြင်းကြောင့် လွှတ်တော်အတွင်း၌ ရောက်ရှိနေသော ဥပဒေမူကြမ်းများကို ဆွေးနွေး၊ ဆုံးဖြတ်အတည်ပြုရန် တိုက်တွန်း ဆွေးနွေးမှုများ ရှိခဲ့သည်။
လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြမှုများနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့နှင့် အတိုက်အခံပါတီ အစုအဖွဲ့များမှ ကိုယ်စားလှယ်များ၏ ကန့်ကွက်ဆွေးနွေးမှု များကိုလည်း လွှတ်တော်အတွင်း၌ ကြုံတွေ့ခဲ့ရသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများတွင် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာကို ကန့်ကွက်ကြောင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ အခန်း (၁၂) နှင့် အညီဆောင်ရွက်ခြင်းမဟုတ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ တင်ပြလာ မည့် ဥပဒေမူကြမ်းသည့် ဘယ်ဆီမှာမှန်းမသိ ဘဲ ၎င်းဥပဒေကြမ်းတင်သွင်းမှ လက်ရှိ ဥပဒေမူကြမ်းကို တစ်ပြိုင်တည်း စိစစ်မည် ဆိုခြင်းသည် လုံးဝမဖြစ်သင့်ကြောင်း လွှတ်တော်အတွင်း၌ ဆွေးနွေးမှုများရှိခဲ့သလို ဥပဒေ/နည်းဥပဒေများပါအတိုင်း ဆက်လက် ဆွေးနွေးပြီး ဖြည့်စွက်ရန် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက တင်သွင်းထားသည့် ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေကြမ်းများနှင့် တပ်မတော်သား ကိုယ်စားလှယ်များ တင်သွင်းထားသည့် ဥပဒေကြမ်းများတွင် တိုင်းရင်းသားများ လိုလားသည့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မှ ခန့်အပ်နိုင်မည့် အခွင့်အရေးရရှိနိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်သည့် အချက်များလည်း ပါဝင်နေသည်။
ထို့ပြင် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သော လွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကော်မတီဝင် နှစ်ဦး ၄၅ ဦး ပူးပေါင်းကော်မတီမှ ထပ်မံနုတ် ထွက်ခဲ့ခြင်းကြောင့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်နှစ်ဦး၊ အမျိုးသားညီညွတ် သော ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် တစ်ဦး အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားပြီး ဒူးလေးပါတီကိုယ်စားပြု ကိုယ်စားလှယ်တစ် ဦးသည်လည်း ပါတီမှနုတ်ထွက်ထားခြင်း ကြောင့် ကော်မတီတွင် ကိုယ်စားပြုပါဝင်ခြင်း မရှိတော့ဘဲ လက်ရှိတွင် ကော်မတီဝင် ၃၉ ဦး ဖြင့် အစည်းအဝေးများကို ဆက်လက်ကျင်းပ နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၇၀/၂၀၁၉) ကို ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်သည့် နိုင်ငံရေးပါတီ၊ အစုအဖွဲ့အသီးသီးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များမှ တင်ပြခဲ့သည့် အခန်းလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်များအပေါ် ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲရန် ဆန္ဒပြုမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၌ ပါတီ အသီးသီး၊ အစုအဖွဲ့အသီးသီး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန် အကြံပြုချက်များသည် ပုဒ်မတစ်ခုချင်းအပေါ် မူတည်၍ ရရှိပြီး ဖြစ်ပါက ဥပဒေကြမ်းတစ်ခုအနေဖြင့် ပြုစုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဥပဒေကြမ်းသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ၄၅ ဦး ကော်မတီသည် ဥပဒေကြမ်းကို ရေးဆွဲနေခြင်း မဟုတ်ဘဲ ဥပဒေကြမ်းတွင် ပါဝင်သင့်သည့် အချက်အလက်များကို မဲခွဲဆုံးဖြတ်နေသည့် အဆင့်သာရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ နာယက၏ တာဝန်ရှိမှုအပိုင်းမှ လွှတ်တော်သို့ အသိပေး ပြောကြားခဲ့ရာတွင်လည်း ပထမသက်တမ်းတွင် ဆောင်ရွက်ခဲ့မှုအရ မည်သည့် ဥပဒေကြမ်း တစ်ခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီးလွှဲယူသွားသော အစဉ်အလာ မရှိသည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းကိုလည်း လက်ရှိသက်တမ်းတွင် ပြီးစီးအောင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့် ပတ်သက်၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးမှုများ၌ပင် လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာများစု ရရှိထားသည့် NLD ပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထား တင်းမာမှုများ၊ အမြင်မတူမှုများ ရှိလာခြင်းကြောင့် ၇၅ ရာခိုင်နှုန်းကျော်သော လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မှုသည် အာဏာရပါတီနှင့် တပ်မတော်သား အစုအဖွဲ့အကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်မှသာ ရလဒ်ကောင်းများ ရရှိနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။









