ဥပဒေစိုးမိုးမှုဟူသည် အစိုးရအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုချင်းအပေါ်တွင်ဖြစ်စေ အထူးအခွင့်အရေးမပေးဘဲ တစ်ပြေးညီဆက်ဆံ၍ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအတွက် ဘက်လိုက်မှုကင်းသော ဥပဒေများဖြစ်ရေးသည် အရေးကြီးသည်။ မည်သို့သော ဆောင်ရွက်ချက်များတွင်မဆို အစိုးရအနေဖြင့် တရားမျှတသော ဥပဒေများကိုအခြေခံ၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ခြင်းသည် တရားဥပဒေစိုးမိုးရေးကို ဖြစ်ထွန်းစေသည်မှာ အမှန်ပင်ဖြစ်သည်။
လတ်တလောတွင် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုဖြစ်စဉ်မှ ဖမ်းဆီးခံရသူ သုံးဦးအား အာမခံပေးသည့် ကိစ္စနှင့်ပတ်သက်၍ ပြည်သူများအကြား ဝေဖန်ပြောဆိုသံများ ထွက်ပေါ်လျက်ရှိသည်။ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုဖြစ်စဉ်မှ ဖမ်းဆီးထားသူ သုံးဦးကို ဒီဇင်ဘာ ၂၄ ရက်ကရုံးထုတ်ခဲ့ပြီး တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ တန် နှစ်ယောက်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အာမခံပေးလိုက်ခြင်းဖြစ်သည်။ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုတွင်လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူများအား အပြင်းအထန် နာကျင်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၅ ဖြင့် လည်းကောင်း၊ ယင်းတို့ထဲတွင် ပါဝင်သူတစ်ဦးကို ပုဒ်မ ၃၂၅/၁၁၄ ၊ အားပေးကူညီမှုတို့ဖြင့် တိုင်းတရားလွှတ်တော်က ပြောင်းလဲစွဲချက်တင်ခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ အာမခံလျှောက်ထားခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်အပါအဝင် ခရိုင်ဥပဒေအရာရှိ၊ ဒုခရိုင်ဥပဒေအရာရှိ၊ ဒုခရိုင်တရားသူကြီးနှင့် ရဲအုပ်တစ်ဦးတို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ဖမ်းဆီးတရားစွဲဆိုခံထားရသည်။ ယင်းအမှုစတင်ချိန်မှ ခြောက်လခန့်စစ်ပြီးနောက် အမှုရုပ်သိမ်းကြောင်း အမိန့်ချမှတ်ပြီး စွဲချက်မတင်မီ ပြန်လွှတ်လိုက်ခြင်းကြောင့် ပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သဖြင့် သမ္မတက အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအား တွေ့ဆုံ၍ဥပဒေနှင့်အညီ စိစစ်လုပ်ဆောင်ရန် တာဝန်ပေးခဲ့ခြင်းကြောင့် သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ တရားစီရင်မှုတွင် အထက်ပါကဲ့သို့ အဂတိလိုက်စားမှုများဖြင့် တရားစွဲဆိုရန် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော်လည်း ယခုတစ်ဖန် ဖမ်းဆီးခံထားရသူ သုံးဦးကို အာမခံပေးလိုက်ခြင်းကြောင့် ပြည်သူများကြားတွင် တရားဥပဒေစိုးမိုးရေးအပေါ် မေးခွန်းထုတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ရပြန်သည်။ ထိုမေးခွန်းများတွင် ပြည်သူ့ဘဝလုံခြုံရေးအတွက် အဓိကလိုအပ်သော တရားဥပဒေစိုးမိုးရေးနှင့် အဂတိအပေါ် အာဏာပိုင်တို့၏ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းများပင်ဖြစ်သည်။
တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသော အကြောင်းတရားများတွင် အဂတိသည် အဓိကပင်ဖြစ်သည်။ အဂတိနည်းသော အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်ခုတွင် တရားဥပဒေစိုးမိုးရေး အားကောင်းပေလိမ့်မည်။ အဂတိလိုက်စားမှုများသော နိုင်ငံတွင် တရားဥပဒေစိုးမိုး ရေးပျက်ပြားနေသည်ကို တွေ့ရပေလိမ့်မည်။ အာဏာရပုဂ္ဂိုလ်တို့၏ အဂတိသည် ပိုမို၍ ကြောက်စရာကောင်းသည်။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံကို ပိုမို၍သက်ရောက်စေသည်။ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏ အခွင့်အာဏာနှင့် အရင်းအမြစ်များကို အလွဲအသုံးပြုသော အဂတိလိုက်စားမှုသည် အကြီးမားဆုံးသော တရားဥပဒေ ချိုးဖောက်မှုတစ်ရပ်ပင်ဖြစ် သည်။ ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အာဏာပိုင်အဖွဲ့အစည်းများ၊ အာဏာရပုဂ္ဂိုလ်များ၏ အဂတိကို ပိုမို၍သတိပြုကိုင်တွယ်ရှင်းလင်းရန် လိုအပ်နေရခြင်းလည်း ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးဟုဆိုရာတွင် လူတိုင်းအနေဖြင့် လူမျိုး၊ ကျား/မ၊ မူရင်းနိုင်ငံ၊ အသားအရောင်၊ လူမျိုးစု၊ ကိုးကွယ်သည့်ဘာသာ၊ မသန်စွမ်းမှုနှင့် အခြားစရိုက်လက္ခဏာများနှင့်မဆိုင်ဘဲ အထူးအခွင့်အရေးပေးခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် ဘက်လိုက်ခြင်းတို့ မရှိစေရဘဲ တရားဥပဒေ၏အောက်၌ ညီမျှစွာ ဆက်ဆံခံရမှုရှိရမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အများစု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသီးသီးတွင် အဆိုပါတန်းတူညီမျှမှုကို အာမခံထားကြ သည်။ သမိုင်းတွင် တရားဥပဒေ၏ရှေ့မှောက်၌ တန်းတူညီမျှမှု သဘောတရားကို အစော ဆုံးအဖြစ် ဘီစီ ၆၀၀ ကျော်ခန့်ကတည်းက တွေ့ရှိရသည်ဟု ဆိုနိုင်သည်။ ဥပဒေပညာရှင် တစ်ဦးဖြစ်သော ဂွမ်ကျုံး (၇၂၀-၆၄၅ ဘီစီ) က အုပ်စိုးသူ၏ တရားစီရင်မှုအောက်ရှိ လူအားလုံးသည် တရားဥပဒေ၏ ရှေ့မှောက်၌ တန်းတူညီမျှမှုရှိသည်ဟု ကြေညာခဲ့သည်။ အင်ပါယာခေတ်ရောမ၌လည်း ရောမဥပဒေအောက်တွင် အုပ်စိုးသူများမှလွဲ၍ နိုင်ငံသား အားလုံးသည် တရားဥပဒေ၏ ရှေ့မှောက်၌ တန်းတူညီမျှရှိခဲ့ကြသည်။
သို့ဖြစ်ရာ ယနေ့ခေတ် ဒီမိုကရေစီလူ့အသိုက်အဝန်းတွင် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံသားအားလုံးအတွက် မရှိမဖြစ်သောအရာဖြစ်နေသည်။ တရားဥပဒေစိုးမိုးမှုဟုဆိုလျှင် တန်းတူညီမျှရေးနှင့် အဂတိကင်းရေးသည် တရားစီရင်မှုများအတွက် စံတန်ဖိုးများလည်းဖြစ်သည်။ ထို့အတွက် မှန်ကန်ခိုင်မာသော တရားစီရင်ရေးဖြစ်စေရန် တရားဥပဒေ၏ ရှေ့မှောက်၌ ပြည်သူအားလုံး တန်းတူညီမျှမှုအခွင့်အရေးရရှိရေးသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဒီဇင်ဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








