၁၉၇၆ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး အာဆင်နယ်နည်းပြအဖြစ် အာတီတာ မှတ်တမ်းဝင်မည်

၁၉၇၆ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး အာဆင်နယ်နည်းပြအဖြစ် အာတီတာ မှတ်တမ်းဝင်မည်
Photos: Getty Images
Photos: Getty Images
Published 22 December 2019

ဘုန်းမောက်အသင်းနှင့်ကစားမည့်နေ့တွင် အာတီတာ၏ အသက်မှာ ၃၇ နှစ် ၂၇၅ ရက်ရှိနေမည်ဖြစ်ပြီး ၁၉၇၆ ခုနှစ် သြဂုတ်တွင် ၃၄ နှစ် ၁၀၅ ရက်ဖြင့် တာဝန်ယူကိုင်တွယ်ခဲ့သည့် တယ်ရီ နီးလ်နောက်ပိုင်း အသက်အငယ်ဆုံး အာဆင်နယ်အသင်းနည်းပြအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

 

အာဆင်နယ်အသင်းနည်းပြသစ် အာ တီတာသည် ၁၉၇၆ ခုနှစ်နောက်ပိုင်း ၄၃ နှစ် အတွင်း အသက်အငယ်ဆုံး အာဆင်နယ်အသင်းနည်းပြအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၇ နှစ်သာရှိသေးသည့် အာတီတာသည် လစ်လပ်နေသည့် အာဆင်နယ်အသင်းနည်းပြအဖြစ် ဒီဇင်ဘာ ၂၀ ရက်တွင် သုံးနှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် မနေ့က အဲဗာတန်အသင်းနှင့်ကစားသည့် အဝေးကွင်းပွဲတွင် ကိုင်တွယ်ခဲ့ခြင်းမရှိဘဲ Boxing Day (ဒီဇင်ဘာ ၂၆ ရက်) တွင် ဘုန်းမောက်အသင်း နှင့်ကစားမည့် အဝေးကွင်းမှသာ စတင်တာဝန် ယူကိုင်တွယ်မည်ဖြစ်သည်။ ဘုန်းမောက်အသင်းနှင့်ကစားမည့်နေ့တွင် အာတီတာ၏ အသက်မှာ ၃၇ နှစ် ၂၇၅ ရက်ရှိနေမည်ဖြစ်ပြီး ၁၉၇၆ ခုနှစ် သြဂုတ်တွင် ၃၄ နှစ် ၁၀၅ ရက်ဖြင့် တာဝန်ယူကိုင်တွယ်ခဲ့သည့် တယ်ရီ နီးလ်နောက်ပိုင်း အသက်အငယ်ဆုံး အာဆင်နယ်အသင်းနည်းပြအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

အာတီတာတာသည် ကစားသမားဘဝတစ်လျှောက် ဘာစီလိုနာ (ဂ)၊ (ခ)၊ PSG၊ ရိန်းဂျားစ်၊ ဆိုစီဒက်၊ အဲဗာတန်နှင့် အာဆင် နယ်အသင်းတို့တွင် ကစားခဲ့ဖူးပြီး အာဆင် နယ်အသင်း၌ ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ ငါးရာသီကြာကစားပြီးနောက် ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူခဲ့သည်။ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရခဲ့သည့် အာတီတာသည် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြေ လာကသို့ ချက်ချင်းဝင်ရောက်ခဲ့ပြီး အာဆင်နယ်အကယ်ဒမီနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရမည့် ကမ်းလှမ်းမှုကို ငြင်းပယ်၍ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

၎င်းသည် ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် သုံးရာသီခွဲကြာ အနီးကပ်လက်တွဲခွင့်ရခဲ့ပြီး မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလားချန်ပီယံ တစ်ကြိမ်၊ လိဂ်ဖလားချန်ပီယံ နှစ်ကြိမ်နှင့် ကွန်မြူနတီဒိုင်း ချန်ပီယံ နှစ်ကြိမ်ဖြစ်ရာတွင် ပါဝင်ခွင့်ရခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အူနိုင်းအမ်မရီကို ထုတ်ပယ်ပြီးနောက် ကစားသမားဟောင်း ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သော်လည်း ရလဒ်ပိုင်း တိုးတက်မလာသဖြင့် အာတီတာကို လျော်ကြေးပေါင် နှစ်သန်းပေး၍ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။