ဖျာပုံ ကျားဖောင်များထံ လူကုန်ကူးခံခဲ့ရသည့် အမျိုးသားတစ်ဦး ဖောင်ပေါ်တွင် အသတ်ခံရ

ဖျာပုံ ကျားဖောင်များထံ လူကုန်ကူးခံခဲ့ရသည့် အမျိုးသားတစ်ဦး ဖောင်ပေါ်တွင် အသတ်ခံရ
ရေမိုင် ၂၀ ကျော်တွင်ရှိသည့် ကျားဖောင်လုပ်သားများအတွက် ရိက္ခာပို့သည့်သင်္ဘောကို ဖျာပုံကမ်းခြေ တစ်နေရာတွင် တွေ့ရစဉ်
ရေမိုင် ၂၀ ကျော်တွင်ရှိသည့် ကျားဖောင်လုပ်သားများအတွက် ရိက္ခာပို့သည့်သင်္ဘောကို ဖျာပုံကမ်းခြေ တစ်နေရာတွင် တွေ့ရစဉ်
Published 19 December 2019
နေဝန်းထက်

ဖျာပုံပင်လယ်ပြင်ရှိ ကျားဖောင်တစ်ခုထံသို့ လူကုန်ကူးရောင်းချခြင်းခံခဲ့ရသည့် သုံးခွမြို့နယ်မှ အမျိုသားတစ်ဦး ဖောင်ပေါ်၌ အသတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ စုံစမ်းသိရသည်။

အောက်တိုဘာလကုန်ပိုင်းတွင် သုံးခွမြို့ နယ် ဘုရားကုန်းကြီး စံပြကျေးရွာတွင်နေထိုင် သူ ဦးသန်းမိုး (၄၂ နှစ်)သည် စပါးရိတ် ရန်အတွက် အခြားသောရွာသားများနှင့်အတူ မော်လမြိုင်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရ သည်။

ယင်းနောက်တွင် မော်လမြိုင်မြို့မှ စပါး ရိတ်သိမ်းရန်စေခိုင်းသည့် အလုပ်ရှင်က ဦး သန်းမိုးနှင့် အခြားရွာသားတစ်ဦးတို့အား အလုပ်ဆက်လက်စေခိုင်းခြင်း မရှိသည့်အတွက် ၎င်းတို့နှစ်ဦး ရန်ကုန်သို့ ပြန်ခဲ့ရာ ရန်ကုန်ဘူတာကြီးသို့အရောက်၌ ဦးသန်းမိုးသည် အရက်ဆိုင်တစ်ဆိုင်တွင် အရက်သောက်ရန် ကျန်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ကျန်ရစ်ပြီးနောက်တွင် ၎င်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များက နိုဝင်ဘာ ၉ ရက်က မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် လူပျောက် တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားပြီး တစ်လအကြာ ဒီဇင်ဘာ ၉ ရက်တွင် ဘုရားကုန်းကြီးစံပြကျေးရွာ အုပ်ချုပ်ရေးမှူးက ဖျာပုံကျားဖောင်ပေါ်၌ သေဆုံးခဲ့သည့် ပိုင်ရှင်မဲ့ရေလုပ်သားအလောင်းတစ်ခု ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ယင်းအလောင်းမှာ ဦးသန်းမိုးဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။

“ဘူတာကြီးရောက်တော့ သူက အရက်ဆိုင်မှာ ကျန်နေခဲ့တယ်။ နောက်ပြန်လာတဲ့ ရွာသားကိုမေးကြည့်တာပေါ့။ ပြန်မရောက်လာတာနဲ့ မင်္ဂလာတောင်ညွန့်စခန်းမှာ လူ ပျောက်တိုင်လိုက်တယ်။ ဒီဇင်ဘာ ၉ ရက်ကျ တော့ အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတယ်။ ၇ ရက်နေ့က ပိုင်ရှင်မဲ့အလောင်း ရန် ကုန်ဆေးရုံကြီးကို ရောက်လာတယ်ဆိုပြီး ဦးသန်းမိုးဖြစ်ကြောင်း ပြောလာတယ်” ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

ဦးသန်းမိုးသည် ရန်ကုန်ဘူတာကြီး၌ အရက်သောက်ပြီး ကျန်ခဲ့စဉ် ဖျာပုံကျား ဖောင်များထံသို့ လူကုန်ကူးရောင်းချခံခဲ့ရခြင်း ဖြစ်ပြီး ယင်းနောက်တွင် ကျားဖောင်တစ်ခု ပေါ်၌ ရေလုပ်သားအဖြစ်အလုပ်လုပ်ကိုင်ခဲ့ ရာမှ အခြားသော ဖောင်လုပ်သားတစ်ဦးက ၎င်းအား အလုပ်မလုပ်ဟုဆိုကာ ရိုက်နှက်ခဲ့ ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်အတွက် ကျားဖောင်ရေ လုပ်ငန်းပိုင်ရှင်၏ ညီဖြစ်သူက ဖျာပုံခရိုင်ရှိ ဒေါ်ငြိမ်းရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ပြီး ကနဦးတွင် ရာဇသတ်ကြီးပုဒ်မ ၂၉၄။၃၂၅ ဖြင့်အမှုဖွင့်ဆောင်ရွက်ပေးခဲ့ရာမှ နောက်ပိုင်း တွင် ဦးသန်းမိုးသေဆုံးခဲ့ခြင်းကြောင့် အမှု အား ပုဒ်မပြောင်းလဲဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

“ဒေါ်ငြိမ်းရဲစခန်းမှာ လုပ်ငန်းပိုင်ရှင်ရဲ့ ညီက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ။ ၂၉၄၊ ၃၂၅ နဲ့ ပထမက။ နောက်တော့ သေ သွားလို့ ပုဒ်မပြောင်းလဲသွားတယ်။ ပ နံပါတ်က ၁၇၀ တဲ့” ဟု မိသားစုဝင်တစ်ဦးက ပြော ကြားသည်။

သေဆုံးသူ ဦးသန်းမိုးအား သတ်ခဲ့သူမှာ ဖောင်လုပ်သား ဇော်မြင့်နိုင်ဆိုသူဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ၎င်းအား ဖျာပုံအကျဉ်း ထောင်၌ ထားရှိထားသည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ဦးသန်း မိုးအား လူကုန်ကူးရောင်းချခဲ့သူမှာ ရန်ကုန် မြို့ ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် မသန္တာဆိုသူဖြစ်ပြီး ဖျာပုံကျားဖောင်များထံ၌ ငွေကျပ်ခြောက်သိန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ် ကြောင်း၊ ၎င်းအား လူကုန်ကူးတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း သိရသည်။

 

 

Most Read

Most Recent