နယ်သာလန်နိုင်ငံအစိုးရ၏ ကူညီထောက်ပံ့ငွေနှင့် ဒုဋ္ဌဝတီမြစ်ရေကို အသုံးပြုဆောင်ရွက်မည့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းအတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုး

နယ်သာလန်နိုင်ငံအစိုးရ၏ ကူညီထောက်ပံ့ငွေနှင့် ဒုဋ္ဌဝတီမြစ်ရေကို အသုံးပြုဆောင်ရွက်မည့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းအတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုး
ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းအတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနား ပြုလုပ်နေစဉ်
ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းအတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနား ပြုလုပ်နေစဉ်
Published 19 December 2019
လဲ့လဲ့အောင်

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နယ်သာလန်နိုင်ငံအစိုးရ၏ ကူညီထောက်ပံ့ငွေနှင့် ဒုဋ္ဌဝတီမြစ်ရေအား အသုံးပြုကာ မန္တလေးမြို့ တောင်ဘက်ခြမ်းရှိ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်း အတွက် နယ်သာလန်နိုင်ငံနှင့် မန္တလေးမြို့ တော်စည်ပင်သာယာ‌ရေးကော်မတီတို့ လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ခြောက်ထပ် ဆောင်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန် ရေပေးဝေရေးစီမံကိန်း မှာ ဒုဋ္ဌဝတီမြစ်ရေအား စနစ်တကျသန့်စင်ခြင်း များဆောင်ရွက်ကာ ပြည်ကြီးတံခွန်မြို့နယ် အတွင်း သောက်သုံးရေအတွက် ဖြန့်ဖြူးပေး မည်ဖြစ်ပြီး ယင်းစီမံကိန်းမှ မြို့နယ်ရှိအိမ် ထောင်စု ၂၀၀၀၀ ကျော် ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၇၀ အား ရေပေးဝေနိုင်မည်ဖြစ‌်ကြောင်း သိရသည်။

“ပြည်ကြီးတံခွန်မြို့နယ်မှာ ရေပေးဝေရေး ရာခိုင်နှုန်း ၃၀ ကိုတော့ JICA ရဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်ပြီးသားဖြစ်တယ်။ ကျန်နေတဲ့ ရာခိုင်နှုန်း ၇၀ ကို ဖြေရှင်းဖို့အ တွက် ပြီးခဲ့တဲ့နှစ်တွေကတည်းက ဆောင်ရွက် ခဲ့ကြတယ်။ ဒီအတွက် ကုန်ကျမယ့်စရိတ်က အရမ်းများတဲ့အတွက် စီမံကိန်းတစ်ခုလုံးစာအတွက် ထောက်ပံ့ငွေတော့ မရဘူး။ အခုနယ် သာလန်နိုင်ငံက ရာခိုင်နှုန်း ၅၀ ကို ထောက်ပံ့ ပြီးတော့ နောက်ရာခိုင်နှုန်း ၅၀ ကို ချေးငွေယူ တဲ့အစီစဉ်နဲ့လုပ်မှာပါ။ အဲဒီမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စိတ်ချရတဲ့သောက်သုံး ရေ မရရှိဘူး။ အများစုက မြေအောက်ရေကို ရေတွင်းတွေတူးပြီး သောက်သုံးကြရတယ်။ ရေတွင်းတွေက စက်မှုဇုန်မှာရှိတဲ့ ရေတိမ်တွင်း တွေဆိုတော့ ကျန်းမာရေးအတွက် သောက်သုံးဖို့စိတ်ချရတဲ့ အခြေအနေမဟုတ်ဘူး” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

စီမံကိန်းအတွက် ကုန်ကျမည့်ငွေပမာဏမှာ ယူရိုသန်း ၆၀ ဖြစ်ပြီး ယူရိုသန်း ၃ဝအား နယ်သာလန်နိုင်ငံအစိုးရက ကူညီထောက်ပံ့ပေးခြင်းဖြစ်ကာ ကျန်ယူရိုသန်း ၃၀ အား နယ်သာလန်နိုင်ငံရှိ ING နှင့် FMO Bank များမှ ချေးယူခဲ့ခြင်းဖြစ်ကြောင်း၊ ချေးငွေများကို စီမံကိန်းဆောင်ရွက်ပြီးနောက် ၁၀ နှစ်အတွင်း စည်ပင်သာယာရေးကော်မတီမှ ပေးဆပ်ရမည်ဖြစ်ပြီး ချေးငွေအတိုးနှုန်းအဖြစ် ၂ ဒသမ ၃၅ ရာခိုင်နှုန်းပေးရမည်ဖြစ်ကြောင်း သိရ သည်။

“အတိုးနှုန်းအနေနဲ့ကတော့ အခြားချေး ငွေအတိုးနှုန်းတွေနဲ့ယှဉ်ရင် နည်းနည်းများ တယ်။ ဒါပေမယ့် ဒီစီမံကိန်းမှာ ကုန်ကျစရိတ် တစ်ဝက်ကို သူတို့နိုင်ငံဘက်က ထောက်ပံ့တာ ဖြစ်တဲ့အတွက် ကာဗာဖြစ်တယ်။ ဒီအတိုးနှုန်းကို ဒီတိုင်းလက်ခံခဲ့တာမဟုတ်ဘဲ သက်ဆိုင် ရာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အကြံ ဉာဏ်တွေရယူပြီးတော့ လုပ်ခဲ့တာဖြစ်တယ်။ ပြန်ဆပ်တဲ့အခါ စည်ပင်သာယာ‌‌ရေးကော်မတီကပဲ ပြန်ဆပ်ရမှာဖြစ်ပြီး ဘယ်လိုပြန်ဆပ်မလဲဆိုတာတွေအတွက် လစ်လပ်နေတဲ့အခွန် ကောက်ခံမှုတွေကို ရသင့်ရထိုက်တဲ့အခွန်ငွေ ရအောင် စနစ်တကျ ဆောင်ရွက်ကောက်ခံရရှိငွေတွေနဲ့ ဆောင်ရွက်သွားမယ်” ဟု မန္တ လေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။

ရေပေးဝေရေးစီမံကိန်းကို ပြည်ထောင် စုလွှတ်တော်မှ ယခုနှစ် ဇွန်လတွင် အတည် ပြုခဲ့ခြင်းဖြစ်ပြီး စီမံကိန်းတွင် မြစ်ရေအားသန့် စင်သည့်စက်ရုံတည်ဆောက်ခြင်းနှင့်အခြား လိုအပ်သည့်အဆောက်အအုံများ ပိုက်လိုင်း စနစ်များပြုလုပ်ရမည်ဖြစ်ကာ စီမံကိန်းကာလအဖြစ် နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent