ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား အောင်မှတ်မပေးသည့်အပြင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုနည်းကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါ်ညိုညိုသင်း ဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား အောင်မှတ်မပေးသည့်အပြင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုနည်းကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါ်ညိုညိုသင်း ဝေဖန်
Published 19 December 2019
နေမျိုးဝင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား အောင်မှတ်မပေးသည့်အပြင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုနည်းကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါ်ညိုညိုသင်းက ဝေဖန်ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့၌ အများပြည်သူသို့ အသိပညာပေး လှုပ်ရှားမှုတစ်ခုကို ဒီဇင်ဘာ ၁၇ နံနက်ပိုင်းတွင် ရန်ကုန် စောင့်ကြည့် အဖွဲ့ကပြုလုပ်ရာတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများကို ထိုသို့ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်ဟောင်းတစ်ဦးဖြစ်သူ) ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းအစိုးရ၏ ဝိုင်ဘီအက်စ် အကောင်အထည်ဖော်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကာ တစ်နှစ်ကျော်စောင့်ကြည့်ခဲ့ပြီးနောက် ရန်ကုန်တိုင်းအစိုးရ၏ ဆောင်ရွက်ချက်များကို အောင်မှတ်မပေးကြောင်း၊ အထူးသဖြင့် ပွင့်လင်းမြင်သာမှုတွင် အားနည်းကြောင်း၊ ၎င်းတို့ပြုစုထားသည့် အချက်အလက်များအရ တိုင်းနှင့် ပြည်နယ်အစိုးရများတွင် ရန်ကုန်တိုင်းအစိုးရမှာ အောက်ဆုံးပိုင်းတွင် ရှိနေကြောင်း ဒေါ်ညိုညိုသင်းက ပြောကြားသည်။

“ ရန်ကုန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုတော့ ကျွန်မတို့က နှစ်စပိုင်းမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရင်မဝေဖန်ခဲ့ပါဘူး။ ဥပမာအားဖြင့် ဝိုင်ဘီအက်စ်ကို အကောင်အထည်ဖော်တဲ့ ကိစ္စလိုမျိုးကအစ ကျွန်မတို့ ပူးပေါင်းပြီးဆောင်ရွက်ပေးခဲ့တယ်။ တစ်နှစ်လောက်ကို စောင့်ကြည့်ခဲ့တယ်ပေါ့။ ဒါပေမဲ့ တစ်နှစ်နောက်ပိုင်းမှာတော့ ရန်ကုန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အောင်မှတ်မပေးနိုင်ဘူး။ အထူးသဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ အရမ်းဆင်းရဲတယ်။ အရမ်းကိုချို့တဲ့တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်မတို့က ရန်ကုန်အစိုးရကို တိုင်းနှင့် ပြည်နယ် ၁၄ ခုမှာဆိုရင် အောက်ဆုံးမှာပဲထားပါတယ်။ ဘာကြောင့် အောက်ဆုံးမှာပဲထားသလဲဆိုရင် ပြည်သူ့ဘဏ္ဍာငွေ အများဆုံးသုံးစွဲတဲ့ အစိုးရဖြစ်တယ်။ အများဆုံးသုံးစွဲတဲ့ အစိုးရဖြစ်ပြီးတော့ ရှိတဲ့ပြည်သူလူထုနဲ့ ရရှိတဲ့အကျိုးကို ပြန်ပြီးတွက်အခါမှာ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ သူကအောက်ဆုံးနားနီးကို ရောက်နေတာ။ ဒါကြောင့်မို့ ကျွန်မတို့က အောင်မှတ်မပေးပါဘူး။ အောင်မှတ် မပေးတဲ့အပြင် ရန်ကုန်အစိုးရဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲမှာဆိုရင် ပွင့်လင်းမြင်သာမှု မရှိဆုံးအစိုးရ တာဝန်ခံမှုအနည်းဆုံး အစိုးရအနေဖြင့် မှတ်တမ်းတင်ထားပါတယ်” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

ထို့အပြင် ၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုကြောင့်လွှတ်တော်သို့ ဖြန့်ဝေနိုင်ခြင်း မရှိမှုနှင့်ပတ်သက်၍လည်း ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအား အမြဲစောင့်ကြည့်လျက်ရှိပြီး စစ်ရင်းစစ်ချုပ် အစီအရင်ခံစာအပြင် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း စောင့်ကြည့်လျက်ရှိကြောင်း၊ စောင့်ကြည့်လျက်ရှိသည့် အကြောင်းအရာ အချက်အလက်များကို အချိန်တန်ပါက ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ရန်ကုန်တိုင်းအစိုးရကတော့ အမြဲတမ်းစောင့်ကြည့်နေတာပဲ။ စာရင်းစစ်ချုပ် အစီအရင်ခံစာမှ မဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်ကိုလည်း စောင့်ကြည့်တယ်ပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်ကိုယ်စားလှယ်တွေ မေးခွန်းဘယ်နှခု မေးထားလဲပေါ့။ မေးခွန်းတစ်ခုကို ပြည်သူလူထုရဲ့ပိုက်ဆံ ဘယ်လောက် ကုန်ကျနေလဲပေါ့။ ဒါမျိုးတွေကအထိ ကျွန်မတို့ စောင့်ကြည့်ထားတာ ရှိတယ်။ အချိန်တန်ရင်တော့ ထုတ်ပြန်မှာဖြစ်တယ်။ အဲဒီတော့ စာရင်းစစ်ချုပ် အစီအရင်ခံစာက အားလုံးသိတဲ့အတိုင်းပဲ ရန်ကုန်တိုင်းအစိုးရအဖွဲ့က မထုတ်ပြန်တာက တည်ဆဲတရားဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ လွှတ်တော်ဥပဒေကိုချိုးဖောက်တာလည်း ဖြစ်တယ်။ ဥပဒေချိုးဖောက်တဲ့ကိစ္စကတော့ ဥပဒေအရ တာဝန်ခံရမှာပဲဖြစ်တယ်။ ဒီနေ့လား ၊မနက်ဖြန်လား၊ နောက်နေ့လားတော့ မသိဘူးပေါ့နော်” ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါ်ညိုညိုသင်းက ဆက်လက်ပြောကြားသည်။                  

 

Most Read

Most Recent