စပိန်နေ့စဉ်ထုတ်အားကစားသတင်းစာ Marca က ချီးမြှင့်သည့် လာလီဂါအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၆)ရက်က ပြုလုပ်ခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၂၀၁၈-၁၉ ရာသီ လာလီဂါဂိုးသွင်းဘုရင်ဆု(ပီချီချီဆု)နှင့် လာလီဂါအကောင်းဆုံးကစားသမားဆု(ဒီစတီဖာဆိုဆု)တို့ကို ရရှိခဲ့ကြောင်း သိရှိရသည်။
သို့သော် မက်ဆီသည် ဆုပေးပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိဘဲ ဗီဒီယိုဖိုင်ဖြင့်သာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
မက်ဆီမှာ ပြီးခဲ့သည့်ရာသီ လာလီဂါပြိုင်ပွဲတွင် (၃၆)ဂိုးအထိသွင်းယူကာ ပီချီချီဆုကို (၆)ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုဂိုးသမား အိုဘလက်ခ်က အကောင်းဆုံးဂိုးသမားဆု(ဇာမိုရာဆု)ကို (၄)ကြိမ်မြောက်ရရှိခဲ့ပြီး ပြီးခဲ့သည့်ရာသီ လိဂ်ပွဲ(၃၇)ပွဲကစားရာတွင် ပွဲ(၂၀)တိတိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။
အကောင်းဆုံးနည်းပြဆု(မီဂွယ်မူနော့ဇ်ဆု)ကို ဂီတာဖေးနည်းပြ ဘော်ဒါလက်စ်နှင့် ဂရန်နာဒါနည်းပြ ဒီယေဂိုမာတီနက်ဇ်တို့က ပူးတွဲရရှိခဲ့သည်။
စပိန်ကစားသမားများထဲမှ အကောင်းဆုံးဆု(ဇာရာဆု)ကို ဆယ်လ်တာဗီဂိုတိုက်စစ်မှူး အက်စ်ပတ်စ်က ရယူနိုင်ခဲ့သည်။
ဘီလ်ဘာအိုတိုုက်စစ်မှူး အီညာကီဝီလျံစ်က အကောင်းဆုံးသွင်းဂိုးဆု၊ ရီးယဲလ်နောက်ခံလူ ရာမို့စ်က အကောင်းဆုံးစပိန်လက်ရွေးစင်ဆုတို့ ရရှိခဲ့သည်။