ဟုမ္မလင်းမြို့နယ် ကြို့ပင်ကျေးရွာရှိ လူ‌နေအိမ်နှင့် စာသင်ကျောင်းအနီးတွင် ရွှေတူးဖော်ရာမှထွက်သည့် စွန့်ပစ်မြေစာများ လွန်စွာမြင့်မားနေပြီး အချိန်မရွေး ပြိုကျနိုင်သဖြင့် ဒေသခံများ ထိတ်လန့်နေကြ

ဟုမ္မလင်းမြို့နယ် ကြို့ပင်ကျေးရွာရှိ လူ‌နေအိမ်နှင့် စာသင်ကျောင်းအနီးတွင် ရွှေတူးဖော်ရာမှထွက်သည့် စွန့်ပစ်မြေစာများ လွန်စွာမြင့်မားနေပြီး အချိန်မရွေး ပြိုကျနိုင်သဖြင့် ဒေသခံများ ထိတ်လန့်နေကြ
ကြို့ပင်ကျေးရွာရှိ လူနေအိမ်နှင့် စာသင်ကျောင်းအနီးရှိ ရွှေတူးဖော်ရာမှ ထွက်ရှိသည့် စွန့်ပစ်မြေစာများကို တွေ့ရစဉ်
ကြို့ပင်ကျေးရွာရှိ လူနေအိမ်နှင့် စာသင်ကျောင်းအနီးရှိ ရွှေတူးဖော်ရာမှ ထွက်ရှိသည့် စွန့်ပစ်မြေစာများကို တွေ့ရစဉ်
Published 15 December 2019
မဖေငြိမ်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကြို့ပင်ကျေးရွာရှိ လူ‌နေအိမ်နှင့် စာသင်ကျောင်းအနီး ရွှေတူးဖော်သည့် စွန့်ပစ်မြေစာများ လွန်စွာမြင့်မားနေပြီး အချိန်မရွေး ပြိုကျနိုင်သဖြင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် ကြို့ပင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအနီးတွင် Golden School ကုမ္ပဏီမှ ရွှေသတ္တုတူးဖော် လုပ်ကိုင်နေပြီး ၎င်းတို့တူးဖော်ရာမှ စွန့်ပစ်သော စွန့်ပစ်မြေစာ (မျောမီး) များသည် လွန်စွာမြင့်မားနေပြီး စာသင်ကျောင်းအပေါ်သို့ အချိန်မရွေး ပြိုကျနိုင်ကာ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ၏ အသက်အန္တရာယ် စိုးရိမ်နေရသဖြင့် ထိုကုမ္ပဏီအား ကွင်းဆင်းစစ်ဆေး အရေးယူပေးရန်နှင့် ဆက်လက်လုပ်ကိုင် ဆောင်ရွက်ခွင့်မပြုရန် ကျေးရွာကျောင်းသားမိဘများနှင့် ပြည်သူများက လက်မှတ်ထိုး၍ နိုဝင်ဘာ ၂၈ ရက်က တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုကုမ္ပဏီသည် တူးဖော်မှုကို ခေတ္တရပ်နားထားသော်လည်း ဆက်လက် လုပ်ကိုင်မည်ကို စိုးရိမ်နေကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“စာသင်ကျောင်းက တောင်ခြေမှာရှိတာ။ မျောက တောင်ထိပ်မှာ။ ကျွန်မတို့အိမ်က တောင်ခါးလယ်လောက်မှာ။ စာသင်ကျောင်း အနောက်ဘက်မှာ ၁၅ ပေလောက်ရှိတဲ့ လမ်းကျဉ်းကလေးရှိတယ်။ အဲဒီလမ်းပြီးရင် ကျွန်မတို့ အိမ်တန်းတစ်တန်းပေါ့။ ကျွန်မတို့အိမ်တန်းမှာက ခြောက်အိမ်ရှိတယ်။ အဲဒီအိမ်ရဲ့ အနောက်ဘက်မှာ ဟိုးတုန်းက အပင်တွေစိုက်တာ တောင်တွေရှိတယ်။ နောက်ပိုင်း အဲဒီတောင်တွေကို မျောတိုက်သွားကြတာ တော်တော်လေးကြာပြီ။ တောင်က မရှိတော့ဘူး။ ချိုင့်ဝှမ်းကြီးပေါ့။ တော်တော်လေးနက်တဲ့ ကျင်းချိုင့်ကြီး ဖြစ်နေတာ။ အဲဒီကျင်းချိုင့်ကြီးမှာ အခုကုမ္ပဏီက ရေမှုန်နဲ့မောင်းပြီး သဲစာတွေရေတွေမျောမီးတွေကို တစ်ဖက်ကို ပစ်တာပေါ့။ အဲဒီမှာ ကျင်းချိုင့်ကြီးက တဖြည်းဖြည်းနဲ့ ပြည့်လာပြီးတော့ အခုဆိုရင် ပြည့်ရုံမကဘူး လျှံလာတော့တာ။ နဂိုတောင်ပုံစံပြန် ဖြစ်လာတော့တာပေါ့နော်။ ဆိုတော့ ကျွန်မတို့အိမ်ရဲ့အထက်ကို အဲဒီမျောမီးက မောက်နေတာ။ မောက်နေတဲ့ အခါကျတော့ တကယ်လို့ မိုးရွာလိုက်ရင် အဲဒီမြေတွေက မြေသားမြေမှန် မဟုတ်တဲ့အတွက် စီးကျပြိုကျလာမှာ။ ပြီးတော့ အဲဒါကသဲတွေ၊ မြေတွေကြီးပဲ မဟုတ်ဘူး။ ရေတွေလည်းပါ‌တော့ ရွှံ့ကန်ကြီးပုံစံ ဖြစ်နေတာ။ သူတို့ကတော့ အဲဒါကို ပီနံအိတ်တွေ၊ သဲအိတ်တွေနဲ့ ပိတ်တန်းလုပ်ပြီး ပိတ်တာပေါ့။ ဒါပေမဲ့ ရွှံ့ရေတွေရောဆိုတော့ မတော်တဆ ပေါက်ကျခဲ့ရင် ကျွန်မတို့ အိမ်တန်းရော စာသင်ကျောင်းပါ အရမ်းအန္တရာယ်ကြီးတဲ့အတွက် ကျွန်မတို့ကတော့ အပြီးသိမ်းစေချင်တာပါ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ကုမ္ပဏီသည် တူးဖော်ခွင့် တရားဝင်ရပြီး ဖြစ်သောကြောင့် ပိတ်သိမ်းခိုင်း၍ မရကြောင်းနှင့် စွန့်ပစ်မြေစာများအား ကျေးရွာဘက်နှင့် စာသင်ကျောင်းဘက် မရောက်ရှိနိုင်‌စေရန် ပိတ်တန်းများ သေချာပိတ်ဆို့ကာရန် မှာကြားထား‌ကြောင်း ဟုမ္မလင်းမြို့နယ် အမှတ်(၂) သတ္တုတူးဖော်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျေးရွာက တိုင်စာတက်လာလို့ ဒီဇင်ဘာ ၆ ရက်မှာ ကျွန်တော်တို့သွားစစ်ကြတယ်။ ကုမ္ပဏီက တရားဝင် တူးဖော်ခွင့်ရပြီးသားပါ။ ကျေးရွာ၊ စာသင်ကျောင်းနဲ့လည်း ပေ ၃၀၀ ဝေးပါတယ်။ စွန့်ပစ်မြေစာတွေလည်း တခြားဘက်မှာ ပစ်တာပါ။ ဒါပေမဲ့ တူးဖော်ရင်းနဲ့ စွန့်ပစ်မြေစာတွေ များလာတော့ အဲဒီဘက်ကို ရောက်သွားတာပေါ့။ ကုမ္ပဏီက တူးဖော်ခွင့် တရားဝင်ရထားပြီးသားဆိုတော့ အပြီးသိမ်းခိုင်းလို့တော့ မရဘူး။ ဒါပေမဲ့ လတ်တလောမှာ ခဏရပ်ခိုင်းထားလိုက်ပြီး စွန့်ပစ်မြေစာတွေကို မျောမီးတွေကို သေချာစွန့်ပစ်ဖို့ ကျေးရွာနဲ့ စာသင်ကျောင်းဘက် ပေါက်မကျလာအောင် သေချာပိတ်တန်းပိတ်ဖို့ ကာဖို့ပြောခဲ့တယ်။ ကုမ္ပဏီနဲ့ ကျေးရွာကိုလည်းမှာခဲ့တယ်။ ပိတ်တန်းပိတ်ကာတဲ့ အခြေအနေကိုလည်း ကျေးရွာကလူတွေကို ခေါ်ပြခိုင်းခဲ့ပြီး ကျေးရွာက ကျေနပ်ပြီ သဘောတူပြီဆိုမှ စာတင်ပြီး ဆက်လုပ်ဖို့ မှာထားပါတယ်” ဟု ဟုမ္မလင်းမြို့နယ် အမှတ် (၂) သတ္တုတူးဖော်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent