ချင်းတွင်းမြစ်ကြောင်း ရေကြောင်းကျပ်သည်မှာ ယခင်နှစ်ကထက် အချိန်တစ်လခန့် ပိုစော၍ ရေကြောင်းကျပ်လာမှုကြောင့် ရေယာဉ်များ သွားလာရခက်ခဲလာပြီး ကုန်တင်ရေယာဉ်များဆိုလျှင် အဆိုပါနေရာတွင် လေးညခန့်အိပ်၍ ဆန်တက်နေရကြောင်း ကုန် မော်တော်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
“ချင်းတွင်းမြစ်ထဲဆိုရင် မော်လိုက် အထက်ဘက်ကဆိုရင် ရိုးလာရယ်၊ ဖောင်းပြင် အထက်ဘက်ကဆိုရင်နတ်ဆက်ရယ် အဲဒီနှစ် နေရာရယ်ပေါ့။ ရိုးလာက လောလောဆယ်တော့ လေးညအိပ် ငါးရက်ဆန်တက်ခဲ့ရတယ်။ မော်တော် သုံးပြန်စာလောက်ပဲ ရှည်တာပါ။ အဲဒီနေရာက နှစ်တိုင်းဖြစ်နေကြပါ။ ဒီနှစ်က ပိုစောတာပေါ့။ တစ်လ၊ နှစ်လလောက် ပိုစောတယ်။ အရင်နှစ်တွေက ဇန်နဝါရီလောက် မှ အခုလိုဖြစ်တာ။ နတ်ဆက်ကတော့ ကောင်းလိုက် ပျက်လိုက်တဲ့ အမြဲတမ်းရေကြောင်း ကြပ်တာပါပဲ။ နွေရာသီရေကြောင်းဆိုရင် အခုထက်ပိုဆိုးမယ်။ ရေလမ်းအသုံးပြုခတွေ ကောက်ခံပေမယ့် ရေလမ်းတို့ဘာတို့ ပြန်ဖောက်ပေးတာမရှိဘူး။ အရင်နှစ်တွေကလည်း ရေကြောင်းဖောက်တာ ရှိပါတယ်။ ဒါပေမဲ့ မိုးရာသီရောက်မှပဲ ရေကြောင်းပေါက်သွားတာပါ”ဟု ရေယာဉ်ပိုင်ရှင်တစ်ဦးကပြောကြားသည် ။
ချင်းတွင်းမြစ်အတွင်း ရေကြောင်းကျပ် သော မော်လိုက်မြို့ အထက်ဘက်ရိုးလာနေရာ မှာ နှစ်စဉ် ရေကြောင်းကျပ်သည့်နေရာဖြစ်ပြီး အဆိုပါနေရာတွင် ချင်းတွင်းမြစ်ရေသည့် ရေက ပြန့်စီးဆင်းပြီး ရေစူးအနက်မှာ သုံးပေသာသာခန့်သာရှိသောကြောင့် ကုန်မော်တော်များ သွားလာရပိုမိုခက်ခဲသည်ဟု သိရ သည် ။
“အဲဒီနေရာ (ရိုးလာ) ရေပေါက်တွေများ တာ။ ရေက မလုံးသေးတာပေါ့။ ရေက တက်ရ မယ့် အပေါက်က တစ်ပေါက်တည်းမဟုတ်ဘဲ ရေစီးတာက တစ်နေရာတည်းမဟုတ်တော့ ရေပါးတာ။ အခု လောလောဆယ်ကတော့ အဆန်ရော၊ အစုန်ရော ပေါင်းမယ်ဆိုရင် အစင်း ၄၀ ကျော်လောက်ရှိတယ်။ ကျွန်တော် မရောက်ခင်ကတည်းကရောက်တဲ့သူတွေ ဆိုရင်မတက်ရသေးဘူး။ သူတို့ဆိုရင် တစ်ပတ်လောက်ရှိပြီ။ အဲဒီနားလေးက မော်တော်တွေစုပြီး ကိုယ်ထူကိုယ်ထရေကြောင်းဖောက်နေတာကို စောင့်နေကြတာ။ လူစီးရှော်တယ် ရေယဉ်တွေလည်း သူတို့လည်း ရုန်းတော့ရုန်းနေကြရတာပဲ။ ရုန်းလိုက်တက်လိုက်ပါ။ ရိုးလာက ရေကြောင်းအတည်တကျမရှိတာ။ အစုန်ရော အဆန်ပါ ရုန်းနေကြရတာ။ ရေ ကြောင်းပြအမှတ်အသားလည်းမရှိဘူး”ဟု မော်တော်ဆလင်တစ်ဦးက ပြောကြားသည်။
ချင်းတွင်းမြစ်ကြောင်းသည် ပွင့်လင်းရာသီရောက်ရှိလာလျှင် ရေကြောင်း ကျပ်ခြင်း (မြစ်ရေနည်းပါး၍ သွားလာရခက်ခဲခြင်း) နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး ကုန်စည်ပို့ဆောင်ရေးများအတွက် အချိန် ကြန့်ကြာလေ့ရှိသည်ဟု သိရသည်။















