စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့တွင် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရပ်တည်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရပ်တည်ထောက်ခံပွဲ ပြုလုပ်ရခြင်းသည် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ဖြေရှင်းမည့်အပေါ် ရပ်တည်ထောက်ခံသည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံက ဘင်္ဂါလီတွေကို လူမျိုးသုဉ်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကျွန်တော်တို့နိုင်ငံကို တရားစွဲထားတယ်။ အဲဒီတရားစွဲထားတဲ့ဖြစ်စဉ်မှာ နိုင်ငံတော်ရဲ့ကိုယ်စား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းမယ်ဆိုတဲ့ စာတစ်စောင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ခေါင်းဆောင် လူထုခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ဝန်းရံတယ်။ အဲဒီအတွက် ကျွန်တော်တို့က အခုလိုထောက်ခံပွဲကို လုပ်တာဖြစ်ပါတယ်” ဟု ရပ်တည်ထောက်ခံပွဲကို ဦးဆောင်သူ ချောင်းဦးမြို့မှ မာန်ဇာမြေမွန်က ပြောကြားသည်။
အဆိုပါ ရပ်တည်ထောက်ခံပွဲကို လာရောက်ကြသူများက ချောင်းဦး-ပခုက္ကူသွား ကားလမ်းအနီးတွင် တည်ရှိသော ဗိုလ်ချုပ်ကြေးရုပ်တုရှေ့တွင် အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခဲ့ကြကြောင်းသိရသည်။
အလားတူ ဘာသာရေးနယ်ပယ်အသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအပါအဝင် လူဦးရေ ၃၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။















