ထိုင်းနိုင်ငံအတွင်း စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု ရှိလာ၍ မြန်မာလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ နေရပ်ပြန်ရောက်

ထိုင်းနိုင်ငံအတွင်း စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု ရှိလာ၍ မြန်မာလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ နေရပ်ပြန်ရောက်
နေရပ်ပြန်လာရသည့် မြန်မာလုပ်သားများကို မြဝတီမြို့တွင် တွေ့ရစဉ်
နေရပ်ပြန်လာရသည့် မြန်မာလုပ်သားများကို မြဝတီမြို့တွင် တွေ့ရစဉ်
Published 21 November 2019
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံ ချွန်းပူရိီခရိုင် ဆီကရှန်မြို့နယ်ရှိ သားရေအိတ်လုပ်ငန်းစက်ရုံ ပိတ်သိမ်းလိုက်၍ မြန်မာနှင့် ကမ္ဘောဒီယား လုပ်သား ၁၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ကာ မြန်မာလုပ်သား ၈၀ ကျော်တို့မှာ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်ရုံပိတ်သိမ်းလိုက်၍ မြန်မာလုပ်သား ၆၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ကာ နေထိုင်စားသောက်ရေး အခက်အခဲကြောင့် မြန်မာအလုပ်သမား သံအရာရှိများနှင့် အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများက တရားဝင် ပြန်လာနိုင်ရေးတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြဝတီခရိုင် အလုပ်သမားဦးစီးအရာရှိ နိုင်ဝင်းထွန်းက သူတို့စက်ရုံက ပိတ်သိမ်းလိုက်ပြီ။ သူတို့ကို ထိုင်းမှာတင်ပဲ အလုပ်သမား သံအရာရှိတွေနဲ့ သွားရောက်ပြီး နစ်နာကြေးရရှိဖို့ ဆောင်ရွက်တယ်။ မြန်မာလုပ်သား ၆၀၀ ကျော် အလုပ်ပြုတ်တာတော့ မဟုတ်ဘူး။ စက်ရုံက ဒေဝါလီခံလိုက်တာ။ အလုပ်လည်း မရ၊ နေလို့လည်းမရ အခက်အခဲ ဖြစ်နေတာ။ သူတို့လုပ်တာလည်း လေးငါးနှစ်ရှိပြီ။ ပြန်ချင်ကြတယ်။ တရားဝင် ပြန်လာလို့ရဖို့အရေးကို ဆောင်ရွက်ပြီးတော့ ကျောက်လုံးကြီးစခန်းကနေ နေရပ်အထိ ပြန်လည် ပို့ဆောင်ပေးဖို့ ဆောင်ရွက်ထားပါတယ်”ဟု ပြောကြားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က စက်ရုံ ဒေဝါလီခံလိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာလုပ်သားတွေကို အေးအေးချမ်းချမ်းနဲ့ ပြန်လည် ရောက်ရှိဖို့အတွက် ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့နေရပ်အထိ ရောက်ရှိအောင် ပို့ဆောင်ပေးပါမယ်”ဟု ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရုံစက်ရုံအချို့ ပိတ်သိမ်းလာခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်ကာ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်ရသည်ဟုလည်း နေရပ်ပြန်ရောက်လာသူ အလုပ်သမားများက ပြောကြားသည်။

ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ပင်လယ်စာနှင့် ရေထွက်ကုန်ကြမ်းများ တင်ပို့ရောင်းချမှုကို အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ရှိလာသည့်အတွက် ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံအချို့ ပိတ်သိမ်းလိုက်ရသည့် အခြေအနေကြောင့် မြန်မာလုပ်သား အများအပြား အခက်ကြုံနေရကြောင်း သိရသည်။

ယင်းကဲ့သို့ ထိုင်းနိုင်ငံရှိ အလုပ်ရုံစက်ရုံအချို့ ပိတ်သိမ်းလာရခြင်းမှာ ထိုင်းပင်လယ်စာနှင့် ရေထွက်ကုန်ကြမ်းများ တင်ပို့မှုကို အမေရိကန်နိုင်ငံမှ အခွန်ကင်းလွတ်ခွင့် GSP ရုပ်သိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယင်းကဲ့သို့ အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခြင်းမှာလည်း ထိုင်းအာဏာပိုင်များနှင့် လုပ်ငန်းရှင်များက အလုပ်သမားများအပေါ်  အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်း ကုပ်သွေးစုပ် ချိုးနှိမ်ခြင်းများကြောင့် ဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း စီးပွားရေး၊ ကုန်သွယ်မှုလုပ်ငန်း လျော့ကျလာခြင်း၊ စက်ရုံအလုပ်ရုံ ပိတ်သိမ်းမှုများ ရှိလာသည့်အတွက် ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်မည်ဆိုပါက အလုပ်သမားသံအရာရှိနှင့် အေဂျင်စီတို့ ပူးပေါင်းပြီး အလုပ်အမှန်တကယ်ရှိ မရှိကို စိစစ်ပြီးမှ လုပ်သား စေလွှတ်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြားသည်။                    

 

Most Read

Most Recent