နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပေရှစ်ဆယ်ပတ်လည်မြေကွက် ၁၉၇ ကွက်ကို ကျပ်သိန်း ၂၅၀ ဖြင့် စျေးလျှော့ရောင်းမည်

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပေရှစ်ဆယ်ပတ်လည်မြေကွက် ၁၉၇ ကွက်ကို ကျပ်သိန်း ၂၅၀ ဖြင့် စျေးလျှော့ရောင်းမည်
Published 19 November 2019

နေပြည်တော် စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်တွင် မြေကွက်ဝယ်ယူ၍ နေအိမ်ဆောက်လုပ် နေထိုင်လိုသော မြန်မာနိုင်ငံသားမည်သူမဆို အဆင်ပြေစွာဖြင့် မြေကွက်ဝယ်ယူနိုင်ရေး အတွက် ပေ (၈၀_၈၀) မြေကွက်လွတ်များ ရှိသည့်အနက် ပထမအကြိမ်အဖြစ် မြေကွက်လွတ် ၁၉၇ ကွက်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း မြေတစ်ကွက်လျှင် ယခင်သတ်မှတ်စျေးနှုန်း ကျပ်သိန်း ၃၅၀ မှ ကျပ်သိန်း ၂၅၀ နှုန်းသို့ စျေးနှုန်းလျှော့၍ ရောင်းချပေးသွားမည်ဖြစ်သည်ဟု အသိပေး ကြေညာထားသည်။

မြေကွက်ဝယ်ယူသူသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး ၎င်းတို့မှာ အမှန်တကယ်နေအိမ် ဆောက်လုပ်နေထိုင်သူဖြစ်ရမည်၊ လျှောက်ထားသူတစ်ဦးလျှင် မြေကွက်တစ်ကွက်သာ ဝယ်ယူခွင့်ရရှိမည်၊ နေအိမ်ဆောက်လုပ်ပြီးမှသာ နှစ် ၃၀ မြေငှားစာချုပ်ချထားပေးမည်၊ မြေကွက်အား ဝယ်ယူခွင့်ရရှိပါက သတ်မှတ်မြေတန်ဖိုးငွေကို တစ်ကြိမ်တည်းဖြင့် အပြေအကျေပေးသွင်းရမည်၊ မြေကွက်စတင်ချထားပေးသည့်နေ့မှ ခြောက်လအတွင်း ခြံစည်းရိုးကာရံခြင်းကို ဆောင်ရွက်ပြီး တစ်နှစ်အတွင်း နေအိမ်အပြီးဆောက်လုပ်ရမည်ဖြစ်သည်။ နေအိမ်ဆောက်လုပ်ခြင်းမရှိပါက ပေးသွင်းထားသော မြေတန်ဖိုးကို ပြန်လည်ထုတ်ပေးခြင်းမပြုဘဲ မြေကွက်ကို ကော်မတီက ပြန်လည်သိမ်းဆည်းမည်၊ ခြံစည်းရိုးကာရံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်းများအတွက် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ ခွင့်ပြုချက် ရယူဆောင်ရွက်ရမည်၊ မြေကွက်အား ခွဲစိတ်၍ တစ်ဆင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်းမပြုရ၊ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေးအတွက် အရိပ်ရအပင်များ၊ ပန်းအလှပင်များစိုက်ပျိုးရမည်၊ မြို့ပြအင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး နေပြည်တော် စည်ပင်သာယာရေးကော်မတီက အခါအားလျော်စွာ သတ်မှတ်သည့်စည်းကမ်းချက်များကို လိုက်နာရမည်၊ ပေးသွင်းထားသော မြေတန်ဖိုးကို မည်သည့်အကြောင်းနှင့်မျှ ပြန်လည်ထုတ်ပေးခြင်းမပြုပါတို့ဖြစ်သည်။

လျှောက်လွှာပုံစံနှင့်အတူ ရောင်းချမည့် မြေကွက်အမှတ်နှင့် တည်နေရာများကို ကော်မတီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမည်ဖြစ်ပြီး လျှောက်လွှာဝယ်ယူရန်မလိုကြောင်း ကြေညာထားသည်။ လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်၊ ခြောက်လအတွင်းရိုက်ကူးထားသည့် ပတ်စပို့အရွယ်ရောင်စုံလိုင်စင်ဓာတ်ပုံနှစ်ပုံ ပူးတွဲပေးရမည်ဖြစ်သည်။ မြေကွက်များကို မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မဲနှိုက်မည့်နေ့ရက်ကို ခုနစ်ရက်ကြိုတင်၍ အသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent