ပခုက္ကူမြို့ အမှတ် (၁၁)အထည်စက်ရုံမှ လုပ်သက် ခုနစ်နှစ်မှ ၁၁ နှစ်ခန့်ရှိ နေ့စားဝန် ထမ်း ၃၇ ဦးမှာ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ နစ်နာကြေးမရရှိဘဲ အလုပ်မှ ထုတ် ပယ်ခံရသည့်အတွက် စားဝတ်နေရေးခက်ခဲမှု များကြုံတွေ့နေကြောင်း အလုပ်မှ ထုတ်ပယ်ခံ ရသူများထံမှ သိရသည်။
စက်ရုံံတာဝန်ခံမှ အလုပ်မှ ထုတ်ပယ်ခံ ရသူများအား myanmar magic Link ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရမည်ဟု ပြောဆိုခဲ့ ကြောင်း ၊ အခြားသော နိုင်ငံပိုင်စက်ရုံများမှ နေ့စား ဝန်ထမ်းများအား တစ်နှစ်စာချုပ်ဖြင့် အလုပ်ထပ်မံခန့်ထားမှုများရှိသော်လည်း မိမိတို့ ပခုက္ကူမြို့ အမှတ် (၁၁)အထည်စက်ရုံမှ နေ့စားဝန်ထမ်းများကိုမူ နစ်နာကြေးမပေးဘဲ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း မဟေမာန်က ဆိုသည်။
“ညီမတို့က ကုမ္ပဏီဖက်ကို မပြောင်းနိုင်ဘူး။ ကုမ္ပဏီတွေက ဝင်လိုက်ထွက်လိုက်ဖြစ်နေတာ။ ကုမ္ပဏီက ထွက်သွားလိုက်တာနဲ့ အလုပ်လုပ်တဲ့သူတွေလည်း အလုပ်က အလိုအလျောက် ပြုတ်သွားတာ။ ကုမ္ပဏီပြောင်း သွားပေမဲ့ အစိုးရဖက်က ညီမတို့ နေ့စားတွေ က မပြုတ်ဘူးရှိနေတယ်။ ဒါကြောင့်လည်း ကုမ္ပဏီဘက်ကို မပြောင်းနိုင်တာ။ အဲဒီလို အခက်အခဲတွေရှိလို့ ကုမ္ပဏီနဲ့ EC စာချုပ်မချုပ်ဘူး။ သူတို့ဖက်ကလည်း ကျွန်မတို့ကို စက်ရုံထဲ ပေးမဝင်ဘဲ အပြင်ထုတ်ထားတာ” ဟု လုပ်သက် ၁၀ နှစ်နီးပါးရှိ မဟေမာန်က ဆိုသည်။
အလုပ်မှ ထုတ်ပယ်ခံထားရသည့် နေ့ စားလုပ်သားများက အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနသို့ တင်ပြမှုများပြုလုပ်ခဲ့ ကြောင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ကြောင်း၊ စက်ရုံတာဝန်ခံမှ Myanmar Magic Link ကုမ္ပဏီနှင့် စက်ချုပ် မချုပ်သည့်အတွက် စက်ရုံအတွင်း ဝင်ခွင့်မပြုကြောင်း အလုပ်သမားက ပြောကြားသည်။
“တစ်နိုင်ငံလုုံးက နေ့စားဝန်ထမ်း ၉၀၀ ကျော်ကို ရပ်စဲလိုက်တယ်လို့ စာထွက်လိုက်ပါတယ်။ စက်ရုံဖက်က ကုမ္ပဏီနဲ့စာချုပ်ချုပ် ရမယ် ပြောတယ်။ ကျွန်တေ်ာတို့က တစ်နိုင်ငံလုံးက ဦးရေ ၉၀၀ ကျော်လုံးပြုတ်ရင် ကျွန် တော်တို့လည်း ပြုတ်ပါမယ်လို့ ပြောလိုက်တယ်။ တခြားစက်ရုံတွေကတော့ အလုပ်မဖြုတ်တော့ဘဲ တစ်နှစ်ဆက်ချုပ်တယ် သိရတယ်။ ကျွန်တော်တို့လည်း တခြားက နိုင်ငံဝန်ထမ်းနေ့စားတွေလို ရချင်ပါတယ်”ဟု လုပ်သက် ရှစ်နှစ်ရှိ ကိုအောင်ချိုဆက်က ဆိုသည်။
နေ့စားဝန်ထမ်းများ အလုပ်မှ ရပ်နား ထားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၁၁)အထည်စက်ရုံ (ပခုက္ကူ)မှ စက်ရုံတာဝန် ခံဖြစ်သူထံဆက်သွယ်မေးမြန်းရာ ၎င်းအနေ ဖြင့် ဖြေကြားခွင့်မရှိကြောင်း ပြန်လည်ပြော ကြားခဲ့သည်။
နိုင်ငံတော်ပိုင်အမှတ် (၁၁) အထည် စက်ရုံအား ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ တ ရုတ်နိုင်ငံသားများမှ ငှားရမ်းပြီး Myanmar Magic Link အထည်ချုပ်စက်ရုံ အဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ပြီး ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်းရှိ ဒေသခံများ လာရောက် လုပ်ကိုင်ကြောင်း သိရသည်။
Myanmar Magic Link Co.,Ltd အထည်ချုပ်စက်ရုံမှာ ၂၀၁၈ ခုနှစ် သြဂုတ်လ က လုပ်သား ၂၄၀ ကျော်အား ကြိုတင် အသိပေးခြင်းမရှိဘဲအလုပ်မှထုတ်ပယ်ခဲ့ပြီး အလုပ် ထုတ်ခံရသူများကနစ်နာကြေးရရှိရန် တောင်း ဆိုမှုများ ပြုလုပ်ခဲ့ရသည်။















