ကိုးကွယ်ရာဘာသာကြီးများအဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုပ်ငန်းစဉ်တို့အကြား တံတားတစ်စင်းသဖွယ် ပေါင်းကူးပေးလိမ့်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၄ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ငြိမ်းချမ်းရေးအတွက် ကိုးကွယ်ရာဘာသာကြီးများအဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အကြား တံတားတစ်စင်းသဖွယ် ပေါင်းကူးပေးလိမ့်မည်ဟု ယုံကြည်ကြောင်း၊ အဆိုပါအဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည် လူသားဖွံ့ဖြိုးရေးကို မြှင့်တင်ပေးရန် လည်းကောင်း၊ ကမ္ဘာကြီးအား ကာကွယ်စောင့်ရှောက်ပေးရန်လည်းကောင်း၊ တရားမျှတပြီး သဟဇာတရှိသော လူ့အဖွဲ့အစည်းများအဖြစ်သို့ မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ မိမိတို့မျှော်မှန်း တောင့်တလျက်ရှိသော စည်ပင်ဝပြောမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရေးတွင် ငြိမ်းချမ်းရေးအရေးပါပုံကို မြန်မာနိုင်ငံရှိ မိမိတို့အားလုံး သံသယအလျဉ်း မရှိကြောင်း၊ ငြိမ်းချမ်းရေးထွန်းကားခြင်းမရှိပါက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သကဲ့သို့ သဟဇာတဖြစ်မှုနှင့် တရားမျှတမှုတို့လည်း ရှိနိုင်မည်မဟုတ်ကြောင်း၊ သဟဇာတဖြစ်မှုနှင့် တရားမျှတမှုတို့သည် ဘာသာတရားများ၏ ဆုံးမသြဝါဒများအနက် အခြေခံအကျဆုံး သဘောတရားများဖြစ်ပြီး အဆုံးအမသြဝါဒများအတိုင်း နာခံကျင့်ကြံကြခြင်းဖြင့် တရားမျှတမှုနှင့် သဟဇာတဖြစ်မှုတို့ ထွန်းကားလာမည်မှာ သေချာကြောင်း ပြောကြားသည်။
ဘာသာရေးအဆုံးအမ သွန်သင်ချက်များသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကောင်းကျိုးစီးပွားတို့အတွက် လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များပင်ဖြစ်ကြောင်း၊ ယင်းသို့သော အဆုံးအမများသည် လူသားတို့ကို စိတ်ကောင်း၊ နှလုံးကောင်းရှိသူများအဖြစ်သို့ ရောက်ရှိစေပြီး စိတ်၏ငြိမ်းချမ်းခြင်းကို ပေးစွမ်းကြောင်း။ မိမိတို့၏ စိတ်ဓာတ်ရေးရာ၊ လူမှုရေးရာနှင့် နိုင်ငံရေးရာတို့ကို မိမိတို့တစ်ဦးချင်းစီ၏ ကိုယ်ပိုင် ၀ိသေသလက္ခဏာများအဖြစ် ပုံသွင်းပေးနိုင်စဉ်မှာပင် ဘာသာရေးခေါင်းဆောင်များက သဟဇာတရှိသော လူ့ဘောင်ကို တည်ထောင်ရေး၊ ငြိမ်းချမ်းလုံခြုံသော ကမ္ဘာကြီးအဖြစ် ထူထောင်ရေးတို့အတွက် သက်ဆိုင်ရာဘာသာ တရားအသီးသီး၏ အဆုံးအမသြဝါဒများအတိုင်း လူတို့ကျင့်ကြံအားထုတ်လာကြစေရန် ဦးဆောင်လမ်းပြလျက်ရှိကြောင်း၊ အထူးအားဖြင့် မတူကွဲပြားသော ဘာသာတရား ကိုးကွယ်ယုံကြည်မှုတို့အကြား အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်နားလည်မှုတို့ ရှိကြခြင်းဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး ငြိမ်းချမ်းလုံခြုံမှုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆွေးနွေးဝိုင်းများသည် မြန်မာနိုင်ငံရှိ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်နားလည်မှုတို့ တိုးတက်ဖြစ်ပေါ်လာခြင်းဖြင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေလိမ့်မည်ဖြစ်ကြောင်း၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများကို တားဆီးကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသများအတွင်း ဒုက္ခရောက်သူများကို ကာကွယ်စောင့်ရှောက်ပြီး အကူအညီပေးရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး အစီအစဉ်များကို သွက်သွက်လက်လက် ထိထိရောက်ရောက် အကောင်အထည် ဖော်ပေးရမည်ဖြစ်ကြောင်း၊ ကိုးကွယ်ရာဘာသာကြီးများသည် တစ်ဦးနှင့် တစ်ဦးအပေါ် ယုံကြည်မှုနှင့်အတူ လက်တွဲ လုပ်ဆောင်ကြခြင်းဖြင့် နိုင်ငံထူထောင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီကြစေရန် သွန်သင်ဆုံးမပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယခုဆွေးနွေးဝိုင်းသို့ တက်ရောက်လာသူများက မိမိတို့မျှော်မှန်းသော ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းတွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ယုံကြည်မှုခိုင်မာလာစေရန် ကူညီနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်း မေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းသို့ ဒုသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။















