ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးပြည်သူများထံမှ ဖုန်းနှင့် ငွေစက္ကူများနှိုက်ယူသည့် ခါးပိုက်နှိုက်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၁ဝရက် ည ရနာရီခွဲခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပွဲတော်ရှိသဖြင့် ဘုရားဖူးပြည်သူများ အများအပြားရောက်ရှိနေသည့်အတွက် ရဲတပ်ဖွဲ့မှ ခါးပိုက်နှိုက်များ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တောင်ဘက်မုခ်အနီး ဘုရားဖူးလာရောက်သူများအား တိုးဝှေ့ကာ ခါးပိုက်နှိုက်နေသည့် ထက်အောင်၊ မထက်ထက်နှင့် မျိုးမင်းနောင်(ခ)ဖိုးချစ်တို့ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့သုံးဦးအား စစ်ဆေးရာ ၎င်းတို့သည် တောင်ဘက်မုခ်အနီး ဘုရားဖူးလာရောက်သည့် အမျိုးသမီးတစ်ဦးထံမှ HUAWEI Nova 3i လက်ကိုင်ဖုန်းတစ်လုံး၊ အနောက်ဘက်မုခ် စက်လှေကားအနီးတွင် ဘုရားဖူးလာရောက်သူ အမျိုးသားတစ်ဦးထံမှ SAMAUNG လက်ကိုင်ဖုန်းတစ်လုံးတို့ကို နှိုက်ယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၁ရက်၊ တန်ဆောင်မုန်းလပြည့် မွန်းလွဲ ၁ နာရီခန့်တွင်လည်း ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အနောက်ဘက်မုခ်အနီးတွင် ဘုရားဖူးလာရောက်သူများအား တိုးဝှေ့ကာ ခါးပိုက်နှိုက်နေသည့် လင်းလင်းထိုက် ဆိုသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ Mytel လက်ကိုင်ဖုန်းတစ်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်စစ်ဆေးရာ အဆိုပါ ဖုန်းမှာ အနောက်ဘက်မုခ်အနီး ဘုရားဖူးလာရောက်သည့် အမျိုးသားတစ်ဦးထံမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် အခြားအမျိုးသမီးတစ်ဦးထံမှ SAMSUNG လက်ကိုင်ဖုန်းတစ်လုံး၊ အမျိုးသားတစ်ဦးထံမှ Mi Note 4 လက်ကိုင်ဖုန်းတစ်လုံးကို နှိုက်ယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့အတူ ယင်းနေ့ ညနေ ၄နာရီခန့်တွင်လည်း အနောက်ဘက်မုဒ် စောင်းတန်းအနီးတွင် ခါးပိုက်နှိုက်သတင်းရရှိထားသည့် မနီနီအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်အတွင်းမှ ငွေစက္ကူ ကျပ် ၅၃၀၀၀ အား တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ ငွေစက္ကူများမှာ အနောက်ဘက်မုခ် စောင်းတန်းအနီး ဘုရားဖူးလာသည့် အမျိုးသမီးတစ်ဦးထံမှ နှိုက်ယူခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရပြီး အဆိုပါဖြစ်စဉ် အသီးသီးမှ ကျူးလွန်သူများကို ဒဂုံမြို့မရဲစခန်းက အမှုဖွင့်၍ အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။















