ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် လေးခန်းတွဲ ငါးထပ်တိုက်များဖြစ်သည့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာများ တည်ဆောက်နေပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ဝန်ထမ်း ၃၈၄ ဦး နေထိုင်ခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် တည်ဆောက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းသည် လေးခန်းတွဲ ငါးထပ်တိုက်များဖြစ်ပြီး တိုက်တစ်လုံးလျှင် အခန်း ၃၂ ခန်းပါဝင်ပြီး ဆောက်လုပ်ပြီး တိုက်လေးလုံး၊ ဆောက်လုပ်ဆဲ တိုက်လေးလုံးနှင့် ယခုဘတ်ဂျက်တွင် လေးလုံး ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
တစ်နှစ်လျှင် အငြိမ်းစားယူမည့်ဝန်ထမ်း ဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူလိုသည့်အတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ဖြေကြားခဲ့သည်။
“ စစ်တမ်းတွေအရ တစ်နှစ်မှာ အငြိမ်းစားယူမယ့် နိုင်ငံ့ဝန်ထမ်းဦးရေဟာ ၂၀၀၀၀ ကျော် ရှိပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံခန့်က အိမ်ခန်းဝယ်ယူလိုတဲ့အတွက် အိမ်ရာလိုအပ်ချက်ပေါင်းက တစ်နှစ်မှာ ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အများစုကတော့ အိမ်ရာချေးငွေနဲ့ ဝယ်ယူလိုခြင်းဖြစ်ပြီး အငြိမ်းစားယူချိန်မှာ အခြေချနေထိုင်လိုတဲ့ မြို့တွေကတော့ ရန်ကုန်မြို့မှာ ၁၀၈၁၉ ဦး၊ မန္တလေးမြို့မှာ ၃၆၆၃ ဦး၊ နေပြည်တော်မှာ ၁၁၂၅ ဦးနဲ့ အခြားမြို့တွေကိုလည်း မျှပြီးတော့ ဆန္ဒပြုထားတာ တွေ့ရှိရပါတယ်။ အဲဒီအတွက် အိမ်ခန်းလိုအပ်ချက်မှာ ရန်ကုန်မြို့မှာ အများဆုံးဖြစ်ပြီး မန္တလေးမြို့ကတော့ ဒုတိယအများဆုံး ဖြစ်တာကို တွေ့ရပါတယ်။ နိုင်ငံဝန်ထမ်းအငြိမ်းစားတွေအတွက် တန်ဖိုးသင့်တင့်တဲ့ အရောင်းအိမ်ရာတွေကို ဝယ်ယူခွင့်ပြုနိုင်ဖို့လိုအပ်သကဲ့သို့ ဝယ်ယူနိုင်ဖို့ အခက်အခဲရှိတဲ့ အငြိမ်းစားတွေအတွက် အငှားအိမ်ရာတွေ စီစဉ်ပေးဖို့ လိုအပ်တာကို တွေ့ရှိရပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ ဘီလျံ၊ အငှားအိမ်ရာ အခန်းပေါင်း ၈၁၂ ခန်း တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း ၁၂၀ ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ် ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများချထားရေးကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာဖြည့်ဆည်းပေးရာတွင် နိုင်ငံတော်က ချမှတ်ထားသော ရန်ပုံငွေဖြင့် အငှားအိမ်ရာနှင့် အရောင်းအိမ်ရာများ တည်ဆောက်ချထားပေးခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ PPP စနစ်ဖြင့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရောင်းချပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေရယူ၍ အရစ်ကျအိမ်ရာ ချေးငွေစနစ်ဖြင့် ဆောက်လုပ်ရောင်းချပေးခြင်းဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ သွားလာရေးလွယ်ကူသော နေရာများ၌သာ ပြည်သူများ အခြေချ နေထိုင်လိုခြင်းဖြစ်၍ အိမ်ရာဆောက်လုပ်ရန် မြေနေရာ အခက်အခဲရှိသည့်အတွက် အခြားဝန်ကြီးဌာနများမှ သုံးစွဲနေသည့် မြို့တွင်းသွားလာရ လွယ်ကူသောမြေနေရာအပိုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခြင်းအားဖြင့် လိုအပ်သည့်အိမ်ရာများ ပိုမိုဆောက်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများ၌ စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျ ခွဲဝေရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။















