7 July ချီတက် အလေးပြုခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုး အမှုတွင် နိုဝင်ဘာ ၁၃ ရက်ရုံးချိန်းက ကမာရွတ်မြို့နယ်တရားရုံး၌ တရားလိုပြသက်သေ ခြောက်ဦးအား ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။
“ ဒီနေ့ရုံးချိန်းက တရားလိုပြသက်သေ ခြောက်ယောက်ကို စစ်တယ်ပေါ့။ အဲဒီမှာ တရားလိုလုပ်ထားတဲ့ ဒုရဲမှူးတွေပါတယ်။ ရဲတပ်ကြပ်တွေပါတယ်ပေါ့။ အဲဒါကိုသူတို့ ဒီနေ့ စစ်ဆေးတယ်ပေါ့” ဟု တရားစွဲခံရသည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးက ပြောကြားသည်။
ထို့နောက် နိုဝင်ဘာ ၁၅ ရက်တွင် မိမိကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ထိုနေ့စစ်ဆေးလျှင် မိမိအနေဖြင့် အမြန်ဆုံးပြီးစေချင်သည့်အတွက် အမိန့်ချလို့ရလျှင် အမိန့်ချခိုင်းမည် ဖြစ်ကြောင်း ကိုဝေယံဖြိုးမိုးက ဆက်လက်ပြောကြားသည်။
ဆက်လက်ပြီး ကိုဝေယံဖြိုးမိုးက အာမခံမယူသည့်အပေါ် “ အာမခံယူစရာမလိုဘူးလို့ ကျွန်တော်ကသတ်မှတ်တယ်။ ကျွန်တော်တို့က မဟုတ်တာလုပ်နေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့က ဒီဆဲဗင်းလ်ဂျူလိုင် ချီတက်ပွဲတွေကို ဒီလမ်းကြောင်းအတိုင်းပဲ ကမာရွတ်မြို့နယ်ထဲမှာ ကျင်းပလာတယ်။ နှစ်တိုင်းလုပ်လာတာကို ဒီနှစ်မှတရားစွဲတယ်။ တရားစွဲတယ်ဆိုတာကလည်း နိုင်ငံရေးသမားတွေ၊ ကျောင်းသားသမဂ္ဂတွေကို ဦးချိုးချင်တဲ့အနေနဲ့ မတရားပုဒ်မတပ်ပြီး ဖမ်းဆီးချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ ဖြစ်တယ်။ ကျွန်တော်တို့ နှစ်တိုင်းလုပ်နေကျ ကျောင်းသားသမဂ္ဂ အဆောက်အအုံဖြိုချခံရတဲ့ အထိမ်းအမှတ်၊ ကျောင်းသားရာကျော် အသက်ခံရတဲ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ချီတက်တာ ဖြစ်တယ်။ အဲဒါကို ဒီနှစ်မှ မတရားဖမ်းဆီးပြီး ပုဒ်မတပ်ထောင်ချတဲ့ အခြေအနေမျိုး လုပ်လာဖြစ်တယ်။ ပြီးတော့ နောက်တစ်ခုက ကျွန်တော်တို့ တရားစီရင်ရေးကို အယုံအကြည်မရှိဘူး။ ဒီမတရား ပုဒ်မတပ်ထားတဲ့ ပုဒ်မတွေကို ကျွန်တော်တို့က လက်မခံတဲ့အတွက် အာမခံမယူဘဲရင် ဆိုင်တာဖြစ်တယ်” ဟု ဆိုသည်။
အဆိုပါ 7 July ချီတက် အလေးပြုခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးကို နိုဝင်ဘာ ၄ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ရုံးထုတ်ပြီး အာမခံမယူသဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။
ထိုသို့ အင်းစိန်ထောင်သို့ ပို့ဆောင်ရာတွင် တရားစီရင်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။
7 July ချီတက်အလေးပြုခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုကာ ဖမ်းဝရမ်းအထုတ်ခံထားရသည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
7 July ချီတတ်ရာတွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသားလေးဦးကို ကမာရွတ်မြို့နယ် တရားရုံးတွင် သြဂုတ်၂၈ ရက်က စစ်ဆေးခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ နှစ်ဦးဖြစ်သည့် ကိုဝေယံဖြိုးမိုးနှင့် ကိုသူရလင်းတို့မှာ တရားရုံးသို့ လာရောက်ခြင်းမရှိသည့် အတွက် ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ပြီး ကိုဝေယံဖြိုးမိုးကို နိုဝင်ဘာ ၃ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
7 July အထိမ်းအမှတ် ချီတက် အလေးပြုခြင်းကြောင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသား လေးဦးကို ငွေဒဏ်သုံးသောင်း ပေးဆောင်ရန်နှင့် ငွေဒဏ်ပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ်ရာ ကိုမင်းသွေးသစ်နှင့် ကိုခန့်မင်းထက်တို့က ထောင်ဒဏ် ၁၅ ရက် ရွေးချယ်ခဲ့ပြီး ကိုစိုင်းသုဝဏ်နှင့် မအိသီရိကျော်တို့က ငွေဒဏ်သုံးသောင်း ပေးဆောင်ခဲ့သည်။
ထို့နည်းတူ လွန်ခဲ့သည့် သြဂုတ်၂၀ ရက်က 7 July အထိမ်းအမှတ် ချီတက်အလေးပြုခဲ့သည့် တကသကျောင်းသားနှစ်ဦး ဖြစ်သည့် ကိုဇင်မင်းဖြိုးနှင့်ကိုမင်းဟန်ထက် တို့ကို လှိုင်မြို့နယ်တရားရုံးက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နှင့် ထောင်ဒဏ် ခုနစ်ရက် ချမှတ်ခဲ့သည်။
7 July ချီတတ်ရာတွင် ပါဝင်ခဲ့ကြသည့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားခြောက်ဦးကို ကမာရွတ်မြို့နယ် တရားရုံးနှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)မှ ကျောင်းသားနှစ်ဦးကို လှိုင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၉ ဖြင့် ဇူလိုင် ၁၈ ရက်တွင် တရားစွဲဆိုခဲ့ပြီး ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားလေးဦးသာ တရားရုံးသို့ လာရောက်ခဲ့ပြီး ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံယူခဲ့ကြောင်း၊ တကသကျောင်းသား နှစ်ဦးမှာ အာမခံမယူသည့်အတွက် လှိုင်မြို့နယ်တရားရုံးမှ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် သမဂ္ဂအဆောက်အုံ မြေနေရာတွင် ဝမ်းနည်းခြင်း အထိန်းအမှတ်အဖြစ် 7 July အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ကာ စိုက်ပျိုးရေးမှတ်တိုင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက် ချီတက်ခဲ့ကြသည်။
ထို့နောက် ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)မှ မွန်းလွဲ ၂ နာရီတွင် အင်းလျားကန်ပေါင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး 7 July အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ လမ်းလျှောက်ချီတက်ရာတွင် ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်၊ မအိသီရိကျော်၊ ကိုစိုင်းသုဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ ကိုခန့်မင်းထက်တို့ကို ကမာရွတ်နယ်မြေ ရဲစခန်းတွင်လည်းကောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုး၊ ကိုမင်းဟန်ထက်တို့ကို လှိုင်မြို့နယ် ရဲစခန်းတွင်လည်းကောင်း ဇူလိုင် ၁၃ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
7 July အခမ်းအနား ချီတက်လမ်းလျှောက်ခြင်းနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းများ ရှိခဲ့သော်လည်း နိုင်ငံရေးအသိုင်းအဝိုင်း၏ ဝေဖန်မှုများကြောင့် တရားစွဲဆို ဖမ်းဆီးခြင်းမရှိခဲ့ဘဲ နှစ်စဉ်ပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် စတင်တရားစွဲဆိုခြင်း ဖြစ်သည်။















