ချေးငွေ၊ နိုင်ငံတကာထောက်ပံ့ငွေများ နှင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင် ပွင့် လင်းမြင်သာမှုရှိရန်၊ စနစ်တကျထိထိရောက် ဖြစ်ရန်လိုအပ်ပြီး အလေအလွင့်မရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအ ဆင့်အဆင့်က ထိန်းသိမ်းကြပ်မတ်ဆောင် ရွက်ပေးရန်လိုအပ်ကြောင်း ြူီ ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက လွှတ်တော်၍ ဆွေးနွေးခဲ့ သည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တတိယနေ့တွင် နိုင်ငံတော်သမ္မတက ပေးပို့ထားသော ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီပညာရေးလုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အ တွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် NLD ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက လွှတ်တော်၌ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတော်အနေနဲ့ ပညာရေးအသုံးစရိတ်များကို နှစ်စဉ် တိုးတက်သုံး စွဲလျက်ရှိကြောင်း ပြောဆိုတင်ပြသွားပါတယ်။ ထို့ပြင် ချေးငွေအသုံးစရိတ်များကို ထိ ရောက်စွာဖြင့် အလေအလွင့်မရှိအောင် ထိန်း သိမ်းကြပ်မတ်ဆောင်ရွက်ပြီးတော့ စီမံကိန်း တိုးတက်မှုအစီရင်ခံစာများကို ပုံမှန်တင်ပြရန်လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနနဲ့ ဒုဝန်ကြီး စီမံ/ဘဏ္ဍာဝန်ကြီးဌာနတို့ရဲ့ဘဏ္ဍာ ငွေစနစ်တကျသုံးစွဲရေးနဲ့ပတ်သက်ပြီး တင်ပြချက်များဟာ ဘဏ္ဍာငွေအလေအလွင့်မရှိစေရေးအတွက် ပြောဆိုတာဖြစ်လို့ မှန်ကန်မှုရှိပြီး အလွန်ကောင်းမွန်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လုပ်သင့်လုပ်ထိုက်တဲ့လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များထံမှ ငွေချေးပြီး ချေးငွေဖြင့် ဆောင်ရွက် ခဲ့ကြရပါတယ်။ ချေးငွေနဲ့ ဆောင်ရွက်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာထောက်ပံ့ငွေများနဲ့ ဆောင်ရွက်တာပဲဖြစ်ဖြစ် ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာရှိဖို့၊ စနစ်တကျ နဲ့ ထိထိရောက်ရောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ ထို့အတူ အလေအလွင့်မရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းအဆင့်ဆင့်က ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်”ဟု ဦးကျော်သောင်းက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနအောက်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ၂၀၁၂-၂၀၁၃ ခုနှစ်ကစပြီး ကျောင်းထောက်ပံ့ကြေး School Fund များ ထောက်ပံ့ပေးခြင်းအစီ အစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက် ပေးခဲ့ပြီး ခေါင်းစဉ် ၁၂ ခုနှင့်သုံးစွဲစေခဲ့ကြောင်း၊ အချို့ကျောင်းများတွင် ကျောင်းအုပ်ကြီးများ၏ တစ်ဦးတည်းသောသဘောနှင့် သုံးစွဲပြီး ပွင့်လင်းမြင်သာမှုမရှိကြောင်းလည်း ကြားသိနေရကြောင်း၊ ကျောင်းအုပ်ကြီးအပါအဝင် ကျောင်းကော်မတီအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပြီး ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းထောက်ပံ့ကြေးငွေသုံးစွဲ နေမှုများ မှန်ကန်မှုရှိ မရှိ ပြန်လည်စိစစ်ကြပ် မတ်ထိန်းသိမ်းသင့်ကြောင်း ဦးကျော်သောင်း က လွှတ်တော်၌ ဆွေးနွေးခဲ့သည်။
ဦးကျော်သောင်းက “လွှမ်းခြုံဒေသ မြို့ ပေါင်း ၃၃၀ အနက် မြို့ပေါင်း ၁၁၅ မြို့နယ် မှာ ဆောင်ရွက်မှာဖြစ်တဲ့ ဒီ ၁၁၅ မြို့နယ်ထဲ မှာ ကျွန်တော့်မဲဆန္ဒနယ်က မြို့နယ်တွေမပါပေမဲ့ ကျွန်တော့်မဲဆန္ဒနယ်က မြို့နယ်တွေ ထက် ဖွံ့ဖြိုးမှုနည်းပါးတဲ့ မြို့နယ်တွေပါဝင်လို့ မုဒိတာဖြစ်ရပါတယ်။ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါပေမဲ့ မြို့ပေါင်း ၁၁၅ မြို့နယ်ကို ရွေး ချယ်ရာတွင် နယ်ပယ်စုံချို့တဲ့မှုညွှန်းကိန်း၊ ပညာရေးညွှန်းကိန်း၊ ဝေးလံခက်ခဲညွှန်းကိန်း၊ ကျန်းမာရေးညွှန်းကိန်း စသည်ဖြင့် အသုံးပြု ပြီး စိစစ်ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ သော် အဲဒီအထဲမှာ အချို့သောမြို့နယ်ကြီး တွေဟာ ခရိုင်အဆင့်မြို့ကြီးတွေနဲ့ ဖွံ့ဖြိုးတဲ့ မြို့တွေဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီ မြို့ကြီးတွေအစား ၎င်းတို့ရဲ့ အမှန်တကယ် နိမ့်ကျတဲ့၊ ဖွံ့ဖြိုးမှုနည်းတဲ့ မြို့နယ်တွေကို ရွေးချယ်သင့်ကြောင်းနဲ့ ကိုယ်စားလှယ်တော် ကြီးများ တော်တော်များများက ၎င်းကိစ္စနဲ့ ပတ်သက်ပြီး တင်ပြသွားတာဖြစ်လို့ ပြန်လည် သုံးသပ်သင့်ကြောင်း အကြံပြုတင်ပြလိုပါတယ်” ဟု လွှတ်တော်၌ ဆွေးနွေးခဲ့သည်။
အထက်ပါစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် အခြေခံပညာကျောင်းများရှိ ကလေးများ အားလုံး အရည်အသွေးမီ အခြေခံပညာအခွင့်အလမ်းများ ရရှိမည်ဖြစ်ပြီး ကျောင်းပြင်ပရောက် ကျောင်းနေရွယ်ကလေးများအားလုံး သင်ယူမှုအခွင့်အလမ်းများ ရရှိစေမည်ကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စနစ်များ အားကောင်းလာစေမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနရှိ ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ စွမ်းဆောင်ရည်မြင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို အလေအလွင့်မရှိရအောင် စီမံခန့်ခွဲနိုင်မှုနှင့် လူသားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေးကိုလည်း ပိုမိုမြင့်မားအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ဦးကျော်သောင်းက လွှတ်တော်၌ ဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။















