Eleven Media Group မိသားစု၏ ယခုနှစ် ကထိန်ကာလ ငါးကြိမ်မြောက် ကထိန် အလှူတော် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် ပြုလုပ်

Eleven Media Group မိသားစု၏ ယခုနှစ် ကထိန်ကာလ ငါးကြိမ်မြောက် ကထိန် အလှူတော် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် ပြုလုပ်
■ ဓာတ်ပုံ - အောင်မျိုးသန့် ၊ အောင်ကျော်မိုး
■ ဓာတ်ပုံ - အောင်မျိုးသန့် ၊ အောင်ကျော်မိုး
Published 11 November 2019
လူမော်နိုင်

Eleven Media Group မိသားစု၏ ကထိန် သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တန်ဆောင်မုန်းလပြည့် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင်လှူဒါန်းမည့် ကထိန်အလှူတော်အတွက် ကျပ် ၇၅ သိန်းမတည်ပြီး ပုရိမဝါကထတော်မူကြသည့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ်အပါး ၈၀ ကို ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ကပ်လှူပူဇော်ခဲ့ကြသည်။

ယခုလှူဒါန်းမှုသည် ယခုနှစ် ကထိန်အလှူတော်ကာလအတွင်း ငါးကြိမ်မြောက် လှူဒါန်းမှုလည်းဖြစ်သည်။

ထို့အပြင် Eleven Media Group ရုံးချုပ်မှဝန်ထမ်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိကြသည့်  သတင်းထောက်များစုပေါင်းထည့်ဝင်လှူဒါန်းသော ကထိန်ပဒေသာပင် အပါအဝင် ကထိန်အလှူပစ္စည်း ဝတ္ထုအစုစုတို့ကိုလည်း ရှမ်းအိုးစည်ဝိုင်းနှင့်စည်ကားသိုက်မြိုက်စွာ လှည့်လည်ပြီး ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကို ပေးပို့လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော် ဦးဝိမလ (M.A Indo-Aryan၊ ဘာသန္တရဆေက၊ မဟာဓမ္မာစရိယ)မှ Eleven Media Group ၏ကထိန်အလှူတော်အတွက် အနုမောဒနာတရားကိုချီးမြင့်ခဲ့ပြီး ကြွရောက်လာကြသည့် သံဃာတော်အပါး ၈၀ ၏ ပရိတ်တရားချီးမြှင့်မှုကိုလည်းနာယူခဲ့ကြသည်။

“ဦးဇင်းတို့ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းဆိုတဲ့ အခမ်းအနားတွေကို ထေရဝါဒ ငါးနိုင်ငံမှာသူရဲ့ယဉ်ကျေးမှု၊သူရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ အမျိုးမျိုးကျင်းပကြတယ်။ တကယ်က ကထိန်အလှူ၊ ကထိန်ခင်းတယ်ဆိုတာသင်္ကန်းကိုသာခင်းရတာဖြစ်ပေမယ့် သံဃာတော်တွေအတွက် ဆွမ်းသင်္ကန်းကျောင်းဆေးဆိုတဲ့ ပစ္စည်းလေးပါးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရှေးဘိုးဘွား အစဉ်အဆက်ကတည်းက အင်မတန်ပြည့်ဝတဲ့သဒ္ဒါတရားတွေနဲ့ သံဃာတော်များ အလိုရှိရာသုံးဆောင်နိုင်စေဖို့ရည်ရွယ်ပြီးအခြားသောလှုူဘွယ်ပစ္စည်းများကို ကထိန်သင်္ကန်း၏ အရံအဖြစ်ပဒေသာပင်တွေသီးပြီး လှုူဒါန်းကြတာဖြစ်တယ်။ အခုကာလ မြန်မာပြည်မှာဆိုရင် ကထိန်သင်္ကန်းရဲ့အထိမ်းအမှတ်အဖြစ် ပဒေသာပင်ပုံတွေကို အသုံးပြုလာကြတာတွေ့ရတယ်။ကထိန်ကလှူဒါန်းမှု ဖြစ်ပေါ်လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း၊ လှူဒါန်းဖွယ်ရာပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ သံဃာတွေမှာဝိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်းအကျိုးအားဖြင့်လည်းကောင်း၊ တစ်ခြားဒါနတို့နှင့်မတူပဲ များစွာထူးခြားနေတာတွေရှိတယ်။ ကထိနဆိုတာကကျယ်ပြန့်တယ်။ နက်နဲတယ်။ ခိုင်မြဲတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ တစ်ဖက်မှာ လည်းလွန်မြောက်ခြင်းကင်းလွတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်လည်းရတယ်။ အခုလို ဒေါက်တာသန်းထွဋ်အောင် အမှူးရှိတဲ့ Eleven Media Group ဝန်ထမ်းမိသားစုတွေက ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှာရှိတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးကနေလာရောက်ကာစာချ၊စာသင်မှုတွေ ပြုနေကြတဲ့ သံဃာတော်အရှင်သူမြတ်တွေကိုရည်မှန်းပြီးကထိန်အလှူတော်ကို ပြုလုပ်ကြတဲ့အပြင် ဒီနှစ်ကထိန်မရတဲ့ အခြားဘုန်းတော်ကြီးကျောင်းတွေကိုလှူဒါန်းခဲ့မှုနဲ့ ယခင်နှစ်အဆက်ဆက် လှူဒါန်းမှုတွေလည်းရှိခဲ့တယ်ဆိုတာသိရတော့ ဘုန်းကြီးတို့ အင်မတန်မှကို ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခဆရာတော်က မိန့်ကြားသည်။

အလားတူ နိုဝင်ဘာ ၇ ရက်ကလည်း ရွှေပြည်သာမြို့နယ် အမှတ် (၈)ရပ်ကွက်ရှိ သိရီသုခကျောင်း တွင် သီးတင်းသုံးတော်မူသည့် ဆရာတော်ဦးသုဝဏ္ဏ (M.A Indo-Aryan၊ ဘာသန္တရဆေက၊ မဟာဓမ္မာစရိယ) အမှူးရှိ သော သံဃာတော်အရှင်မြတ်များကို ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

 ဆရာတော်ဦးသုဝဏ္ဏသည် ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ပင်မ)တွင် ဘာသာဗေဒနှင့် ပါဠိစာပေများကိုသင်ကြားပေးနေသည့် ကထိကဆရာတော် တစ်ပါးဖြစ်ပြီးရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိသိရီသုခကျောင်းကို ယခုနှစ်တွင် စတင်တည်ထောင်ကာ သီတင်းသုံးနေခြင်းဖြစ်ပြီး Eleven Media Group ၏ ကထိန်အလှူတော်သည် ဆရာတော်ဦးသုဝဏ္ဏအတွက် ပထမဆုံးခံယူရရှိတော်မူခဲ့ ကထိန်သင်္ကန်းဖြစ်ကြောင်းလည်းသိရသည်။

ထို့အတူ နိုဝင်ဘာ ၃ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိမုန်တိုင်းဒဏ်ခံသဒ္ဓမ္မရံသီအဆောက်အအုံဘုန်းတော်ကြီးကျောင်းတွင်  ကထိန်အလှူတော်ပွဲအတွက် Eleven Media Group က ကျပ်ငွေသိန်း ၅၀ ကိုမတည်လှူဒါန်းခဲ့ပြီးပင့်သံဃာအပါး ၄၀ ကိုကထိန်အလှူတော်အဖြစ် နဝကမ္မဝတ္ထုငွေနှင့် အာရုံဆွမ်း၊ နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

Eleven Media Group အနေဖြင့် သကြားဟင်းအိုးကျေးရွာရှိအဆိုပါဘုန်းတော်ကြီးကျောင်းတွင် ကထိန်အလှူတော်ကျင်းပခဲ့သည်မှာ ၁၁ ကြိမ်မြောက်ရှိပြီဖြစ်သည်။

အောက်တိုဘာ ၃၀ ရက်ကလည်း Eleven Media Group မိသားစုက လှည်းကူးမြို့နယ် ငါးဆူတောင်/ကြာအင်းကျေးရွာရှိဗုဒ္ဓပူဇနိယအောင်ဓမ္မရိပ်သာကျောင်းတွင် ကထိန်အလှူတော်အဖြစ်  ကျပ် ၁၅ သိန်းကိုမတည်လှူဒါန်းပြီး ပုရိမဝါကထတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များကို ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ပင့်သံဃာအပါး ၃၀ ကိုလည်း ကထိန်အလှူတော်အဖြစ် နဝကမ္မဝတ္ထူငွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၇ ရက်က မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစု၏ ကထိန်အလှူတော်ကို ကျင်းပပြုလုပ်ခဲ့သည်။

 ပွင့်တောက်ကျေးရွာသည် ၂၀၁၅ ခုနှစ် မုန်းချောင်းရေကြီးမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့်  ကျေးရွာတစ်ခုဖြစ်ပြီး အဆိုပါကျေးရွာ သည် သဘာဝဘေးဒဏ်များ ထပ်မံကြုံတွေ့လာပါက ကျေးရွာနေပြည်သူများလုံခြုံစွာနားခိုနိုင်ရန်ရည်ရွယ်၍ Eleven Media Groupနှင့်စေတနာရှင် အလှူရှင်များက ကျပ်သိန်း ၁ဝဝဝ တန် သံကူကွန်ကရစ် နှစ်ထပ်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တည်ဆောက်လှူဒါန်းခဲ့သည့့်အပြင် သီတဂူသိမ်တော်ကိုလည်း ထပ်မံတည်ဆောက်ကာ ယခုနှစ် ဇူလိုင် ၅ ရက်က ရေစက်ချလှူဒါန်းခဲ့သည်။

အဆိုပါ ပွင့်တောက်ကျေးရွာရွာဦးဘုန်းတော်ကြီးကျောင်းတွင် Eleven Media Groupအနေဖြင့် ကထိန်အလှူတော်ပြုလုပ် လှူဒါန်းခဲ့သည်မှာ ငါးကြိမ်မြောက်ရှိပြီဖြစ်သည်။

Eleven Media Group အနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် ဆွမ်းကိစ္စတွင် အခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် ကထိန်အလှူခံမရရှိသေးသည့် သံဃာတော်များကိုလက်လှမ်းမီရာဆက်သွယ်ပြီး ကာလဒါနဖြစ်သည့် ကထိန်အလှူတော်ကိုပေးလှူခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ၀ါတွင်းကာလကလည်း စာသင်တိုက်ရှိသံဃာတော်များ ဆွမ်းအခက်ခဲမရှိစေရန် ရည်ရွယ်၍ ၀ါဆိုသင်္ကန်းအပါအဝင် နေ့ဆွမ်းကို အပတ်စဉ် စာသင်တိုက်များလှည့်လည်ကာ ၀ါတွင်းကာလတစ်လျှောက် ၁၁ ကြိမ်တိုင်တိုင် ဆက်ကပ်လှူဒါန်းခဲ့သည်။

 

Most Read

Most Recent