လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်းတို့သည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရင်ဆိုင်ရတော့မည်ဖြစ်ရာ ယင်းပွဲမတိုင်မီတွင် နှစ်ဖက်အသင်းအကြား စကားလုံးတိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်းတို့သည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရင်ဆိုင်ရတော့မည်ဖြစ်ရာ ယင်းပွဲမတိုင်မီတွင် နှစ်ဖက်အသင်းအကြား စကားလုံးတိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက Mind Game ကို စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်း အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်း၏ တိုက်စစ်မှူး မာနေကို ဦးတည်သည့် သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။
ဂွါဒီယိုလာက လီဗာပူးလ်အသင်း၏ တိုက်စစ်ပိုင်းကို ချီးကျူးပြောဆိုခဲ့သည့် စကားဖြစ်သော်လည်း သူ၏ သုံးသပ်မှုအတွင်း မာနေသည် ဟန်ဆောင်လှဲချတတ်သူဆိုသည့်စွပ်စွဲမှု ပါဝင်ခဲ့သည်။
ဂွါဒီယိုလာက BBC နှင့် တွေ့ဆုံခဲ့ရာတွင် "လီဗာပူးလ်ရဲ့တိုက်စစ်မှူးတွေက အရမ်းကောင်းပါတယ်။ သူတို့က တစ်ခါတစ်ရံမှာ ဟန်ဆောင်လှဲချတတ်ပြီး တစ်ခါတလေမှာတော့ နောက်ဆုံးမိနစ်မှာ အလွန်လှပတဲ့သွင်း ဂိုးတွေကို သွင်းယူတတ်ကြပါတယ်။ လီဗာပူးလ်အသင်းရဲ့နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရတဲ့ ပွဲတစ်ပွဲပြီးတိုင်း ကျွန်တော့်သားနဲ့ သမီးက ကျွန်တော့်ကို အမြဲတမ်းမေးလေ့ရှိတာက ဘာကြောင့် သူတို့ ဒီလောက်ကံကောင်းတာလဲဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒါကံကောင်းတာမဟုတ်ဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာရော၊ ပြီးခဲ့တဲ့ရာသီတုန်းကရော ဒီလိုမျိုး အကြိမ်ပေါင်းများစွာလုပ်နိုင်ခဲ့ပါတယ်။ ဒါ သူတို့ရဲ့အရည်အသွေးပါပဲ။ သူတို့ရဲ့ မယုံနိုင်စရာကောင်းတဲ့အရည်အသွေးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့သားနဲ့သမီးတင် မဟုတ်ဘဲ ကျွန်တော့်ကစားသမားတွေကိုလည်း ဒါဟာ ကံကောင်းတာမဟုတ်ဘူးလို့ ကျွန်တော် ပြောလေ့ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာ၏ ယင်းကဲ့သို့ပြောဆိုမှုမှာ အက်စတွန်ဗီလာနှင့်ပွဲအပါအဝင် ပွဲစဉ်အချို့တွင် ပယ်နယ်တီရယူမှုများ၊ နောက်ဆုံးမိနစ်သွင်းဂိုးများသွင်းယူခဲ့သည့် မာနေကို ရည်ရွယ်ခဲ့ခြင်းဖြစ်နိုင်သော်လည်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကမူ "သူက မာနေကိုပြောတာလား၊ ယေဘုယျအားဖြင့်ပြောလိုက်တာလားဆိုတာ ကျွန်တော့်အတွက်တော့ မသေချာပါဘူး။ သူပြောတဲ့အထဲမှာ မာနေရဲ့နာမည်ကိုလည်း မကြားမိပါဘူး။ ဒါပေမဲ့ သေချာပေါက်ပြောနိုင်တာကတော့ မာနေက ဟန်ဆောင်လှဲချတတ်သူမဟုတ်ပါဘူး"ဟု ပြန်လည်ပြောကြားခဲ့သည်။
မာနေကမူ ဂွါဒီယိုလာ၏ ပြောဆိုမှုမှာ မိမိတို့ကို ချီးကျူးလိုခြင်းမဟုတ်ဘဲ ကွင်းလယ်ဒိုင်များ၏ ရင်ထဲသို့ မိမိသည် ဟန်ဆောင်လှဲချတတ်သူဆိုသည့် မျိုးစေ့ထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း ယူဆခဲ့ပြီး ဂွါဒီယိုလာအပေါ် ပြန်လည်လှောင်ပြောင်မှုလည်း ပြုလုပ်ခဲ့သည်။
၎င်းက "ဒိုင်တွေ သတိထားမိအောင် ပညာသားပါပါပြောလိုက်တဲ့စကားလုံးတွေပါ။ ကျွန်တော်ကတော့ ကျွန်တော်ကစားနေတဲ့ ပုံစံကိုပဲ ဆက်ကစားသွားမှာဖြစ်ပါတယ်။ သူပြောတဲ့စကားအပေါ် ကျွန်တော် စိတ်မဝင်စားပါဘူး။ ဒီစကားတွေက ကျွန်တော့်အပေါ် လှုံ့ဆော်မှုလည်း မဖြစ်ပါဘူး။ သူ ပြောတဲ့စကားရဲ့အဓိပ္ပာယ်ကို ကျွန်တော်သိတယ်ဆိုရင်တောင် ကျွန်တော်က အကောင်းမြင်ပါတယ်။ ကျွန်တော် လုပ်နိုင်တဲ့အရာကို ဆက်လုပ်သွားဖို့လည်း အဆင်သင့်ပါပဲ။ ကျွန်တော့်အသင်းကို ကူညီနိုင်မယ်ဆိုရင်ပေါ့။ တကယ်လို့သာ ပယ်နယ်တီရဖို့ သေချာမယ်ဆိုရင် ကျွန်တော်က ဟန်ဆောင်လှဲချဖို့အတွက်လည်း ရာနှုန်းပြည့် သေချာပါတယ်။ ဟန်ဆောင်လှဲချလို့သာ ပယ်နယ်တီရမယ်ဆိုရင် ကျွန်တော် ထပ်လုပ်မှာပေါ့။ ဘာကြောင့်မလုပ်ရမှာလဲ။ ဒါပေမဲ့ ယာဂန်ပြောခဲ့တာမှန်ပါတယ်။ ကျွန်တော်က အက်စတွန်ဗီလာနဲ့ပွဲတုန်းကလည်း ဟန်ဆောင်လှဲချခဲ့တာမဟုတ်ပါဘူး။ တကယ်ထိမိလို့ လဲကျခဲ့တာပါ။ ဂျွန်မော့စ် (ကွင်းလယ်ဒိုင်) ကတောင် ကျွန်တော့်ကို အဝါကတ် ပြခဲ့ပါသေးတယ်။ ဘောလုံးမှာ ဒီလိုပါပဲ။ တချို့က ပယ်နယ်တီရတယ်။ တချို့က အဝါကတ်အပြခံရတယ်။ ကျွန်တော်လုပ်စရာရှိတာပဲ ဆက်လုပ်မှာပါ"ဟု ဆိုခဲ့သည်။