အပယ်ခံရသည့် International Paper သုတေသနစာတမ်းအတုများဖြင့် ရာထူးတိုးပြောင်းတင်ထားသူများ၏ အမည်၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ အပယ်ခံရသည့် စာတမ်းအရေအတွက် စာရင်းကို သက်ဆိုင်ရာ ပါမောက္ခချုပ်များထံ ပေးပို့ရန် စီစဉ်လျက်ရှိ

အပယ်ခံရသည့် International Paper သုတေသနစာတမ်းအတုများဖြင့် ရာထူးတိုးပြောင်းတင်ထားသူများ၏ အမည်၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ အပယ်ခံရသည့် စာတမ်းအရေအတွက် စာရင်းကို သက်ဆိုင်ရာ ပါမောက္ခချုပ်များထံ ပေးပို့ရန် စီစဉ်လျက်ရှိ
အောက်တိုဘာ ၂၅ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ရာထူးတိုးပြောင်းလျှောက်ထားသူများ၏ သူတေသနစာတမ်း Paper များ စစ်ဆေးနေသည်ကို တွေ့ရစဉ်
အောက်တိုဘာ ၂၅ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ရာထူးတိုးပြောင်းလျှောက်ထားသူများ၏ သူတေသနစာတမ်း Paper များ စစ်ဆေးနေသည်ကို တွေ့ရစဉ်
Published 27 October 2019
မျိုးထက်ပိုင်

အပယ်ခံရသည့် International Paper သုတေသနစာတမ်း အတုများဖြင့် ရာထူးတိုး ပြောင်းတင်ထားသူများ၏ အမည်၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ အပယ်ခံရသည့် စာတမ်းအရေအတွက်စာရင်းကို  သက်ဆိုင်ရာ ပါမောက္ခ ချုပ်များထံ ပေးပို့ရန် စီစဉ်လျက်ရှိကြောင်း အောက်တိုဘာ၂၇ ရက်တွင် သိရသည်။

ပေးပို့ရာတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်မှ တစ်နိုင်ငံလုံးရှိ  ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် များရှိ ပါမောက္ခချုပ်များထံ ပေးပို့မည်ဖြစ်ပြီး International Paper အတုတင်ထားသူ ဆရာ ဆရာမများက ပေးပို့ခြင်းမပြုရန် တားဆီးမှုများရှိနေသည်ဟု သုတေသနစာတမ်းစစ်ဆေးမှုတွင် ပါဝင်သူ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ကထိက ဒေါက်တာထွန်းထွန်းနိုင်က ပြောကြားသည်။

ထိုသို့ပေးပို့ရာတွင် လျှို့ဝှက်ဖြစ်စေ၊ Public ဖြစ်စေ ပေးပို့သွားရန် စီစဉ်လျက်ရှိ ကြောင်း၊ သုတေသနစာတမ်း Paper များ တင်ရာတွင် သက်ဆိုင်ရာ ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များမှ ပါမောက္ခဌာနမှူး အပါအဝင် စစ်ဆေးပြီး ပါမောက္ခချုပ်ထံ ပေးပို့ရခြင်းဖြစ် ကြောင်း၊ ပါမောက္ခချုပ်မှတစ်ဆင့် ပညာရေးဝန်ကြီးဌာနထံ ပေးပို့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပညာရေးဝန်ကြီးဌာန အဆင့် မြင့်ပညာဦးစီးဌာနမှ သက်ဆိုင်ရာ ပါမောက္ခ ချုပ်များထံ အပယ်ခံရသည့်  International Paper သုတေသနစာတမ်းများ၏ ပိုင်ရှင် စာရင်းများ ပေးပို့၍ သေချာ စိစစ်ပေးလိုက်ခြင်း ရှိမရှိ အသိပေး ပုံစံပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်နိုင်ငံလုံးက သက်ဆိုင်ရာပါမောက္ခ ချုပ်တွေဆီပေးပို့သွားမှာပါ။ ဘယ်သူကတော့ စာတမ်းဘယ်နှစောင် လုပ်ထားတယ်ပေါ့။လျှို့ဝှက်ပို့မလား ဘယ်လိုပို့မလဲတော့ မသိရဘူး။ ပို့ဖို့တော့ အစီအစဉ်ရှိတယ်။ ပို့ဖြစ်မပို့ ဖြစ်တော့ မသိရသေးဘူး။ အားလုံးကတော့ တားနေတဲ့ပုံမှာရှိတယ်။ အပြင်ထွက်သွားရင် သိက္ခာကျမှာ စိုးလို့ပေါ့။ တားနေတာကတော့ Paper ပိုင်ရှင်တွေဖြစ်မှာပေါ့။ ညွှန်ချုပ်က တော့  ဒါ ခင်ဗျားတို့ကျောင်းမှာ ပို့တဲ့သူတွေက ခင်ဗျားတို့ မစစ်ပေးလိုက်တာ။ ဒါတွေတွေ့ တယ်ဆိုပြီး အသိပေးတဲ့ပုံစံပေါ့။ ဥပမာ ကျွန်တော်က ရန်ကုန်တက္ကသိုလ်က Physics ကပေါ့။ ဌာနမှာ ပါမောက္ခဌာနမှူးအပါအဝင် စစ်ဆေးရေးအဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က စစ်ဆေးပြီးတော့မှ Paper စာရင်းကို ပါချုပ်ဆီ ပို့ရတာ။ ပါချုပ်ကနေမှ ဝန်ကြီးရုံးကို ပို့ရတာ။ ဝန်ကြီးရုံးမှာ ကျွန်တော်တို့ ပြန်စစ်ရတာ။အဲ ဒါကြောင့် ညွှန်ချုပ်က ပါချုပ်တွေဆီ အသိ ပေးမှာ။ ဘာလို့ သေချာမစစ်လဲဆိုတဲ့ ပုံစံမျိုး ပြလိုက်တာပေါ့။ ပါမောက္ခ ဌာနမှူးတွေ ကိုယ်တိုင်က သိလျက်သားနဲ့ လွှတ်ပေးတာလား။ မသိလို့ လွှတ်ပေးလိုက်တာလား ဆိုတာကို ကျွန်တော်တော့ မသိဘူး။ ပညာရေးဝန်ကြီးဌာန အဆည ညွှန်ချုပ်ကနေတစ်ဆင့် ပို့မှာ။ အရေးယူတာ မယူတာကတော့ မသိ သေးဘူးပေါ့” ဟု သုတေသနစာတမ်း စစ်ဆေးမှုတွင် ပါဝင်သူ ရန်ကုန်တက္ကသိုလ် ရူပဗေဒ ဌာန ကထိက ဒေါက်တာထွန်းထွန်းနိုင်က ပြောကြားသည်။

၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ သုတေသန စာတမ်း Paper အတုများဖြင့် ရာထူးတိုး ပြောင်း တင်ထားသူများကို အရေးယူနိုင်ရန် Paper စစ်ဆေးသူ ဆရာဆရာမများက အချက်ငါးချက်ဖြင့် ပညာရေးဝန်ကြီးဌာန နှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း အောက်တိုဘာ၂၆ ရက်တွင် သိရသည်။

သုတေသနစာတမ်း Paper အတုများဖြင့် ရာထူးတိုးပြောင်း တင်ထားသူများကို ပြင်းထန်စွာ သတိပေးခြင်း၊ ရာထူးပြန်လျှော့ခြင်း၊ နယ်များသို့ပို့ခြင်း၊ ရာထူးတိုး တစ်နှစ် သို့မဟုတ် နှစ်နှစ် ရပ်ဆိုင်းခြင်း၊ Black List လုပ်ပြီး မှတ်တမ်းထားခြင်းများ စသည့် အချက်ငါးချက်ကို Paper စစ်ဆေးသူ ဆရာ ဆရာမများ၏ သဘောထားမှတ်ချက်ဖြင့် ပညာရေးဝန်ကြီး၊ ညွှန်ချုပ်တို့နှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း Paper စစ်ဆေးရေးအဖွဲ့တွင်ပါဝင်သူ ဒေါက်တာထွန်းထွန်းနိုင်က ပြောကြားသည်။

နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် တက္ကသိုလ်အသီးသီးရှိ ဘာသာရပ် အသီးသီးမှ ဆရာဆရာမ အင်အား ၅၀၀ ကျော်ဖြင့် ရာထူးတိုးပြောင်းမှုအတွက် သုတေသနစာတမ်း စစ်ဆေးမှုများကို အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၆ ရက် အထိ စစ်ဆေးခဲ့ကြောင်း သိရသည်။

သုတေသနစာတမ်း Paper အတုပြုလုပ်သူများထဲတွင် တွဲဖက်ပါမောက္ခရာထူးမှ ပါမောက္ခရာထူးသို့ ရာထူးတိုးပြောင်းလျှောက်ထားသူများ၌ အများဆုံးတွေ့ရကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၂၉ ရက်တွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္က သိုလ်များမှ ရာထူးတိုးပြောင်းလျှောက်ထားသူ ဆရာဆရာမများ၏ သုတေသနစာတမ်း Paper များကို စတင်စစ်ဆေးမည်ဖြစ်ပြီး Paper နှစ်သောင်းကျော် ရှိကြောင်း၊ ယင်း တက္ကသိုလ်များတွင် Paper အတု ပိုမိုများ ပြားစွာတွေ့နိုင်ကြောင်း သိရသည်။

၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များရှိ သင်ကြားရေး ဆရာဆရာမများ၏ သုတေသနစာတမ်း များကို စစ်ဆေးရာ Paper အတု တစ်ထောင် ကျော်စိစစ်တွေ့ရှိထားပြီး တစ်ဦးတည်း Paper အတု ၂၀ ကျော်အထိ တင်ထားမှုများ ရှိနေ ကြောင်း အောက်တိုဘာ ၂၅ ရက်တွင် စုံစမ်း သိရသည်။

ထိုသို့စစ်ဆေးရာ သုတေသနစာတမ်း Paper နှစ်သောင်းခန့်တွင် ကိုယ်တိုင်ရေးထားသည့် Paper အစစ်မဟုတ်ဘဲ နိုင်ငံခြား website များမှ ဝယ်ယူထားသည့် Paper အတုများ ပါဝင်နေကြောင်း၊ အဆိုပါ Paper များကို နိုင်ငံတကာတွင်လည်း အတုအဖြစ် သတ်မှတ်ထားသည့် Paper များ ဖြစ်နေကြောင်း သိရသည်။                   

 

 

Most Read

Most Recent