ကွယ်လွန်ခြင်း၊ တရားရင်ဆိုင်ရခြင်းနှင့် နုတ်ထွက်ခြင်းတို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်သည့် မဲဆန္ဒနယ် ၁၄ နေရာအထိရှိလာ

ကွယ်လွန်ခြင်း၊ တရားရင်ဆိုင်ရခြင်းနှင့် နုတ်ထွက်ခြင်းတို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်သည့် မဲဆန္ဒနယ် ၁၄ နေရာအထိရှိလာ
Published 24 October 2019
ဉာဏ်လင်းထွန်း

ကွယ်လွန်ခြင်း၊ ပုဒ်မအသီးသီးဖြင့် တရားရင်ဆိုင်ရခြင်းနှင့် နုတ်ထွက်ခြင်းတို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်သည့် မဲဆန္ဒနယ် ၁၄ နေရာအထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 

အောက်တိုဘာလဆန်းအထိ လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်၍ လစ်လပ်သည့် မဲဆန္ဒနယ် ရှစ်နေရာရှိကြောင်း လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) ထုတ်ပြန်ချက်အရ သိရပြီး ပြီးခဲ့သည့်ရက်ပိုင်းက ကွယ်လွန်ခဲ့သည့် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါဝင်လျှင် လစ်လပ်မဲဆန္ဒနယ် ၁၀ နေရာရှိမည်ဖြစ်သည်။

ထို့ပြင် ပုဒ်မအသီးသီးဖြင့် တရားရင်ဆိုင်နေရသည့် လွှတ်တော်ကိုယ်စားလှယ် သုံးဦးရှိပြီး ဗမာတိုင်းရင်းသားရေးရာဝန်ကြီး အဖြစ်မှ နုတ်ထွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရှိသည်။

ထို့ကြောင့် ကွယ်လွန်ခြင်း၊ တရားရင်ဆိုင်ရခြင်းနှင့် နုတ်ထွက်ခြင်းတို့ကြောင့် ကိုယ်စားလှယ် လစ်လပ်သည့် မဲဆန္ဒနယ် ၁၄ နေရာရှိမည်ဖြစ်သည်။

သို့သော် ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ် အတိအကျကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ မသိရပေ။

“အတိအကျတော့ ချက်ချင်း မသိဘူး။ အပြင်ရောက်နေလို့။ အကြမ်းဖျင်းကတော့ ၁၀ ယောက်တော့ ကျော်မယ်” ဟု ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် စောထူးကပေါ်နှင့် အောက်တိုဘာ ၂၂ ရက်က လှိုင်းဘွဲမြို့ နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်ဝင်းကျော်တို့ ကွယ်လွန်ခဲ့သည်။

ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် စောထူးကပေါ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ အခံကြောင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်ဝင်းကျော်သည် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီးဟောင်းဖြစ်သည်။

၎င်းက ကျန်းမာရေးအခြေအနေကြောင့် မေလဆန်းတွင် ဝန်ကြီးအဖြစ်မှ နုတ်ထွက်စာတင်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက မေ ၁၆ ရက်တွင် နုတ်ထွက်ခွင့်ပြုခဲ့သည်။

ဒေါက်တာ တင်ဝင်းကျော်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဝန်ကြီးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ဝန်ကြီးရာထူးမှ နုတ်ထွက်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၎င်းသည် လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် စက်တင်ဘာ ၂၅ ရက်တွင် ပြီးမြောက်ခဲ့သည့် ၁၂ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးအထိ မတက်ရောက်ခဲ့သော်လည်း ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တက်ရောက်ခဲ့ကြောင်း မြဝတီ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။

လက်ရှိတွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီးအဖြစ် ဦးဘိုဘိုဝေမောင်ကို ပြည်နယ်အစိုးရအဖွဲ့က ပြန်လည် ခန့်အပ်ထားပြီးဖြစ်သည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးလည်း မေလလယ်တွင် သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခဲ့သည်။

ပြည်နယ် အစိုးရအဖွဲ့တွင်းရှိ သက်ဆိုင်ရာဝန်ကြီးကို ပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းခွင့်ရှိသော်လည်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (တစ်နည်း) တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ လစ်လပ်လျှင် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ထည့်သွင်း၍ ပြန်လည်ရွေးကောက် တင်မြှောက်ရသည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ် ၁၀ နေရာကျော်ရှိသော်လည်း ၂၀၂၀ တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်မရှိတော့ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က The Daily Eleven အား အောက်တိုဘာ ၁ ရက်တွင် ပြောကြားသည်။

လက်ရှိ အစိုးရလက်ထက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၂၀၁၇ ဧပြီ ၁ ရက်တွင် ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ၊ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ၂၀၁၈ နိုဝင်ဘာ ၃ ရက်တွင် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။                      

Most Read

Most Recent