ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြား ထိတွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
“ကွတ်ခိုင်ရဲ့ အရှေ့ဘက် မီတာ ၅၀၀၀ လောက်အကွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန်ကျစ်ရွာရဲ့ အရှေ့ဘက်နားလေးလို့တော့ သိရတယ်။ TNLA အင်အား ၂၀ လောက်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ ဖြစ်တယ်။ သူတို့ အဲဒီဘက်အခြမ်းကို ဝင်လာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်။ ထိတွေ့တိုက်ပွဲက ၆ နာရီ ၄၅ လောက်ကစပြီးတော့ ၇ နာရီ ကျော်ကျော်လောက် ဖြစ်ခဲ့တယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ဖြစ်တာပေါ့။ နှစ်ဖက်တော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
သို့သော်လည်း အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှုများ ရှိခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မန်စပ်ရွာနှင့် နောင်ပိုက်ရွာကြားတွင် နံနက် ၆ နာရီ ၁၅ မိနစ်မှ နံနက် ၇ နာရီခွဲ အထိ တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းသည် မန်မိုင်ရွာဘက်မှ TNLA အဖွဲ့ရှိရာသို့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၁၅ ရက်၊ ညနေပိုင်းကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့၏ အရှေ့ဘက်၊ နမ့်ဆလပ်ရွာ၏ အရှေ့တောင်ဘက်ရှိ နေရာတစ်ခုတွင် တပ်မတော်နှင့် ခန့်မှန်းခြေအားဖြင့် TNLA၊ MNDAA ပူးပေါင်းအဖွဲ့တို့အကြား ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက် ညပိုင်းတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။
ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ည ၆ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် Pajero အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ စစ်ဆေးရေးဂိတ်၏ မီတာ ၃၀၀၀ ခန့်အကွာနေရာ၌ ၎င်းမော်တော်ယာဉ်ပေါ်မှ ပစ်ချထားခဲ့သည့် အစိမ်းရောင် ပီနံအိတ် ၃၈ ထုပ်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အောက်တိုဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
သိမ်းဆည်းရမိ အထုပ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ TNLA ဘက်တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၁၂၄၀ စုံ၊ အစိမ်းနှင့်အဖြူကျား သုံးလိုင်းပေါ်၌ အနီရောင် အဝိုင်းပါ ၆ ပေ ၃ ပေ အလံ ၂၀၀ နှင့် ၃ ပေ ၂ ပေ အလံ ၂၀၀၊ အနီရောင် အောက်ခံပေါ်တွင် အဖြူရောင် ဓားနှစ်လက်ပါ ၆ ပေ ၃ ပေ အလံ၂၀၀ တို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော မော်တော်ယာဉ်အား ဖမ်းဆီးရမိရေးနှင့် အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက တာဝန်ရှိသူများနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။















