အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲနေ့တွင် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆုများအသီးသီးချီးမြှင့်ခဲ့

အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲနေ့တွင် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆုများအသီးသီးချီးမြှင့်ခဲ့
Published 16 October 2019
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲနေ့၊ အောက်တိုဘာလ ၁၆ ရက်တွင် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ရိုးရာလှေပြိုင်ပွဲမှာ နှစ်ကြိမ်ကျင်းပခြင်းဖြစ်ပြီး၊ ညောင်ရွှေသီတင်းကျွတ်ဘုရားပွဲတော် နှင့် ဖောင်တော်ဦးဘုရားကျောင်းတော်ဝင်ပွဲ နေ့ အထိမ်းအမှတ် အဖြစ် အင်းသားရိုးရာလှေပြိုင်ပွဲတို့ကိုကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ပွဲကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

အဆိုပါ ကျောင်းတော်ဝင်ပွဲလှေပြိုင်ပွဲတွင် အမျိုးသား ရာကျော်လှေနှင့် အမျိုးသား ၄၆ တက် လှေပြိုင်ပွဲ ဟူ၍ နှစ်မျိုး ရှိပြီး၊ အမျိုးသမီး ၂၆တက် နှင့် တစ်ဦးချင်း လှေပြိုင်ပွဲများကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ အမျိုးသား ရာကျော်လှေတွင် အသင်း (၈) သင်းရှိပြီး၊ အမျိုးသား ၄၆ တက် လှေတွင် (၁၀) သင်း ရှိကာ ယှဉ်ပြိုင် လှော်ခတ်ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း လှေလှော်ပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

ယခင်နှစ်များက ပြိုင်ပွဲဝင်လှေအသင်းများကို ဆုကြေးငွေ ပထမဆု (၄) သိန်းကျပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး၊ လှေလှော်ပြိုင်ပွဲအတွင် ဆုကြေးငွေ စုစုပေါင်း ငွေကျပ် ၄၂ သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများတို့က ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမှာ ဘုရားကြွရောက်ချိန်တစ်ကြိမ်။ ခု ကျောင်းတော်ဝင်ပွဲနေ့မှာ တစ်ကြိမ်၊ ပေါင်းနှစ်ကြိမ် ကျင်းပပြုလုပ်တာဖြစ်ပါတယ်။. အင်းလေးဒေသ မြန်မာမှာပါသာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားတဲ့၊ လှေကိုလည်းလက်နဲ့မလှော်ခြေထောက်နဲ့လှော်တဲ့ ပြိုင်ပွဲလေးဆိုတော့၊ အားလုံးသိရှိရအောင်၊ တစ်ရွာနဲ့တစ်ရွာ ရင်းနှီးချစ်ခင်မှု၊ အင်းသားတွေရဲ့ အလှကို ဖော်ထုတ်တင်ဆက်တဲ့ပွဲလေးပေ့ါ။ အင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ထုတ်တဲ့ ရိုးရာလှေပြိုင်ပွဲလေးဖြစ်ပါတယ် ” ဟု လှေပြိုင်ပွဲ ကော်မတီဝင်ဦးလှဝေ က ပြောကြားသည်။

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီရန် ဘုရားဆွဲလှေများသည် ဘုရားပင့်ဆောင်ပူဇော်ပြီးနောက် လှေလှော်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး၊ ပွဲကြည့်ပရိသတ်များ သည် မနက်ပိုင်း ၈ နာရီ အချိန်မှစတင်စောင့်ဆိုင်းခဲ့ကြကာ၊ နေ့လည်ပိုင်း ၁၁ နာရီအချိန်တွင် စတင်ယှဉ်ပြိုင် လှော်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဒေသစာရီကြွချီအပူဇော်ခံသည့် ကျောင်းတော်ဝင်ပွဲတွင် အင်းသား ရိုးရာ လှေပြိုင်ပွဲ၌ အမျိုးသားရာကျော်လှေ လှေလှော်ပြိုင်ပွဲတွင် ပထမဆုကို ကေလာစိတ္တ အသင်း၊ ရာကျော်လှေ ဒုတိယဆုကို မင်းကျောင်းရှေ့မှလည်းကောင်း၊ အမျိုးသား ၄၆ တက် ပထမဆုကို ကေလာအနောက်တောင် အသင်းမှလည်းကောင်း၊ အမျိုးသမီး ၂၆ တက် ပြိုင်ပွဲတွင် ပထမဆုကို ညောင်ဝန်း(ခ) အသင်းမှ လည်းကောင်း၊ ဒုတိယဆုကို ညောင်ဝန်း(က) အသင်းမှလည်းကောင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲပထမဆုကို ကိုတင်မောင်ဦး (ရွာကြီးရှေ့) မှလည်းကောင်း၊ ဒုတိယဆု ကိုမျိုးမြင့်(အိုးကုန်း) မှလည်းကောင်း အသီးသီး ဆုများ ရရှိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent