၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းနီးပါး ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“ပဲမျိုးစုံက လက်ရှိက ၁ ဒသမ ၆ သန်း လောက်ပို့ထားတယ်။ ပဲမျိုးစုံမှာ တန်ချိန် ၃၈ဝဝဝဝကျော် လေးသိန်းနီးပါးလောက် တိုးပြီး တင်ပို့ထားတယ်။ ပဲက တန်ဖိုးအနေနဲ့ ၁ ဒသမ ၀၂၆ ဘီလျံရရှိထားတယ်။ကာလတူနဲ့ယှဉ်ရင် ၃၅၁ သန်းလောက် ပိုပို့ထားတယ်” စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြည်တွင်းစျေးကွက်အတွင်း အောက်တိုဘာ ၁၀ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၄၅၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၉၉၅၀၀၀ စျေး ရှိခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၄ ရက်က မတ်ပဲစျေး FAQတစ်တန်လျှင် ကျပ် ၈၅၃၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၀၁၅၀၀၀ စျေး ရှိခဲ့သည်။ စက်တင်ဘာ ၆ ရက်က မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ်ရ၂၅၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၆၂၀၀၀ စျေး၊ စက်တင်ဘာ ၉ ရက်တွင် မတ်ပဲစျေး FAQ တစ်တန် လျှင် ကျပ် ၇၄၅၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၈၂၀၀၀ စျေး ရှိခဲ့သည်။
“မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲတင်ပို့မှုတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၆၁၇၆၆၊ တန်ဖိုးဒေါ်လာ ၆၇၂ ဒသမ ၂၈၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန် ချိန် ၅၂၇၉၆၅ ၊ တန်ဖိုးဒေါ်လာ ၃၄၄ ဒသမ ၀၄၃ သန်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သြဂုတ်လ ၁၆ ရက်အထိ တန်ချိန် ၅၂၃၁၇၇ တန်ဖိုး ဒေါ်လာ ၂၇၃ ဒသမ ၉၁၂ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိပျမ်းမျှ တစ်တန်စျေးနှုန်း သည် ၇၈၅၃၃၂ ကျပ်ခန့်ဖြစ်လို့ မတ်ပဲစိုက် တောင်သူများအတွက် အကျိုးအမြတ်ရှိနိုင်တဲ့စျေးနှုန်းဖြစ်ပါတယ်” ဟု စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။
မြန်မာနိုင်ငံ၏လယ်ယာထွက်ကုန်များတွင် နိုင်ငံခြားငွေအများဆုံးရှာဖွေပေးလျက်ရှိသည့် ပဲမျိုးစုံတိုးချဲ့တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထပ်မံသွားရောက်ခဲ့ပြီး ပဲမျိုးစုံအား နှစ်နိုင်ငံ G to G လက်မှတ်ရေးထိုး တင်ပို့နိုင်ရေး ထပ်မံညှိ နှိုင်းခဲ့ကြပြီး G to G မတိုင်မှ အချက်သုံးချက် တောင်းဆိုခဲ့ကြောင်း၊ ပထမအချက်အနေဖြင့် ယခုနှစ်အတွက် တင်သွင်းခွင့်ခွဲတမ်း ထုတ်ပြန်ချက်အား မတ်လကုန်၌ ထုတ်ပြန်ပေးရန်၊ ဒုတိယအချက်အနေဖြင့် မတ်ပဲကို ခွဲတမ်းပို၍ သတ်မှတ်ပေးရန်နှင့် တတိယအချက်အနေဖြင့် ခွဲတမ်းကို သုံးလသာမဟုတ်ဘဲ တစ်နှစ်ပတ်လုံးတင်သွင်းခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ တောင်းဆိုခဲ့သည့်အတွက် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်တွင် ပဲတီစိမ်းတန်ချိန် ၁ ဒသမ၅ သိန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၅ သိန်း၊ ပဲစင်းငုံတန် ချိန်နှစ်သိန်း၊ ပဲလုံးတန်ချိန် ၁ ဒသမ ၅ သိန်း တင်သွင်းခွင့်ပြုကြောင်း သိရသည်။