ရန်ကုန်တိုင်းတွင် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (က)နှင် ့ (ခ)တို့ အရ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် ရရှိသည့် လယ် ဧက ၁၄၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။
“လယ်ယာမြေ ဥပဒေပုဒ်မ ၃၀(က)အရ လယ်မြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ရရှိသည့် အမှုတွဲပေါင်း ၃၃၅မှု၊ ဧရိယာ ၁၁၃၆၄ ဒသမ ၃၁ ဧက၊ လယ်ယာ မြေဥပဒေပုဒ်မ ၃၀(ခ)အရ လယ်မြေ မှတစ်ပါး လယ်ယာမြေကိုအခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ရရှိသည့် အမှုတွဲပေါင်း၂၁၉မှု ၊ ဧရိယာ ၃၁၀၈ ဒသမ ၅၂၈ ဧကတို့ရှိပါ တယ်” ဟု ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။
လယ်ယာမြေကို အခြားနည်းဖြင့် အသုံးချခြင်းနှင့်စပ်လျဉ်း၍ လယ်ယာမြေ ဥပဒေပုဒ်မ (၃၁) တွင် အခြားနည်း အသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြုသည့် နေ့ရက်မှ ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော် လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း မရှိလျှင်သော် လည်းကောင်း၊ ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည် သိမ်းယူနိုင်သည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ရရှိထားပြီး လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေနှင့်ပတ်သက်၍ ခွင့်ပြုမိန့်ရရှိပြီး ခြောက်လအတွင်းသတ်မှတ်သည့် နည်းလမ်းအတိုင်း လုပ်ငန်း စတင်ဆောင်ရွက်နိုင်မှု ရှိ/မရှိ၊ သတ်မှတ်ကာလအတွင်း လုပ်ငန်း ပြီးစီးခြင်း ရှိ/မရှိကို လယ်ယာမြေ နည်း ဥပဒေ(၉၀)၊ (၉၁)၊ (၉၂) တို့ နှင့်အညီ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရကြောင်း ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။
အခြားနည်း ခွင့်ပြုမိန့်ရရှိပြီး ခြောက်လအတွင်း လုပ်ငန်းမစတင်နိုင်လျှင်သော် လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီး ခြင်းမရှိလျှင်သော် လည်းကောင်း၊ တွေ့ရှိပါက သီးခြားကိစ္စရပ်အဖြစ် အမှုတွဲဖွင့်လှစ်၍ ဓာတ်ပုံမှတ်တမ်းနှင့်တကွ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြရကြောင်း၊ ၎င်းမှတစ်ဆင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်တင်ပြရကြောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် တင်ပြချက်ကို လက်လက်ခံရရှိသည့်အခါ စိစစ်သုံးသပ်ပြီး လိုအပ်ပါက လယ်မြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကိုပယ်ဖျက်ရမည် ဖြစ်ကြောင်း ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။
ထိုလယ်မြေမှတစ်ပါး လယ်ယာမြေနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပေးထားသော ခွင့်ပြုမိန့်ကို ပယ်ဖျက်စေရန် အကြောင်းကြားရမည် ဟု ပြဋ္ဌာန်းထားရှိကြောင်း၊ ခွင့်ပြုမိန့်ပယ်ဖျက်သည့် လယ်မြေကို လည်းကောင်း၊ လယ်ယာမြေကို လည်းကောင်း ပြန်လည်သိမ်းယူရမည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း ဝန်ကြီး ဦးဟံထွန်းက ပြော ကြားသည်။















