သြစတြီးယား၏ ဗဟိုလက်ယာယိမ်းဝါဒီ People’s Party (OeVP) ၏ ခေါင်းဆောင်ဖြစ်သူ အသက် ၃၃ နှစ်ရှိ ဝန်ကြီးချုပ် ဆီဘက်စတန်ကားဇ်သည် စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲများ၌ အနိုင်ရခဲ့သော်လည်း ညွန့်ပေါင်းအစိုးရ ထပ်မံ ဖွဲ့ရန်အတွက် ဖြစ်နိုင်ခြေရှိသော မိတ်ဖက်ပါတီများအတွက် ရှုပ်ထွေးခက်ခဲသော ရှာဖွေမှုကို ပြုလုပ်ရမည်ဖြစ်သည်။
OeVP သည် ပါလီမန်ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၃၇ ရာခိုင်နှုန်းဝန်းကျင်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲကထက် အခြေအနေတိုးတက်ခဲ့ခြင်းဖြစ်သည်။ ကားဇ်၏ လက်ယာယိမ်းညွန့်ပေါင်းအစိုးရမှ Freedom Party (FPOe) သည် Ibiza-gate ဟုခေါ်သော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ယင်း ၏ခေါင်းဆောင် ဟိန့်ဇ်-ခရစ်ရှန် စထရာချီသည် ရာထူးမှနုတ်ထွက်ခဲ့ရပြီး ကားဇ်၏ ယခင် အစိုးရသည် ပြီးခဲ့သောမေတွင် ပြိုလဲခဲ့ပြီး နောက် ၎င်း၏ပါတီက ယခုကဲ့သို့ အနိုင်ရခဲ့ ခြင်းဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီ သီတင်းပတ်အနည်းငယ်အလိုတွင်လည်း စထရာချီသည် အသုံးစရိတ် အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲမှုများ ထပ်မံထွက်ပေါ်လာခဲ့ပြီးနောက် ၎င်း၏ FPOe ပါတီသည် ရွေးကောက်ပွဲတွင် ၂၀၁၇ ခုနှစ်က ထောက်ခံမဲရရှိခဲ့မှုထက် ၁၀ ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့ပြီး ၁၆ ရာခိုင်နှုန်း ဝန်းကျင်သာရရှိခဲ့သည်ဟု ခန့်မှန်းရလဒ်များ က ဖော်ပြခဲ့သည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် အပါအဝင် ဥရောပမှ အမျိုးသားရေးဝါဒီများ က နမူနာတစ်ခုဟု ချီးကျူးခံခဲ့ရသည့် OeVP နှင့် FPOe မဟာမိတ်အဖွဲ့သည် ယခုအခါ FPOe ပါတီခေါင်းဆောင်များက အတိုက်အခံ များအဖြစ် ရပ်တည်တော့မည်ဖြစ်ကြောင်း ကြေညာထားသဖြင့် ၎င်းတို့နှစ်ပါတီအကြား နောက်ထပ်ညွန့်ပေါင်းဖြစ်လာနိုင်ခြေ မရှိပေ။
ယင်းအတွက်ကြောင့် ၂၀၁၇ ခုနှစ်တွင် အသက် ၃၁နှစ်အရွယ်၌ သြစတြီးယား၏ အသက်ငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့သော ကားဇ်က အခြေအနေကောင်းသော နောက်ထပ်ပါတီတစ်ခုဖြစ်သည့် ဂရင်းနှင့် လက်တွဲရန် စဉ်းစားဖွယ်ရှိသည်။ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကိစ္စဖြင့် အထောက်အပံ့ရခဲ့သည့် ဂရင်းပါတီသည် ၂၀၁၇ ခုနှစ်ရွေးကောက်ပွဲတွင် ပါလီမန်သို့ဝင်ရောက်ရန် လိုအပ်သော ထောက်ခံမှုမရခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင်မူ ထောက်ခံမဲ ၁၄ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။
OeVP နှင့် ဂရင်းပါတီတို့သည် တိုင်ရို နှင့် ဆယ်ဇ်ဘာ့ဂ်ပြည်နယ်များတွင် အတူအုပ် ချုပ်နေကြပြီဖြစ်သော်လည်း နိုင်ငံအဆင့် ပူးပေါင်းမှုတွင်မူ ရှုပ်ထွေးဖွယ်ရှိသည်။ SORA အင်စတီကျုက ကောက်ယူခဲ့သော စစ်တမ်း တစ်ခုအရ OeVP ပါတီထောက်ခံသူ ရာခိုင်နှုန်း ၂၀ ခန့်ကသာ ညွန့်ပေါင်းအစိုးရတွင် ဂရင်းပါတီ ပါဝင်မှုအား ထောက်ခံခဲ့ကြပြီး ဂရင်းပါတီထောက်ခံသူ ၃၂ ရာခိုင်နှုန်းခန့် ကသာ OeVP ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့မှုကို လိုလားကြောင်း ဖော်ပြခဲ့ကြသည်။
ကားဇ်သည် သြစတြီးယားတွင် အစဉ် အလာအကျဆုံး ပုံစံတစ်မျိုးဖြစ်သည့် OeVP နှင့် ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက် (SPOe) နှင့် ကျယ်ပြန့်သောညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန်လည်း စဉ်းစားနိုင်သည်။ ယင်း သည် သချင်္ာနည်းအရ ဖြစ်နိုင်ခြေရှိသော်လည်း SPOe ပါတီသည် စစ်ပွဲအလွန်ကာလ ပါလီမန်ရွေးကောက်ပွဲရလဒ်များအနက် အဆိုးရွားဆုံးအဖြစ် ထောက်ခံမဲ ၂၂ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့မှုက အဟန့်အတားဖြစ်စေနိုင်သည်။
နောက်ဆုံးရွေးချယ်စရာအဖြစ် ကားဇ်သည် အခြားပါတီအားလုံးမှ အမတ်ဦးရေ ထက် နည်းပါးသည့်အမတ်ဦးရေရှိသော အစိုးရတစ်ရပ်ဖွဲ့စည်းရန်ဖြစ်သည်။














