ဂျူဗင်တပ်စ် နှင့် SPAL (စနေည ရး၃၀ နာရီ)
နည်းပြဆာရီလက်ထက် ဂျူဗင်တပ်စ်တိုက်စစ်စွမ်းဆောင်ရည် အားရစရာသိပ်မရှိဘူး။ စီရော်နယ်လ်ဒို မပါနိုင်သေးဘူးဆိုရင် ဂျူဗင်တပ်စ်တိုက်စစ် ပိုပြီးရုန်းကန်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဘရက်စီယာအသင်းနဲ့ပွဲတုန်းက ကွင်းလယ်လူတွေရဲ့ လုပ်အားနှုန်းကြောင့်သာ ဂျူဗင်တပ်စ်နိုင်ပွဲရခဲ့တာဖြစ်ပြီး ဟီဂွါအင်၊ ဒီဘားလားတို့ ဂိုးရဖို့ခက်နေပုံပဲ။ အဝေးကွင်းမှာ SPAL ဂိုးမရသေးလို့ ဂျူဗင်တပ်စ်နဲ့ ဂိုးအနည်းဖြစ်လာနိုင်တယ်။

ဆမ်ဒိုးရီးယား နှင့် အင်တာမီလန် (စနေည ၁ဝး၃၀ နာရီ)
အိမ်ကွင်းနောက်ဆုံးပွဲမှာ ရာသီအစအမြင့်ပျံနေတဲ့ တိုရီနိုကို အနိုင်ယူပြီး ပထမဆုံးနိုင်ပွဲကို ဆမ်ဒိုးရီးယား ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ (၃-၄-၂-၁)ကစားကွက်အခင်းအကျင်းမှာ ၀ါရင့်တိုက်စစ်မှူး ကွာဂလီရယ်လာက တောင်ပံတိုက်စစ်ပုံစံ၊ ဂတ်ဘီယာဒီနီက အထောင်တိုက်စစ်မှူး ပုံစံကစားနေရလို့ ဟန်ချက်မညီတာမျိုးမြင်ရပေမယ့် အခွင့်အရေးတွေများစွာ ရရှိခဲ့တာတွေ့ရပါတယ်။ အဆုံးအသတ်ပိုင်းမသေချာတာကို ပြင်ဆင်နိုင်မယ်ဆိုရင် အိမ်ကွင်းမှာ မာဂုဏ်မြင့်ဆမ်ဒိုးရီးယားကို ပြန်မြင်ရနိုင်ပါတယ်။ ဒီပွဲက အင်တာမီလန်အတွက် ပွဲကျပ်ကာလတတိယမြောက်ပွဲဖြစ်ပြီး ကာဂလီယာရီအသင်းနဲ့အဝေးကွင်းပွဲစဉ်တုန်းက အမှားတွေကို သင်ခန်းစာမယူနိုင်ရင် အင်တာမီလန် ဒီပွဲမှာလည်း ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမဲ့ အေစီမီလန်နဲ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းကတော့ အရမ်းအားရစရာကောင်းတယ်။ ခံစစ်က အပြည့်အဝစိတ်ချရတဲ့ အနေအထားဖြစ်ပြီး ပြိုင်ဘက်ကို ကန်သွင်းခွင့်ပြုရမှု အနည်းဆုံးမှတ်တမ်းကို ပိုင်ဆိုင်ထားတယ်။ လက်ရှိအင်တာမီလန်ရဲ့ စုဖွဲ့မှုနဲ့ ကစားပုံ၊ နည်းပြကွန်တီရဲ့ နည်းဗျူဟာပိုင်းတွေက ဆမ်ဒိုးရီးယားကို အသာရဖို့မခက်ပါဘူး။ ဒါပေမဲ့ ဆမ်ဒိုးရီးယားအသင်းရဲ့ အိမ်ကွင်းရုန်းအားကြောင့် မထင်မှတ်ဘဲ သရေကျ သွားနိုင်ပါတယ်။
ဆာဆူအိုလို နှင့် အတ္တလန်တာ (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
ဆာဆူအိုလိုကွင်းမှာ အတ္တလန်တာ နှစ်ရာသီဆက်ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် လက်ရှိရာသီ ဆာဆူအိုလိုရဲ့ အိမ်ကွင်းမာဂုဏ် တိုက်စစ်ဂိုးသွင်းနှုန်းကြောင့် ဒီတစ်ခါဆုံတွေ့မှုမှာ အတ္တလန်တာအတွက် မလွယ်ကူနိုင်ဘူး။ ဘယ်ရာဒီ၊ ကာပူတိုတို့က အိမ် ကွင်းမှာဂိုးပိုမြူးတတ်လို့ ခံစစ်အားနည်းချက်တွေများနေတဲ့ အတ္တလန်တာ ဂိုးပေးရပါဦးမယ်။ အတ္တလန်တာတိုက်စစ်မှာလည်း မူရီယဲလ်၊ ဇာပါတာတို့ရှိနေလို့ ဆာဆူအိုလိုနဲ့ ဂိုးအများပါပဲ။















