မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဦးသုဇန ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ရူနတ်ဆေးရုံတွင် ပျံလွန်တော်မူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်မည်

မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဦးသုဇန ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ရူနတ်ဆေးရုံတွင် ပျံလွန်တော်မူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်မည်
Published 13 October 2018

သက်တော် ၇၁ နှစ် (ဝါတော် ၅၁ ဝါ) ရှိပြီဖြစ်သော မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဦးသုဇနသည် ထိုင်းနိုင်ငံ ဘန်ကော်မြို့ ဘန်ရူနတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာ ၁၃ ရက် ထိုင်းစံတော်ချိန် ည ၉ နာရီ ၀၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်ပြီး ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား မြန်မာနိုင်ငံသို့ ပြန်လည် ပင့်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေး ဗိသုကာ မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဦးသုဇနသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ရူနတ်ဆေးရုံမှ မြိုင်ကြီးငူသို့ မြဝတီလမ်းကြောင်းအတိုင်း ပြန်လည်ပင့်ဆောင်မည်ဟု မြဝတီမြို့မှ ကြိုဆိုရေး စီစဉ်နေသော ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မြသုခတပ်ဦးကျောင်းဆရာတော် ဒေါက်တာအရှင် ပညာနန္ဒနှင့် ကရင့်အမျိုးသား လက်နက်ကိုင်များအဖွဲ့ ဦးဆောင်နာယက မြဝတီတောင်ကလေး ဆရာတော် အရှင်အဂ္ဂဝံသ ဦးဆောင်သော ကရင့်အဖွဲ့အစည်းနှင့် ဝတ်ရွတ်အသင်းများက ချစ်ကြည်ရေးတံတားထိပ်မှ ကြိုဆိုကြမည်ဖြစ်သည်။

ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော်အား မြဝတီချစ်ကြည်ရေး တံတားမှတစ်ဆင့် စုံနံ့သာမြိုင်ရွှေမြို့တော် မြိုင်ကြီးငူသို့ လိုက်ပါပို့ဆောင်ကြမည်ဖြစ်သည်။

ဆရာတော် ဘုရားကြီးသည် လွန်ခဲ့သော ၁၉၉၄ ခုနှစ်တွင် KUN မှ ခွဲထွက်ရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အဓိက ပါဝင်ခဲ့သော ဆရာတော်ကြီးဖြစ်ပြီး ၂၀၁၂ ခုနှစ် ကတည်းက ကျန်းမာရေးချို့ယွင်းကာ ဘန်ကောက်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရခြင်း ဖြစ်သည်။

ကျေးဇူးတော်ရှင် မြိုင်ကြီးငူ ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bumrungrad ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်တွင် မေ့မျောနေရာမှ နှလုံးပြန်လည် ရှင်သန်လာခဲ့သော်လည်း ထိုင်းစံတော်ချိန် ည ၉ နာရီ ၀၁ မိနစ်တွင် နှလုံးရပ်ကာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း အနီးကပ်စောင့်ကြပ်နေသူ ဒကာတစ်ဦးက ပြောကြားသည်။

မြိုင်ကြီးငူဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို တပည့်တိုက်အုပ် ဆရာတော် ဦးဉာဏိကနှင့် တပည့်သံဃာတော်များက အောက်တိုဘာ ၁၄ ရက်တွင် ဘန်ကောက်မြို့မှ မြိုင်ကြီးငူဒေသသို့ မဲဆောက်-မြဝတီမြို့မှတစ်ဆင့် ပြန်လည်ပင့်ဆောင်ရန် နယ်ခြားစောင့်တပ် (BGF)၊ မြဝတီမြို့ တာဝန်ခံများနှင့် ချိတ်ဆက်ဆောင်ရွက် စီစဉ်နေကြောင်း သိရသည်။

ဆရာတော် ဦးသုဇန (မြိုင်ကြီးငူဆရာတော်) သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ နို့ထရွာဇာတိ ဖြစ်​ပြီး စ​ကောကရင်​ လူမျိုးဖြစ်သည်။ ဆရာတော်၏ ရည်မှန်းချက်ပန်းတိုင်သည် ဗုဒ္ဓဘာသာ တည်တံ့ပြန့်ပွားရေးနှင့် ငြိမ်းချမ်း၍ သာယာဝပြောသော နေရာတစ်ခု တည်ဆောက်ရန် ဖြစ်သည်။

နောက်ပိုင်းတွင် ဆရာတော်သည် တောရလှည့်လည် ဆောက်တည်ခဲ့သည်။ လှည့်လည်ရင်း ကမမောင်းမြို့နှင့် အလှမ်းမဝေးသော သံလွင်မြစ် အရှေ့ဘက်ကမ်းပေါ်ရှိ မြိုင်ကြီးငူတောင်ကုန်းပေါ်သို့ ရောက်ရှိခဲ့သည်။ ထိုတောင်ကုန်းပေါ်ရှိ ဘုရားပျက်အနီး၌ သီတင်းသုံးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် နာမကျန်းဖြစ်ပြီး တီဘီရောဂါကို ခံစားခဲ့ရသည်။ တောင်ကုန်းပေါ်တွင် ၄၉ ရက်ကြာ အဓိဋ္ဌာန် တရားစခန်း ဝင်ခဲ့ပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး နောက်ပိုင်းတွင် ပထမဦးဆုံးစေတီကို တည်ထားခဲ့သည်။ နှစ်ပေါင်း၂၀ အတွင်း ဆရာတော် ပြန်လည်ပြုပြင် မွမ်းမံခဲ့သော ဘုရားပုထိုး စေတီပေါင်း ၇၀ ကျော်ရှိသည်။

၁၉၈၂ တွင် သက်သတ်လွတ် ဗုဒ္ဓဘာသာဝင် အသိုင်းအဝန်းကို တည်ထောင်ခဲ့သူ သာမညဆရာတော်၏ သာဝက ရဟန်းတပါးလည်း ဖြစ်လာခဲ့သည်။ ဆရာတော်သည် မြိုင်ကြီးငူမြို့ဟောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမြို့ဟောင်းသည် ဘုန်းကြီးကျောင်းဝင်းကြီး တစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။

မြိုင်ကြီးငူဒေသတွင် ပြည်တော်ပြန်ဟု သတ်မှတ်ကာ မြိုင်ကြီးငူဆရာတော်၏ သြဝါဒများခံယူပြီး သက်သတ်လွတ်စားရခြင်း၊ သစ္စာခံခြင်း၊ သစ္စာရေသောက်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လမ်းတံတား ဖောက်လုပ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

 မြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တ ဦးသုဇနသည် ကရင်ပြည်နယ်အတွင်း သြဇာလွှမ်းမိုးမှုရှိသည့် သံဃာတော် တစ်ပါးဖြစ်ပြီး ကရင်လက်နက်ကိုင်များ ဖြစ်သည့် ၁၉၉၅ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ခဲ့သည့် (DKBA) နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့အပေါ် သြဇာညောင်းသော ဆရာတော် တစ်ပါးဖြစ်သည်။

Most Read

Most Recent