ဗီလာရီးယဲလ် နှင့် ဗယ်လာဒိုလစ် (စနေညနေ ၅း၃၀ နာရီ)
ဗီလာရီးယဲလ်ရဲ့တိုက်စစ်ပိုင်းက ပြောစရာမရှိဘူး။ ခံစစ်ပိုင်းငြိမ်ဖို့ပဲလိုတော့တယ်။ ဗယ်လာဒိုလစ်ကလည်း အဝေးကွင်းမှာ ခံစစ်ကိုပဲ အားပြုကစားနေတဲ့အသင်းမျိုးဖြစ်ပြီး တိုက်စစ်က ဂိုးရဖို့ခက်လေ့ရှိလို့ ဗီလာရီးယဲလ်သာ တိုက်စစ်ကို သတိနဲ့ကစားနိုင်ခဲ့ရင် စိုးရိမ်စရာမရှိလောက်ပါဘူး။ နောက်ပြီး ဗီလာရီးယဲလ်ရဲ့ အိမ်ကွင်းကစားအားက အသင်းကြီးတွေကိုတောင် ကောင်းကောင်းအခက်တွေ့စေတာပါ။ လက်ရှိအခြေအနေမှာတော့ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲကောင်းလိမ့်မယ်။
လီဗန်တေး နှင့် အီဘာ (စနေည ၈း၃၀ နာရီ)
လက်ရှိလီဗန်တေးရဲ့ကစားအား၊ ဂိုးသွင်းနှုန်းနဲ့ အိမ်ရှင်အခွင့်အရေးတွေအရတော့ အီဘာ ယှဉ်ကစားနိုင်ဖို့မလွယ်လှပါဘူး။ အထူးသဖြင့် အီဘာ ခံစစ်ပိုင်းအားနည်းမှုက လီဗန်တေး အတွက် အခွင့်အရေးပါပဲ။ လီဗန်တေးနဲ့ ဂိုးအများပဲရွေးမယ်။

အက်သလက်တီကို နှင့် ဆယ်လ်တာဗီဂို (စနေည ၁၁းဝ၀ နာရီ)
နောက်ဆုံး (၂)ပွဲမှာ တစ်ပွဲ (၂)ဂိုးနှုန်းပေးခဲ့ရတဲ့ အက်သလက်တီကိုခံစစ်ကတော့ ပြောစရာဖြစ်လာပါပြီ။ နည်းပြဆီမြွန်နီဟာ ခံစစ်မှာ ထရစ်ပီယာ၊ ဆာဗစ်၊ ဟီမင်နက်ဇ်နဲ့ လိုဒီတို့ကို ပုံမှန်နေရာပေးထားပေမယ့်လည်း ခံစစ်က တစ်ပွဲထက်တစ်ပွဲပိုပြီး တည်ငြိမ်လာရမယ့်အစား အားနည်းသလိုဖြစ်လာတာ တွေ့ရတယ်။ ဂျူဗင်တပ်စ်နဲ့ကစားခဲ့တဲ့ပွဲမှာလည်း အက်သလက်တီကိုခံစစ်က ရုန်းကန်ခဲ့ရတယ်။ ဆယ်လ်တာဗီဂိုကလည်း ရာသီအစ ခြေစွမ်းမငြိမ်သေးဘူး။ အထူးသဖြင့် အက်စ်ပတ်စ် ခြေမပေါ်သေးမှုနဲ့အတူ ဆယ်လ်တာဗီဂို တိုက်စစ်ကစားပုံ အားရစရာ မရှိဘူး။ နောက်ပြီး ခံစစ်ပိုင်းကလည်း အမှားအယွင်းတွေများနေသေးလို့ စိတ်ချလို့မရသေးတာလည်း အမှန်ပဲ။ ဒါကြောင့် အိမ်ကွင်းမှာ နိုင်ပွဲရအောင် ပြန်ကစားလာနိုင်တဲ့ အက်သလက်တီကိုရဲ့ အိမ်ကွင်းအားကို ဆယ်လ်တာ မနည်းတောင့်ခံကစားရမှာ သေချာနေတယ်။ ချန်ပီယံလိဂ်အပြီး ကစားရမယ့်ပွဲဖြစ်လို့ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲကောင်းမယ်။
ဂရန်နာဒါ နှင့် ဘာစီလိုနာ (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
ဘာစီလိုနာရဲ့ လက်ရှိအဝေးကွင်းကစားအားနဲ့တော့ ဂရန်နာဒါကို ခက်ခက်ခဲခဲရင်ဆိုင်ရဦးမှာသေချာတယ်။ အထူးသဖြင့် ဒီရာသီတန်းတက်အသင်းတွေရဲ့ ခပ်မာမာကစားပုံတွေက ပြိုင်ဘက်အသင်းကြီးတွေကို အခက်တွေ့အောင်လုပ်နေ ကြတာလည်း တွေ့ရတယ်။ အခုလည်း ဂရန်နာဒါတို့ အိမ်ကွင်းမှာ ဘာစီလိုနာကို မာမာထန်ထန်နဲ့တုံ့ပြန်လာခဲ့ရင် အိုဆာဆူနာနဲ့ ပွဲတုန်းကလိုပဲ ဘာစီလိုနာ အခက်ကြုံဦးမှာ သေချာတယ်။ ဘာစီလိုနာတိုက်စစ်က ဂိုးရအောင်ကစားနိုင်ပေမယ့် နောက်ဆုံး (၃)ပွဲမှာ တစ်ပွဲ (၂)ဂိုးနှုန်းပေးနေရတဲ့ ခံစစ်ကစားပုံက ဂရန်နာဒါကို အခွင့်အရေးပေးထားသလို ဖြစ်နေတယ်။ ဂရန်နာဒါဟာ အိမ်ကွင်းမှာဂိုးမရသေးပေမယ့် အဝေးကွင်းမှာ (၉)ဂိုးအထိရထားပြီး တိုက်စစ်စွမ်းအားကို ပြသထားတယ်။ ဒါပေမဲ့ အစဉ်အလာတွေအရ ဂရန်နာဒါတို့ ဘာစီလိုနာ ကို ယှဉ်နိုင်လေ့မရှိတာကတော့ အားနည်းချက်အဖြစ် ထည့်တွက်ရမယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲအတွက် ဘာစီလိုနာကိုပဲ ရွေးထားချင်တယ်။ ဂိုးလည်း များသွားနိုင်တယ်။















