ရန်ကုန်တိုင်းတွင် နေထိုင်သူလူဦးရေ ၅ ဒသမ ၆ သန်းကျော်ရှိသည့်အနက် တရုတ် ၉၇၀၀၀ ကျော်နှင့် ဘင်္ဂါလီ ၆၀၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက စက်တင်ဘာ ၂၀ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်းက “ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သန်းခေါင်စာရင်းဖြင့် နေထိုင်ကြသော ဗမာ၊ ကရင်၊ ရခိုင်အပြင် အခြားတိုင်းရင်းသားများ မည်မျှရှိသနည်း” ကိုသိရှိလိုကြောင်း မေးခွန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်အစား လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုအလိုက် လူဦးရေက ဗမာ ၅၂၁၀၉၂၂ ဦး၊ ကရင် ၂၄၃၇၂၂ ဦး၊ ရခိုင် ၇၂၃၉၅ ဦးတို့ နေထိုင်ပါတယ်” ဟု ဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားသည်။
ထို့ပြင် ကချင် ၉၁ဝဝဦး၊ ကယား ၂၂၇၄ ဦး၊ ချင်း၂၃၆၄၈ ဦး၊ မွန် ၃၁၇၂၆ ဦး၊ ရှမ်း ၃၅၈၂၅ ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းဖြင့် နေထိုင်ကြောင်း၊ စုစုပေါင်း လူဦးရေ ၅၆၂၉၆၁၂ ဦး နေထိုင်လျက်ရှိကြောင်း ဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားသည်။
“အခြားမျိုးနွယ်စုများအနေနဲ့ အိန္ဒိယ ၂၂၇၇၄၀ ဦး၊ ပါကစ္စတန် ၁၅၁၃၃ ဦး၊ တရုတ် ၉၇၉၉၄ ဦး၊ မုံးဝန်း ၄၇၇ ဦး၊ ကိုးကန့် ၁၈၂၄ ဦး၊ ခိုလုံလီလျှော ၁၄၅ ဦး၊ ဘင်္ဂလားဒေ့ရှ် ၇၄၀ ဦး၊ ဘင်္ဂါလီ ၆၃၅၅၃ ဦး၊ နီပေါ ၂၁၈၂ ဦး၊ အခြား ၄၇၉၁၇ ဦး စုစုပေါင်း ၄၅၇၇၀၅ ဦး နေထိုင်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ လူမျိုးအလိုက် လူဦးရေ ၆၀၈၇၃၁၇ ဦး နေထိုင်လျက်ရှိပါတယ်” ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။
၁၉၉၀ ပြည့် ရွေးကောက်ပွဲနှင့် ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအကြိုကာလတွင် မဲပေးခွင့်ရှိသူများကို အချိန်တိုအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့သဖြင့် မမှန်ကန်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားထားသည်။