ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နှင့် ခုနစ်မိုင်ခန့်အကွာ ဟိုချောင်း ကျေးရွာအနီး တွင် စက်တင်ဘာ ၁၃ ရက် နံနက် ၆နာရီ ဝန်း ကျင်ခန့်က တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ များ ဖြစ်ပွားနေကြောင်း ၊ တိုက်ပွဲများဖြစ်ပွားနေမှုသည် နံနက် ၆ နာရီဝန်းကျင်ခန့်မှ ၁၀ နာရီဝန်းကျင်ခန့်ထိ ဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုများလည်းရှိကြောင်း သိရသည်။
“ပစ်ခတ်မှုတွေကတော့ မနက် ၆ နာရီ ဝန်းကျင်လောက်ကတည်းက ပစ်နေတာ။အခုထိ မရပ်သေးဘူး။ နမ့်ဆန်မြို့ရဲ့အနောက်ဘက် တောင်ရိုးဘုရားအောက်ဘက်မှာဖြစ်တာပေါ့။ နမ့်ဆန်နဲ့တော့ ခုနှစ်မိုင်လောက်ပဲ ဝေးတယ်။ အသံတွေကတော့ ရွာကနေ အတိုင်းသားကြားနေရတယ်။ကျွန်တော်က အခု ရွာမှာရောက်နေပါတယ်။ နမ့်ဆန်မြို့ထဲ သွားမလို့ မြို့အဝင်ဂိတ်တွေမှာလည်း ဘယ်သူမှ ပေးမဝင်သေးတော့ မြို့ထဲသွားလို့ မရဘူး ဖြစ်နေတယ်။ ဒီနေ့က လပြည့်နေ့လည်းဖြစ်တယ်။လွယ်ဆိုင်တောင်မှာလည်း ဘုရားပွဲနောက်ဆုံး ရက်ဆိုတော့ တော်တော်စည်ကားမယ့်နေ့ ပေါ့။ ဒါပေမဲ့ အခု တိုက်ပွဲတွေဖြစ်နေတယ် ဆိုတော့ ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူး” ဟု နမ့်ဆန်မြို့အနီး ညောင်ပင်သာကျေးရွာနေ ကိုမိုးက ပြောကြားသည်။
အဆိုပါ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဟိုချောင်းကျေးရွာအနီးမှ ဒေသခံအများ အပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး နမ့်ဆန်မြို့တွင်းတွင်လည်း လူသွား လူလာများနည်းပါးနေပြီး စျေးဆိုင်များ လည်း ပိတ်ထားကြကြောင်း သိရသည်။

“တိုက်ပွဲက တောင်ရိုးဘုရားအောက်ဘက်မှာ ဖြစ်နေတယ်လို့တော့ ပြောတယ်။ တောင်ရိုးဘုရား ၊ ဟိုချောင်း ကျေးရွာဘက်မှာ ပေါ့။ အဲ့ဘက်မှာတော့ TNLA က အမြဲတမ်းလိုလို ရှိတယ်လေ။ အခု တပ်မတော်နဲ့ အဲ့မှာ တွေ့တော့ တိုက်ပွဲတွေဖြစ်ကြတယ်ပြောတယ်။နမ့်ဆန်မြို့ထဲမှာလည်း ခြောက်ကပ်နေတယ်။ ဒီနေ့က လပြည့် နေ့လေ။အမှန်ဆိုရင် ဒီနေ့က မြို့ထဲနဲ့ ဘုရားကျောင်းတွေမှာ လူစည်ကားတဲ့ နေ့ပေါ့။ လွယ်ဆိုင်ဘုရားပွဲ ကလည်းဒီနေ့ ပြီး မှာဆိုတော့ ရွာကလူတွေက မြို့ပေါ်တက်ပြီး လည်ကြစျေးဝယ်ကြမယ့်နေ့ပေါ့။ အခု ဘုရား ပွဲက ပြန်လာကြတဲ့လူတွေလည်း မတွေ့ဘူး။ မြို့ထဲဝင်တဲ့ဂိတ်တွေမှာပဲ ဘယ်သူမှ ပေးမဝင်သေးတာ လားတော့မသိဘူး။ အခုတော့ လက်နက်ကြီးသံတွေ ၁ဝချက်၊၁၅ချက်လောက်ရှိပြီ ကြားနေရတယ်။ မနက်ကတည်းကပဲ။အိမ်တွေတောင်မှ တုန်တယ်” ဟု နမ့်ဆန်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သြဂုတ် လ ၁၅ ရက်မှ စတင်ကာ စက်တင်ဘာ ၄ ရက် ထိ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက်ပိုင်း မန္တလေး - လားရှိုး - မူဆယ်ပြည် ထောင်စုကားလမ်းမကြီးပေါ်နှင့် လားရှိုး - သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော် -လောက်ကိုင် လမ်း တို့တွင် နယ်မြေအခြေအနေ အေးချမ်းမှု ရှိခဲ့ ကာ ယာဉ်များပုံမှန် အတိုင်း ဖြတ်သန်းသွားလာ နေကြပြီဖြစ်သော်လည်း နမ့်ဆန်မြို့အနီးတွင် စက်တင်ဘာ ၁၃ ရက်ကတိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















