၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၆၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလ တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၆၆ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက တိုးနှုန်းမှာ ယခင်နှစ်ထက် သိသာစွာ ကျဆင်းခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၆၆ ရာခိုင်နှုန်းရှိ၍ ပြီးခဲ့သည့် သြဂုတ်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းကာ ၂၀၁၇ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာတို့၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၃ ဒသမ ၄၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်တွင် ၉ ဒသမ ၀၇ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၈ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံးဖြစ်ကာ ရှမ်းပြည်နယ်တွင် ၅ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၇ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အများဆုံး ဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် ၁ ဒသမ ၃၅ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်း အဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှု စစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ စုကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) ကို ပြောင်းလဲ တွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေး မူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ပေါ်နိုင်သည်ဟု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် ခန့်မှန်းထားကြောင်း သိရသည်။