ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ကောင်းမွန်သည့် လက္ခဏာတစ်ရပ် မဟုတ်သကဲ့သို့ ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးမှာလည်း ကုန်သွယ်မှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အရေးကြီးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ကောင်းမွန်သည့် လက္ခဏာတစ်ရပ် မဟုတ်သကဲ့သို့ ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးမှာလည်း ကုန်သွယ်မှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အရေးကြီးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 10 September 2019
စိုးမင်းထိုက်၊ စည်သူ

ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ကောင်းမွန်သည့် လက္ခဏာတစ်ရပ် မဟုတ်သကဲ့သို့ ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးမှာလည်း ကုန်သွယ်မှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အရေးကြီးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားခဲ့သည်။

စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြန်လည်ရှင်းလင်းစဉ် ဒုတိယဥက္ကဋ္ဌက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်မတိုင်မီ ကာလများတွင် အမေရိကန် တစ်ဒေါ်လာလျှင် ငါးကျပ်နှုန်းဖြင့် တရားဝင် လဲလှယ်နှုန်းအဖြစ် ထုတ်ပြန်ခဲ့ကြောင်း၊ တရားမဝင် ငွေလဲလှယ်နှုန်းတွင်မူ ကျပ် ၇၀၀၊ ကျပ် ၈၀၀ ဝန်းကျင်ခန့် ရှိခဲ့ကြောင်း၊ အချို့နှစ်များတွင် ကျပ် ၁၀၀၀ ကျော်သည်ကို တွေ့ရကြောင်း၊ ယင်းသို့ ငွေလဲလှယ်နှုန်း ကွာခြားချက် ကြီးမားလာမှုကို သင့်တော်သည့် နှုန်းထားတစ်ရပ် ပေါင်းစည်းမှု ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်မှစကာ (Managed Float Exchange Rate Regime)ကို ချမှတ် ဆောင်ရွက်ခဲ့ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက လွှတ်တော်၌ ပြောကြားခဲ့သည်။

“စျေးကွက်နဲ့ နီးစပ်တဲ့ ရည်ညွှန်း ငွေလဲလှယ်နှုန်း သတ်မှတ်ဖို့နဲ့ နိုင်ငံခြားငွေစျေးကွက်ကို ထိန်းကျောင်းနိုင်ဖို့အတွက် နိုင်ငံခြားငွေစျေးပြိုင် လေလံစနစ် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ကတော့  ဘဏ်တွေကနေပြီးတော့ နိုင်ငံခြားငွေစျေးပြိုင် လေလံတင်သွင်းတဲ့ ငွေလဲလှယ်နှုန်းတွေနဲ့ ပြည်တွင်းပြည်ပ ငွေလဲလှယ်နှုန်း ပြောင်းလဲမှု အခြေအနေတွေကို အခြေခံပြီးတော့ ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ထုတ်ပြန် ဆောင်ရွက်ခဲ့ပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ် မဟုတ်သလို ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးဟာလည်း ကုန်သွယ်မှုနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အရေးကြီးပါတယ်။ ထို့အတွက် Flexible Exchange Rate ဖြစ်ဖို့အတွက် စျေးကွက် အခြေပြုတဲ့ ငွေလဲလှယ်နှုန်း သတ်မှတ်နိုင်ဖို့ ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းကို နိုင်ငံခြားငွေ စျေးပြိုင်လေလံအပေါ် အခြေခံသတ်မှတ်ခြင်းထက် ဘဏ်အချင်းချင်း သတ်မှတ်စျေးကွက်မှာ Interbank Market မှာရှိတဲ့ ရောင်းဝယ်ဆောင်ရွက်တဲ့ ငွေလဲလှယ်နှုန်း ပမာဏအပေါ်မှာ အခြေပြု တွက်ချက်တဲ့ Weighted Average Exchange Rate နည်းလမ်းကို ပြောင်းလဲ သတ်မှတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကြီးမားစွာတက်ခြင်း၊ ကျခြင်းကို လျော့ပါးစေဖို့အတွက် စည်းမျဉ်းအခြေခံနဲ့ နိုင်ငံခြားငွေ ထိန်းကျောင်းဆောင်ရွက်မှုဘောင် (Rule-based Interventions Framework) ကို ချမှတ် ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

ထို့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းသည် သွင်းကုန် ပိုမိုတင်သွင်းလာသည့်အခြေအနေ ပေါ်တွင်လည်း မူတည်ကြောင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်ရေးသည် ပို့ကုန်ရ ငွေများ၊ အသုံးပြုပြီး ပြည်တွင်းကို အပြည့် အဝ မှန်ကန်စွာ ဝင်ရောက်ရေးသည် အဓိက ကျသည့်အချက်ဖြစ်ကြောင်း၊ ထို့အတွက် မြန် မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းသည် နိုင်ငံ၏ နိုင်ငံခြားသီးသန့်ရန်ပုံငွေပိုင်ဆိုင်မှု၊ စီးပွား ရေး၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ မေခရိုစီးပွားရေးအခြေအနေများ၊ အား ကောင်းခိုင်မာမှုအပေါ် များစွာမူတည်လျက် ရှိကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင မူဝါဒ ပိုင်းဆိုင်ရာများအား ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် အနာဂတ်ကာလ တွင် မူဝါဒအတိုးနှုန်းတစ်ရပ်ကိုသာ သတ် မှတ်မည်ဖြစ်ပြီး ဘဏ်များအနေဖြင့် မိမိမူဝါဒ အရ အတိုးနှုန်းများကို လွတ်လပ်စွာ သတ်မှတ်နိုင်မည့် အခြေအနေအထိ ရောက်ရှိအောင် အတိုးနှုန်းဖြေလျှော့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အကူအညီရ ယူကာ ဆောင်ရွက်လျက်ရှိကြောင်း ဦးစိုးမင်း က ပြောကြားခဲ့သည်။

ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးသည် ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကို စည်းမျဉ်းများ ချမှတ်ကာ ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

Most Read

Most Recent