ပြိုင်ဘက်တွေကို ဂိုးပြတ်အနိုင်ယူခဲ့ကြတဲ့ ပြင်သစ်နဲ့ ပေါ်တူဂီ

ပြိုင်ဘက်တွေကို ဂိုးပြတ်အနိုင်ယူခဲ့ကြတဲ့ ပြင်သစ်နဲ့ ပေါ်တူဂီ
Photos: Twitter
Photos: Twitter
Published 8 September 2019

ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာတော့ ပြင်သစ်က အိမ်ကွင်းမှာ အယ်လ်ဘေးနီးယားအသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပေါ်တူဂီအသင်းကတော့ ဆားဘီးယားအသင်းကို အဝေးကွင်းမှာ (၄-၂) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာတော့ ပြင်သစ်က အိမ်ကွင်းမှာ အယ်လ်ဘေးနီးယားအသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပေါ်တူဂီအသင်းကတော့ ဆားဘီးယားအသင်းကို အဝေးကွင်းမှာ (၄-၂) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ပြင်သစ်အသင်းရဲ့ ပွဲထွက်စာရင်းမှာ ဂျရူး၊ ဂရီးဇ်မန်း၊ ကိုးမန်း၊ လူမာ၊ တိုလစ်ဆို၊ ဗာရန်းတို့နဲ့ လူစုံခဲ့ပြီး ၄-၄-၁-၁ ပုံစံကို အသုံးပြုခဲ့ပါတယ်။ အယ်လ်ဘေးနီးယားကတော့ ၅-၄-၁ ပုံစံနဲ့ အဓိကကစားသမားတွေကို ပွဲထုတ်ခဲ့တာပါ။ 

ပြင်သစ်အသင်းဟာ ပွဲစကတည်းက ဂိုးရဖို့ ဖိကစားခဲ့ပြီး ပွဲချိန် (၈) မိနစ်မှာပဲ ကိုးမန်းက အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ ဂိုးရပြီးနောက်မှာလည်း ပြင်သစ်ကပဲ ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် (၂၇) မိနစ်မှာ ဂျရူးက ဒုတိယဦးဆောင်ဂိုး သွင်းပေးခဲ့ပြန်ပါတယ်။

ပထမပိုင်းမှာ (၂-၀) ဂိုးနဲ့ နိုင်နေပေမယ့် ဒုတိယပိုင်းမှာလည်း ပြင်သစ်အသင်း တိုက်စစ်ကိုမချဘဲ အကောင်းဆုံးကစားခဲ့ပါတယ်။ ပြင်သစ်အတွက် နောက်ထပ်အနိုင်ဂိုးတွေကို ပွဲချိန် (၆၈) မိနစ်မှာ ကိုးမန်းနဲ့ ပွဲချိန် (၈၅) မိနစ်မှာ အီကိုနီတို့က သွင်းယူခဲ့ပြီး အယ်လ်ဘေးနီးယားအတွက် ချေပဂိုးကိုတော့ ပွဲချိန် (၉၀) မိနစ်မှာ စီကယ်လ်လက်ဟီက ပယ်နယ်တီကနေ သွင်းယူခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် ပြင်သစ်အသင်းဟာ ယူရို-၂၀၂၀ ခြေစစ်ပွဲ အုပ်စု (H) မှာ (၅)ပွဲကစား၊ (၄)ပွဲနိုင်၊ (၁)ပွဲသရေ ရမှတ် (၁၂) မှတ်ရရှိကာ တူရကီ၊ အိုက်စလန်တို့နဲ့ ရမှတ်တူဖြစ်နေပေမယ့် ဂိုးကွာခြားချက်အသာနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

အုပ်စု (B) ပွဲစဉ်မှာတော့ ရှေ့(၂) ပွဲဆက် သရေကျထားတဲ့ ပေါ်တူဂီအသင်းက ဆားဘီးယားအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာပါ။ 

ပေါ်တူဂီအသင်းမှာ စီရော်နယ်လ်ဒို၊ ဘာနာဒိုဆေးလ်ဗား၊ ဂေဒက်စ်တို့ကို ပွဲထုတ်ခဲ့ပြီး လူငယ်ကစားသမား ယာအိုဖီးလစ်ကိုတော့ အရန်အဖြစ်သာ အသုံးပြုခဲ့ပါတယ်။ ဆားဘီးယားကလည်း ကိုလာရော့ဗ်၊ မီထရိုဗစ်၊ တာဒစ် စတဲ့ အဓိကကစားသမားအစုံအလင်နဲ့ ပေါ်တူဂီကို ရင်ဆိုင်ခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပေမယ့် မာကျောတဲ့ ဆားဘီးယားကို ပထမပိုင်းမှာ ထိုးဖောက်ရခက်ခဲပြီး ပွဲချိန် (၄၂) မိနစ်မှာ ပေါ်တူဂီတို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကို ကွင်းလယ်လူ ကာဗယ်လ်ဟိုက သွင်းယူပေးခဲ့တာပါ။

ပထမပိုင်းမှာ ပေါ်တူဂီတို့ (၁-၀) ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပေါ်တူဂီကပဲ ဖိကစားခဲ့ပါတယ်။ ပေါ်တူဂီအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၅၈) မိနစ်မှာ ဂေဒက်စ်က သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆားဘီးယားအသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၆၈) မိနစ်မှာတော့ တာဒစ်ရဲ့ ပေးပို့မှုကနေ

နီကိုလာမီလင်ကိုဗစ်က ပထမချေပဂိုး သွင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် မိနစ် (၈၀) မှာတော့ စီရော်နယ်လ်ဒိုက ဆားဘီးယားအသင်းရဲ့ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ပေါ်တူဂီအသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

(၃) ဂိုးရပြီးနောက်မှာတော့ ပေါ်တူဂီတို့ ကစားအားချခဲ့တာကြောင့် ဆားဘီးယားအသင်း အခွင့်အရေးတွေရခဲ့ပြီး ပွဲချိန် (၈၅) မိနစ်မှာ မီထရိုဗစ်က ခေါင်းတိုက်ပြီး ဆားဘီးယားအတွက် ဒုတိယချေပဂိုးရယူပေးခဲ့တာပါ။  ဒါပေမဲ့ မီထရိုဗစ် ဂိုးသွင်းပြီး (၁) မိနစ်အကြာမှာပဲ ဂယ်ဟေရိုရဲ့ ပေးပို့မှုကနေ ဘာနာဒိုဆေးလ်ဗားက ပေါ်တူဂီက စတုတ္ထဂိုးကို သွင်းပေးခဲ့ပြီး ပွဲအပြီးမှာတော့ ပေါ်တူဂီတို့ (၄-၂) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ ပေါ်တူဂီအတွက် ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး အုပ်စု (B) မှာ (၃)ပွဲကစား၊ (၁) ပွဲနိုင်၊ (၂)ပွဲသရေ ရမှတ် (၅) မှတ်နဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့် ထိပ်ဆုံးက (၅) ပွဲကစားပြီး (၁၃) မှတ်ရထားတဲ့ ယူကရိန်းအသင်းနဲ့ (၈)မှတ် ကွာဟနေသေးတာပါ။